menu

Friday 24 August 2012

'ထာဝရမန္တလေး' မြန်မာဇာတ်လမ်းတွဲ လာမယ့်တောင်ပြုန်းပွဲတော်တွင် စတင်ရိုက်ကူးသွားမည်


သြဂုတ်လ ၁၆ ရက်နေ့က ပါ့ခ်ရွိုင်ရယ်ဟိုတယ်တွင် ကျင်းပခဲ့တဲ့ ဇာတ်လမ်းတွဲကန်တော့ပွဲပေးအခမ်းအနားတွင် သရုပ်ဆောင်သစ် များ မိတ်ဆက်နေကြစဉ်။
ဓာတ်ပုံ - ငြိမ်းအိအိထွေး
ထိုင်းနိုင်ငံ အခြေစိုက်ရုပ်သံလွှင့်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ BEC-TERO နဲ့ မြန်မာ နိုင်ငံမှ Forever ကုမ္ပဏီတို့ ပူးပေါင်း စီစဉ်တင်ဆက်တဲ့ မြန်မာ ရုပ်သံဇာတ် လမ်းတွဲ 'ထာဝရမန္တလေး' (Forever Mandalay) ကို ဩဂုတ်လ ၂၈ ရက်နေ့ မှာ တောင်ပြုန်းပွဲတော် (ချိုးရေတော်သုံးပွဲနေ့) မှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအဖြစ် အကယ်ဒမီငြိမ်းမင်းက ရိုက်ကူး ပုံဖော် မှာ ဖြစ်ပြီး ၀ါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီနေအောင်၊ မို့မို့မြင့်အောင်၊ မေသန်းနုနဲ့ မေသဉ္ဇာဦးတို့က ဦးဆောင်ပြီး Forever BEC-TERO မှရွေးချယ် ထားတဲ့ မျက်နှာသစ် သရုပ်ဆောင်လေး တွေ ပါဝင်ကြမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအပိုင်း ၃၀ ရှိပြီး ရိုက်ကူးချိန် လေးလကြာမြင့်မှာ ဖြစ်ပါတယ်။
ဇာတ်လမ်းတွဲရဲ့ အဓိက ရိုက်ကွင်းတွေကို မန္တလေးမြို့နဲ့ အနီးဝန်းကျင် နေရာ များ၊ တောင်ပြုန်းပွဲတော်၊ မင်းကွန်း၊ စစ်ကိုင်း၊ အင်းဝ၊ ပုဂံ စတဲ့ အထင်ကရနေရာတွေမှာ ရိုက်ကူးသွားမှာဖြစ်ပြီး နာမည်ကျော် ဘုရား ပွဲ တော်တွေရဲ့ ပုံရိပ်တွေကို ရိုက်ကူးသွားမယ်လို့ ဦးငြိမ်းမင်းက ပြော ပါတယ်။

ဇာတ်ရဲ့သုံးပုံတစ်ပုံကိုတော့ ထိုင်း နိုင်ငံ၊ ဘန်ကောက်မြို့မှာ ရိုက်ကူးသွား မှာဖြစ်တာကြောင့် ရိုက်ကွင်းတွေအတွက် ပြင်ဆင်နေတယ် လို့ ဆိုပါတယ်။
"ကျွန်တော်တို့ဘက်က အကောင်း ဆုံးဖြစ်အောင် ရိုက်ကူးတင်ဆက်သွား မှာပါ။ ပရိသတ်လက်ခံတာ၊ မြန်မာဇာတ်လမ်းတွဲတွေကို ထိုးဖောက်တာက တစ်ပိုင်းပေါ့။ အရင်ဆုံး ကိုယ့်ဘက်က ကြိုးစားနေဖို့သာ အဓိကပါ။ အနုပညာ ဆိုတာ ပရိသတ်ကို ပိုက်ဆံနဲ့လည်း ပေးဝယ်လို့မရပါဘူး။ ပရိသတ်ကကြိုက် ရင်ကြိုက်မယ်၊ မကြိုက်ရင်လည်း ကိုယ် ထပ်ကြိုးစားရမယ်ဆိုတဲ့ အချက်ကို လက်ခံထား ပါတယ်"လို့ ဦးငြိမ်းမင်းက ပြောပါတယ်။
ပထမဆုံးအကြိမ်အဖြစ် ဇာတ်လမ်း တွဲတစ်ခုလုံးကို ဒါရိုက်တာအဖြစ် ပုံဖော် ရိုက်ကူးပေးမယ့် ဦးငြိမ်းမင်းက ဒီဇာတ် လမ်းတွဲအတွက် ဇာတ်ညွှန်းကို လွန်ခဲ့တဲ့ ခြောက်လကတည်းက ရေးသားပြီးစီးခဲ့ တာဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကိုတော့ BEC-TERO ကုမ္ပဏီက ထိုင်း လူမျိုး ဒါရိုက်တာတစ်ယောက်က ပေးခဲ့တာလို့ ဆိုပါတယ်။
"ဇာတ်လမ်းကို အရမ်းချစ်ခဲ့ကြပြီး အထင်လွဲရာက ကွဲကွာသွားတဲ့ လူကြီး တွေနဲ့ အခုနောက်ပိုင်းနည်းပညာတွေရဲ့ စိန်ခေါ်မှုကြောင့် အချစ်ကို ဦးစားမပေး နိုင်တဲ့ လူငယ်တွေရဲ့ အချစ်အပေါ်ခံစား မှုကွာဟချက်တွေကို တင်ပြထားတာပါ။ ဟိုးတုန်းကလူငယ်တွေက အချစ်ကို အရူးအမူးဖြစ်ခဲ့ကြပေမယ့် အခုလူငယ် တွေကိုကြည့်လိုက်ရင် အလုပ်တွေများ ပြီး အချစ်အတွက် အချိန်မပေးနိုင်တော့ဘူး။ ဒါပေမယ့် သူတို့မှာလည်း အချစ် ရှိပါတယ်။ ဒါကို ပြချင်တာပါ" လို့ ဦးငြိမ်းမင်းက ဇာတ်လမ်းအကျဉ်းကို ပြောပြပါတယ်။
မြန်မာလူမျိုးတွေရဲ့ ယုံကြည်ကိုးကွယ်မှုနဲ့ပွဲတော်တွေအကြောင်း၊ ဘုရင့်မျိုးနွယ်တော်ဝင်မိသားစုတွေ၊ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု တွေကို တင်ဆက်သွား မယ်လို့လည်း ဆိုပါတယ်။
"တစ်ကမ္ဘာလုံးမှာ အလွန်ယဉ်ကျေး လှပါတယ်ဆိုတဲ့ မြန်မာလူမျိုးတွေထဲ မှာတောင် ဘာအကျိုးမှ မမျှော်လင့်ဘဲ ကူညီတတ်သူတွေ ရှိသလို ဆိုင်ကယ်နဲ့ တိုက်မိတာတောင် မသိချင်ယောင်ဆောင်ပြီး ထွက်ပြေးတဲ့သူမျိုးတွေလည်း ရှိတယ်ဆိုတာမျှပြမှာပါ။ ဇာတ်ကကြီး တော့ ရေးရတာ ပင်ပန်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကြိုးစားမှုကို လက်ခံ ထုတ်လုပ်ပေးတဲ့သူတွေနဲ့ အားပေးမယ့် ပရိသတ်ကို တော့ ကျေးဇူးတင်ပါတယ်"လို့ ဦးငြိမ်းမင်းက ပြောပါတယ်။
အချစ်တစ်ခုတည်းကိုပဲ အသားပေး ရိုက်ကူးတင်ဆက်မှာမဟုတ်ဘဲ စိတ်လှုပ် ရှားစရာတွေ၊ ဟာသနဲ့ ဖိုက်တင်ခန်းတွေကို သူ့နေရာ နဲ့သူ ထည့်သွင်းရိုက်ကူး မှာဖြစ်တယ်လို့ ဆိုပါတယ်။ မျက်နှာသစ်သရုပ်ဆောင်တွေကို လည်း ၀ါရင့်သရုပ်ဆောင်တွေနဲ့အတူ သုံးလ ကြာ လေ့ကျင့်သင်ကြားပေးထား တယ်လို့ ဆိုပါတယ်။ အဲဒီအတွက် ၂၀၁၂ ခုနှစ်၊ ဧပြီလမှာ ဒီမြန်မာဇာတ်လမ်းတွဲအတွက် သရုပ် ဆောင်သစ်တွေကို MRTV-4 မှတစ်ဆင့် လျှောက်လွှာခေါ်ယူခဲ့ပြီး အဆင့်ဆင့် စစ်ဆေးကာ နောက်ဆုံး ဆန်ခါတင် အယောက် ၂၀ ကို ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်တွေက သင်တန်းပေး လေ့ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။
"လေ့ကျင့်နေတဲ့ ကာလတစ်လျှောက် လုံးမှာ ဘယ်သူက ဘယ်နေရာမှာ သရုပ် ဆောင်ရမယ်ဆိုတာ မသိခဲ့ပါဘူး။ နောက်ဆုံးမှ ကိုယ် နဲ့ သင့်တော်မယ်ထင် တဲ့နေရာတွေကို ရွေးပေးပြီး ကိုယ့်နေရာ အတွက်လည်း ကျေနပ်ပါတယ်။ ကိုယ့်ရဲ့ ကြိုးစားမှုကနေ ရလာတဲ့ ရလဒ်ပါပဲ" လို့ ဇာတ်လမ်းတွဲထဲမှာ မခင်နှင်းဆီ ဇာတ်ကောင်အဖြစ် သရုပ်ဆောင်မယ့် မေမီကျော်ကျော်က ပြောပါတယ်။
၂၀၁၁ခုနှစ်ရဲ့ Miss Christmas ဆု ရှင် မေမီကျော်ကျော်အတွက် ပထမဆုံး သရုပ်ဆောင်ရတဲ့ ဇာတ်ကားဖြစ်ပေမယ့် စိတ်ဖိစီးမှုတွေ မရှိဘဲ ၀ါရင့်သရုပ်ဆောင် တွေက လက်တွဲခေါ်တဲ့အတွက် ကျေးဇူး တင်တယ်လို့ ဆိုပါတယ်။
"၀ါရင့်သရုပ်ဆောင်ကြီးတွေဆိုပေမယ့် မာနမရှိပဲ သမီးတို့ကိုသင်ပေးပါတယ်။ ကိုယ့်ရိုက်ကူးရေးမရှိလည်း သူတို့ရိုက်ကွင်းမှာ လေ့လာ နိုင်တော့ အဆင်ပြေတယ်။ ဒီဇာတ်ကားမှာ တော်ဝင်မိသားစုတစ်ခုက ဆင်းသက်လာတဲ့ သက်တော်စောင့်တွေ အများကြီး နဲ့ မခင်နှင်း ဆီဆိုတဲ့ ဇာတ်ရုပ်ကို ပီပြင် အောင်ကြိုးစားပြီး သရုပ်ဆောင်သွားမှာပါ။ မခင်နှင်းဆီရဲ့ အသက်ကြီးပိုင်းကို တော့ အန်တီမို့မို့မြင့်အောင် က သရုပ် ဆောင်မှာပါ"လို့ မေမီကျော်ကျော်က ပြောပါတယ်။
ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင် က 'ထာဝရမန္တလေး' ဇာတ်လမ်းတွဲမှာ အောက်ပိုင်းသေနေတဲ့ ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးကြီး အဖြစ် သရုပ်ဆောင်ရ မှာဖြစ်ပြီး သရုပ်ဆောင်သစ်တွေကို လက်တွဲသင်ပြသွားမယ်လို့ဆိုပါတယ်။
"ဇာတ်လမ်းတွဲတစ်ခုဆိုတာ ရုပ်ရှင် လိုမဟုတ်ပါဘူး။ ဇာတ်ရှိန်မြင့်တဲ့ နေရာတစ်ခုတည်း ပရိသတ်ကို ဖမ်းစားဖို့ မဟုတ်ဘဲ ဒီတစ်ပိုင်း ပြီးရင် နောက်တစ်ပိုင်းက ဘာလာမလဲဆိုပြီး စိတ်ဝင်စားအောင် ဇာတ်လမ်းတွဲတစ်ခုလုံး အဆုံးထိ ကြိုးစားတင်ဆက်ရတာပါ။ ဒါ ကြောင့် တစ်ဦးတစ်ယောက်တည်း တော်နေလို့ မရဘဲ ဇာတ်လမ်းတွဲမှာ ပါဝင်မယ့်သူတွေ အကုန်လုံး အစွမ်းကုန်ကြိုးစားဖို့ လိုအပ် ပါတယ်"လို့ မို့မို့မြင့်အောင်က ပြောပါ တယ်။
'ထာဝရမန္တလေး' ဇာတ်လမ်းတွဲဟာ မို့မို့မြင့်အောင်အတွက် ဒုတိယအကြိမ် ရိုက်ကူးရတဲ့ မြန်မာဇာတ်လမ်းတွဲဖြစ်ပြီး ၁၉၉၆ ခုနှစ်က ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်တို့ရိုက်ကူးတဲ့ မြန်မာဇာတ် လမ်းတွဲမှာ ကျော်သူ၊ ရာဇာနေ၀င်းတို့ နဲ့အတူ နှစ်ကိုယ်ခွဲသရုပ်ဆောင် ခဲ့ဖူး တယ်လို့ ပြောပြပါတယ်။
"အဲဒီဇာတ်လမ်းတွဲက ၄၁၄ ဆင်းန် တောင် ရှိတာဆိုတော့ တော်တော်ကို ရိုက်ယူရတာပါ။ ဒါပေမယ့် ဘာဖြစ်လို့ မထွက်လာလဲဆိုတာ မသိပါဘူး။ အဲဒီ အတွက်လည်း ထုတ်လုပ်သူရော၊ ကြိုးစားခဲ့ကြတဲ့ အနုပညာရှင်တွေအတွက် ရော အရမ်းနှမြောမိပါတယ်။ အဲဒီအချိန် က ကိုရီးယားဇာတ်လမ်းတွဲတွေ မြန်မာ နိုင်ငံမှာ ခေတ်မစားသေးခင်ဆိုတော့ ကိုယ့်ဘက်က ပိုစောနေတာပေါ့နော်"လို့ မို့မို့မြင့်အောင် က ပြောပါတယ်။
'ထာဝရ မန္တလေး' မြန်မာဇာတ်လမ်း တွဲကို ၂၀၁၃ ခုနှစ်အစောပိုင်းမှာ MRTV-4 နဲ့ ဆက်စပ်ရုပ်သံလိုင်းတွေ ကတစ်ဆင့် ထုတ်လွှင့် ပြသသွားမှာ ဖြစ်သလို အောင်မြင်မှုရရှိတယ်ဆိုရင် ထိုင်းနိုင်ငံမှာရှိတဲ့ ရုပ်သံလိုင်းတွေက တစ်ဆင့်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis