menu

Friday 24 August 2012

တောင်ပြုန်း ...တောင်ပြုန်း ...ပွဲရတောင်ပြုန်း (စည်သူလွင်)


မင်းနှစ်ပါးအား ကန်တော့ပွဲပေးရန် ပြင်စင်နေသော မိန်းမလျာ တစ်ဦးကို တွေ့ရစဉ်။
ဓာတ်ပုံ - ဖြိုးဝေကျော်
ရွှေရောင်ဝင်းလက်တဲ့ နန်းဆောင်ထဲမှာ မိတ်ကပ်အဖွေးသား နတ်ဝတ် နတ်စား ခေါင်းပေါင်းအပြည့်အစုံနဲ့ ပ၀ါနှစ်စ ဘယ်ညာချကာ နတ်ဒိုး အလိုက် စည်း ချက်ညီ ကခုန်နေတဲ့ နတ်ကတော် တစ်ဦး။ သူ့လက် နှစ်ဘက်ထဲမှာ ကြက်ရုပ်ငယ် နဲ့ ငွေဖလားငယ်တစ်လုံးကို ကိုင်မြောက် ကာ ကကွက်အမျိုးမျိုးနဲ့ ကိုကြီးကျော် ကြက်တိုက်ဖို့ပြင်နေလေရဲ့။
မြင်နေရတာကတော့ မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း တောင် ပြုန်း ကျေးရွာက တောင်ပြုန်း မင်းနှစ်ပါးရှိရာ နန်းဆောင်အတွင်းက ကန့်သတ်နေရာ ဖြစ်ပါတယ်။ အပြင်နေရာလွတ်များမှာ ခြေချစရာမရှိ အောင် စည်းချက်နဲ့အညီ နတ်ဒိုးနဲ့ မမောနိုင် မပန်းနိုင် ကခုန်နေသူများ လည်း နန်းဆောင်အပြည့်။
အေဒီ ၁၀၄၄ ခုနှစ်မှာ ပုဂံခေတ် အနော်ရထာမင်းလက်ထက် တောင် ပြုန်းကျေးရွာမှာ ဘုရားတည်ဖို့ အတွက် မင်းကြီးကတပ်အတွင်းပါလာ သူများကို အုတ်တစ်ချပ်စီ လှူဒါန်းစေတယ်။ ပန်းဆက်သမား ဗျတ္တနဲ့ ပန်းစားဘီလူးမ မယ်ဝဏ္ဍ တို့ရဲ့သားများဖြစ်တဲ့ ရွှေဖျင်းကြီးနဲ့ ရွှေဖျင်လေးတို့ အပျော်အပါး ခုံမင်ပြီးအုတ်ချပ်တွေ လှူဖို့ပျက်ကွက်ခဲ့တာကြောင့် ကွက်မျက်ခံခဲ့ရပြီး နတ်စိမ်း တွေဖြစ်ကြပါတယ်။

အနော်ရထာမင်း ထံမှာသူတို့ စံမြန်းဖို့ နေရာတောင်းခံခဲ့ရာက တောင်ပြုန်းကို အပိုင်စားပေး လိုက်တယ်။ အဲဒီအချိန်ကစပြီး ရွှေဖျင်း ညီနောင် မင်းနှစ်ပါးကို ပူဇော်ပသခြင်း က ရှေးမြန်မာမင်းများ လက်ထက်မှသည် ယနေ့အချိန်ထိပင် ဖြစ်ခဲ့ရပြီ။ တောင်ပြုန်းဘုရား စတင်တည်ထားတဲ့ အချိန်မှ ယနေ့အချိန်ထိပင် ဘုရား ၀င်ပေါက်မှာ အုပ်နှစ်ချပ်လပ်နေတာကို ဘုရားဖူးလာရောက်သူများ စိတ်ဝင် တစားလေ့လာ ကြည့်ရှုကြရပါတယ်။ ဆိုင်ရာဆိုင်ရာ ဆွေစဉ်မျိုးဆက် အလိုက်မဖြစ်မနေလာကြ။
တောင်ပြုန်း မင်းနှစ်ပါးကိုပန်းဆက်ကြရ။ ကန်တော့ပွဲပေးကြတဲ့ အစဉ်အလာက ယုံကြည်သူတွေအဖို့ ဆက်လက် တည်ရှိနေမှာ ဖြစ်ပါ တယ်။ နတ်နန်းရှေ့တစ်ခုကို ရပ်လိုက်တာနဲ့ သွေးသားထဲက မမြင်နိုင်တဲ့၊ မသိနိုင်တဲ့ ဓာတ်တစ်ခုခုစီးဝင်သွားသလို ခံစားကြရပါတယ်။ နတ်ဒိုးတွေရဲ့ စီးချက်မှာ မိန်းမောပြီး ကချင်ခုန်ချင်လာတတ်ပါ တယ်။
မြန်မာပြည် အနယ်နယ်အရပ်က တောင်ပြုန်းပွဲတော်ကို ယုံကြည်မှုတွေနဲ့ လာရောက်ကြသလို နိုင်ငံရပ်ခြားရောက် ရှိနေသူတွေလည်း စီးပွားရေး ကောင်းဖို့၊ ရာထူးရာခံမြဲဖို့ မင်းနှစ်ပါးဆီကိုလာရောက် ခစားတတ်ကြပါတယ်။ စာရေးသူနဲ့ မိတ်ဆွေနှစ်ယောက်လည်း ပြီးခဲ့ တဲ့နှစ်က ဘယ်နေလိမ့်မလဲ တောင်ပြုန်းပွဲကို လှည်ယဉ်လေးနဲ့လည်း မသွားဘူး။ မီးရထားလေးနဲ့ လည်းမသွားဘူး။ မော်တော်ကား လေးနဲ့လည်း မသွားဘူး။
ခေတ်အမီဆုံးနဲ့ အမြန်ဆုံး မင်းနှစ်ပါးဆီရောက်အောင် မော်တော်ဆိုင်ကယ်လေးတွေ ခွပြီးပဲသွားခဲ့လိုက်တယ်။ တောင်ပြုန်းကို ခဏ ခဏရောက်ဖူးသူစာရေးသူအဖို့ အားလုံးက အဆန်း မဟုတ်တော့။ မိတ်ဆွေနှစ် ယောက်မှာတော့ အဆန်းတွေဖြစ်ရပြီ။ သူတို့ အတွက် အားလုံးက စိတ်ဝင်စားစရာ တွေဖြစ်နေလေပြီ။ နန်းတစ်နန်းအရောက် မိတ်ဆွေ အစ်ကိုတစ်ယောက် ပါလာတဲ့ ကင်မရာ ခလုတ်ပေါ် က လက်ညှိုးကို မခွာစတမ်း၊ ကင်မရာချောင်းကြည့်ပေါက်နဲ့ မျက်စိနဲ့ မလွတ်စတမ်း နတ်ပူးနေသူတစ်ဦးကို အပြင်းစားရိုက်ချက်တွေနဲ့ ရိုက်နေပါတယ်။
ကနေသူရဲ့ ကကြိုးကဟန်တွေက လွန်စွာမှ ညက်ညောညင်သာလှတယ်။ အသားအရည် ခန္ဓာကိုယ်အချိုးအစား ကကွက် သွယ်လျ ပြည့်တင်းလို့ မျက်နှာ ကလေးက ပြစ်မျိုးမှည့်မထင်လှလွန်းပေစွ။ မိတ်ဆွေ အစ်ကိုတော်နှစ်ဦး ငြင်းချက် ထုတ်နေကြ၊ ဝေခွဲမရဖြစ် နေကြပြီ။ အစစ်၊ အတုပေါ့။ အမှန်က သာမန်မိန်းမသား တွေပင် ငေးကြည့်နေရမည့် အချော အလှပဂေး မိန်းမလျာလေးပါလေ။
တောင်ပြုန်းပွဲတော်ကြီးက နှစ်စဉ် ၀ါခေါင်လဆန်း ၁၀ ရက်မှ လပြည့် ကျော် ၁ ရက်နေ့ ထိကျင်းပတယ်သာပြောတာ ၀ါခေါင်လ ဆန်း ၁၀ ရက်နေ့မတိုင်ခင် ကတည်းက တောင်ပြုန်းမှာ နယ်လှည့် ဈေးသည်တွေ၊ ရုပ်ရှင်ရုံတွေ ၊ဆပ်ကပ် အဖွဲ့တွေ၊မျက်လှည့် အဖွဲ့တွေ၊ ချားရ ဟတ်တွေနဲ့ ကြိုတင် စည်ကားနေသလို မိန်းမလျာတွေ တင်ဆက်ကပြတဲ့ မိုး ကြိုးငှက်ငယ်လေးများ အဖွဲ့တွေနဲ့ စည်ကားနေ လေရဲ့။ ပွဲတော်ရက်အတွင်း တောင်ပြုန်း နည်းတူ စည်ကားနေတဲ့ နေရာတစ်ခုက ကျုံးရှေ့တောင်ထောင့်က ဆီဒိုးနား ဟိုတယ်ရှေ့မှာ ဖြစ်ပါတယ်။ ထိုနေရာက မိန်းမလျာတွေအတွက် စုရပ်တစ်ခုလို ဖြစ်နေလေ။
ပွဲတော်ရက်မှာ မိန်းမလျာတွေအတွက်ကျန်းမာရေးစောင့်ရှောက်မှု အပြင်ပွဲတော်မှာ သူငယ်တွေနဲ့ပျော်မြူးဖို့ကို ကျန်းမာရေးအထောက် အကူပြု အသုံးဆောင်ပစ္စည်းတွေကို အင်န်ဂျီအို အဖွဲ့အစည်းတွေက ပေးဝေကြ၊ လက်ကမ်းစာစောင်တွေပေးကြ၊ တိုင်ပင်ဆွေးနွေး ကြတာတွေ ပြုလုပ်ပေးတဲ့ ပွဲလည်း ဖြစ်နေပါပြီ။ တောင်ပြုန်း ပွဲတော် ရက်တွေက သူ့အဓိပ္ပာယ်တွေနဲ့သူ အများကြီးရှိနေလေရဲ့။ ညီလာခံတယ်။ ချိုးရေတော်သုံးတယ်။ ယုန်ကြိုတယ်။ ထိန်ပင်ခုတ်တာနဲ့ ဆွမ်းကြီးလောင်းတာနဲ့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
ဝါခေါင်လဆန်း ၁၀ ရက်နေ့ ညနေခင်းမှာ တောင်ပြုန်းပွဲတော်ရဲ့ အစရက် မှာ ညီလာခံကျင်းပကြပါတယ်။ ညီလာခံဆိုတာကနတ်အုပ် နဲ့ အမတ်ချုပ် ဦးဆောင်တဲ့ အမတ်ကြီးတွေ၊ သိုးဆောင်း မိဖုရားကြီးတွေ၊ ရိုးရာအစဉ် အလာ ဗောင်းဆောင်း၊ နားတောင်းနဲ့ ကာလာ ၀တ်စုံကြီးတွေ ၀တ်ပြီး ကန်တော့ ပွဲပေးကြ၊ မင်းနှစ်ပါး နန်းဆောင်ပေါ်မှာ အတွင်းအပြင် ၃၇ မင်း နတ်တွေကို ပူဇော်ပသကြပါတယ်။ ၀ါခေါင်လဆန်း ၁၁ ရက်နေ့ကတော့ ပွဲတော်ရက်တွင်းမှာ ကြိတ်ကြိတ်တိုး အစည်ကားဆုံးဖြစ်ပြီး မိန်းမလျာတွေ အတွက် ပျော်မြူးဆုံး အချိန်ပေါ့။ မင်းနှစ်ပါး ချိုးရေတော်သုံးတဲ့နေ့ပေါ့။
ယခင်ခေတ်အချိန်အခါကတော့ ဧရာဝတီမြစ်လယ်အထိ မင်းနှစ်ပါး ရေချိုးဆင်း ကြတယ်။ ပြောင်းလဲလာတဲ့ ခေတ်အခါအရ မင်းနှစ်ပါး လည်း အဆင့်မြင့်ပြီး နန်းကြီးနဲ့ မျက်နှာချင်းဆိုင်အဆောင် (ထီးဖြူရုံ)တွင်းက ရေကန်အတွင်း မှာ အခြွေအရံတွေ၊ အမွှေးနံ့သာ တွေနဲ့ ခမ်းခမ်းနားနား ချိုးရေတော် သုံးနေကြလေပြီ။ မင်းနှစ်ပါး ချိုးရေတော်သုံးပြီးပါက တောင်ပြုန်း ဘုရားကို ဦးတိုက်ကန်တော့ ကာ စံမြန်းရာနတ်နန်းအတွင်း ကြွချီ ရပြန်ပါတယ်။
၁၂ ရက်နေ့ကတော့ မင်းနှစ်ပါးဆွေ တော်မျိုးတော်တွေက မင်းနှစ်ပါးကိုကန်တော့ပွဲထိုး၊ ပန်းဆက်ခြင်းတွေကို မပျက်မကွက် ပြုလုပ် ကြရပါတယ်။ ၁၃ ရက်နေ့ကတော့ ရိုးရာအစဉ် အလာအရ ယုန်ကြိုပွဲပြုလုပ်ရတာပေါ့။ ယုန်ကောင်နဲ့ ထန်းရည်အိုးကို ထမ်းကာ ဘုရား ကို ခုနစ်ခါဦးတိုက်ပြီး နန်းကြီးကို ခုနစ်ပတ်ပတ်ရသတဲ့။ ရိုးရာဓလေ့ပေါ့။ ၁၄ ရက်နဲ့ ၁၅ ရက်တွေကတော့ ထိန်ပင်ခုတ်သတဲ့။ နတ်ကိုး ကွယ်မှု ယုံ ကြည်သူတွေက ထိန်ခုတ်ရာကရလာတဲ့ ထိန်သားကို ဆောင်ပါက စီးပွား ဥစ္စာတိုး တယ်ဆိုတဲ့ အယူတွေနဲ့ ထိန်သားကို လုကြရပြန်ရော။
လပြည့်ကျော် ၁ ရက်နေ့ကတော့ မင်းနှစ်ပါးကို ရွှေဘုံဆင်း(ရွှေကပ်)ကာ သံဃာတော်တွေကို ဆွမ်းဆက်ကပ် လှူဒါန်းကြပါတယ်။ တောင်ပြုန်းပွဲတော်မှာ နတ်နန်းပေါင်း အမြောက်အမြားရှိတယ်။ တချို့နတ်နန်း တွေက ကိုယ်ပိုင် ဆိုင်းဝိုင်းတွေနဲ့ ကခုန် ပူဇော်ကြ တယ်။ တချို့ကတော့ မင်းနှစ် ပါးနတ်နန်းကိုသွားကကြတယ်။ ပူဇော် ပသရာ မင်းနှစ်ပါးအပါအ၀င်အတွင်း ၃၇ မင်း၊အပြင် ၃၇ မင်းများကိုပါ အားလုံး ပူဇော်ကြရသတဲ့။
မင်းနှစ်ပါး ချိုးရေတော်သုံးတဲ့နေ့ မွန်းလွဲပိုင်းကစကာ တခြားနတ်နန်းတွေ တီးမှုတ်ကြရ၊ ကခုန်ကြရ။ပူဇော်ကြရသတဲ့။ တခြားနတ်နန်း က နတ်ကတော်က နန်းကြီးဆိုင်းဝိုင်းနဲ့ မင်းနှစ်ပါးကို ပူဇော် ချင်ပါက မင်းနှစ်ပါးရဲ့ ရွှေတိုက် စာရင်း ၀င်မှ ကခွင့်ရပြန်တယ်။ အလှူငွေ အား ဖြင့် တစ်သိန်းတစ်သောင်း၊ ပူဇော်ခွင့် အချိန် ၁၅ မိနစ်တည်းသာ။
ခေတ် ပြောင်းလဲလာတယ်၊ လူဦးရေ တိုးတက်လာတယ်၊ မိန်းမလျာတွေလည်း များပြားလာတယ်။ အခုဆိုရင် တောင်ပြုန်းပွဲကို မိန်းမ လျာပွဲလို့ အမည်ပြောင်း လည်း ခေါ်ဆိုနေကြပေါ့။ နတ်ကိုး ကွယ်မှုကို အပြင်းအထန် ဆန့်ကျင်သူ တွေရှိခဲ့ပေမယ့်လည်း တောင်ပြုန်း ပွဲတော်ကြီးက နှစ်စဉ်ကျင်းပ နေမြဲ။
ကမ္ဘာ့စီးပွားပျက်တဲ့နှစ်မှာလည်း မြန်မာနိုင်ငံက တောင်ပြုန်းပွဲဖြစ်မြဲ။တိုင်းပြည် အုပ်ချုပ်မှုအခြေအနေ ပြောင်းလဲခဲ့တဲ့ နှစ်တွေမှာ လည်း နတ်ကတော်များ အပြုံးအပျော်တွေနဲ့ အကမပျက်။ဘယ်လိုအချိန်အခါပဲ ရောက်ရောက် ယုံကြည်သူတွေအဖို့ တောင်ပြုန်းပွဲ တော် ဆိုတာ မိန်းမလျာပွဲမဟုတ် မင်းနှစ်ပါးကို ယုံ ကြည်မှု နဲ့ရိုးရာပူဇော်ပတဲ့ပွဲလို့ပြောရင် မှားနိုင်မယ်မထင်ပါဘူး။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis