menu

Friday 24 August 2012

အစဉ်အလာကျောင်းများကို အသွင်ပြောင်းခြင်း(တင်ညွန့်)

နည်းပညာခေတ်မှာ စာသင်ကျောင်းတွေကို  အသွင်ပြောင်းဖို့ လိုလာပြီ။ စာသင်ခန်းတွေကိုလည်း နည်းပညာ ပစ္စည်းတွေ အလျှံပယ်သုံး၊ ဆရာနဲ့ ကျောင်းသားတွေကလည်း နည်းပညာတွေကို ကျွမ်းကျင်စွာ သုံးနိုင်လောက်တဲ့ အဆင့်တွေ ရှိနေကြတာဟာ အနာဂတ်ပညာရေးလို့ ပြောနိုင်ပါလိမ့်မယ်။
ရှေးဟောင်းဂရိနဲ့ ရောမခေတ်တွေက အသိပညာကို ပညာရှင်တွေက ဈေးလို လူစည်ကားတဲ့ နေရာတွေမှာ ပေးကြတယ်။ ပညာလိုချင်သူတွေ၊ ရှာမှီးချင်သူတွေဟာ ပညာရှင်တွေ ဟောပြောဆွေးနွေးမယ့် နေရာကို လိုက်ရှာပြီး သူတို့ပြောတာတွေကို နားနဲ့ပဲ နာကြား၊ ပညာ ယူသွားကြတာများတယ်။
ဒီခေတ်က အိုင်စီတီအကြောင်းတွေ ပြောကြတယ်။ အွန်လိုင်းတွေ၊ အင်တာနက်တွေ၊ ဆိုရှယ်ကွန်ရက်တွေ အကြောင်း အများကြီး ပြောလာကြ တယ်။ အွန်လိုင်းပညာရေးဆိုပြီး အလေးတယူ ဆွေးနွေးလာကြတယ်။ ပညာရေးဆိုတာ ကျောင်းရှိမှ ဖြစ်နိုင်တာ မဟုတ်ဘူးဆိုတာကို လက်ခံ လာကြတယ်။ ကျောင်းမဲ့ပညာရေး၊ ဖတ်စာအုပ်မဲ့ ပညာရေး၊ စာရွက်မဲ့ ပညာရေးဆိုတာတွေကို ပညာခေတ်ရဲ့ တော်လှန်ရေး တပ်လှန်သံတွေ အနေနဲ့ လှုံ့ဆော်လာနေကြတယ်။


နည်းပညာကို ဖက်တွယ်မှီခိုလာကြတဲ့ ခေတ်ဆိုတော့ ပညာရေး မှာလည်း အသွင်ပြောင်းလဲမှုတွေ အများကြီး လုပ်လာကြတယ်။ စီးပွားရေးနဲ့ လုပ်ငန်းလိုအပ်ချက်အရ သတ်မှတ်ထားသော ပညာရေး ဆိုတာတွေ စီစဉ်လာ ကြတယ်။ ကြော်ငြာအေဂျင်စီတွေ ဝင်လာတယ်။ လှုံ့ဆော်မှုတွေနဲ့ ပညာရေးကို  ဆွဲဆောင်လာကြတယ်။ အဆောက် အအုံ၊ စာသင်ခန်းတွေကို အသွင်ပြောင်း၊ စနစ်ပြောင်း၊ ပုံစံပြောင်းတွေ လုပ်လာကြတယ်။  ဆော့ဖ်ဝဲ ကုမ္ပဏီတွေကလည်း ပရိုဂရမ်အသစ်တွေ တင်ပြပြီး ကျောင်းတွေမှာ တပ်ဆင် သုံးစွဲနိုင်အောင် ပြင်ဆင်ကြ တယ်။ ဟာ့ဒ်ဝဲ ကုမ္ပဏီ တွေနဲ့ အစိုးရတွေကလည်း ကျောင်းသားတိုင်း ပညာ သင်ယူရေးမှာ မရှိမဖြစ် ဟာ့ဒ်ဝဲတွေကို ကျောင်းကို ပါလာနိုင်အောင် ကြံဆောင်ကြတယ်။ အဲဒါတွေဟာ ခေတ်သစ်ပညာရေးရဲ့ ပုံရိပ်တွေပါ။
ကျောင်းနဲ့ မတူတဲ့ကျောင်း
ကျောင်းနဲ့တူသော ကျောင်း၊ ဆရာနဲ့တူသော ဆရာဖြစ်ရေးကို မြန်မာ့ပညာရေးမှာ အရမ်းအော်ကြတယ်။ ကျောင်းနဲ့တူသော ကျောင်းဆိုတာ ဘာလဲ။ နံရံလေးဘက် ကာထားတဲ့ အုတ်တံတိုင်းထဲမှာ ငြိမ်းချမ်းစွာ ပညာ သင်ကြားနေကြတာကို ပြောတာလား။ ဆရာနဲ့တူသော ဆရာ ဆိုတာလည်း အချိန်တန်ကျောင်းလာ၊ သတ်မှတ်တာ သင်၊ အချိန်ကုန် အိမ်ပြန်၊ စက်ရုပ်ဆန်ဆန်တွေကို ဆရာလို့ ခေါ်ပါသလား။
ကမ္ဘာ့ထိပ်တန်း ဖင်လန်နိုင်ငံပညာရေး စနစ်မှာတောင် စာသင်ခန်းပြင်ပ သင်္ချာသင်ကြားရေးဆိုတာတွေ လုပ်နေ ကြတယ်။ ကျောင်းစာသင်ခန်း ကျောက်သင်ပုန်းပေါ်မှာ ကိန်းဂဏန်းတွေကို တွက်ချက်ရေးပြတာထက် အပြင်ကို ကလေးတွေခေါ်ပြီး၊ စမ်းချောင်းထဲက ကျောက်တုံးလေးတွေ ကို အရေအတွက်နဲ့ ကောက်ခိုင်းတာ။ ပန်းလေးတွေကို အရေအတွက်နဲ့ ခူးခိုင်း၊ ပေးခိုင်းပြီး အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစားတွေ သင်နေ တာ၊ လက်တွေ့ ပေကြိုးတွေနဲ့ တိုင်းတာခိုင်းနေတာတွေကို ကျောင်းနဲ့ မတူသော ကျောင်းလို့ ပြောနိုင်ပါတယ်။
ဗ်ီဒီယို မှတ်တမ်းတစ်ခု ကြည့်လိုက်ရပါတယ်။ အလယ်တန်းကျောင်း တစ်ကျောင်းမှာ သိပ္ပံသင်ကြားမှုတဲ့။ စာသင်ခန်းကလည်း ကျောင်းသား ၂၅ ယောက်လောက်ပဲ ရှိမယ်။  သိပ္ပံကို ပရောဂျက်ဆိုပြီး လုပ်နေကြတာ။ အားလုံး လက်ပ်တော့ကွန်ပျူတာ ကိုယ်စီနဲ့။ သူတို့ ပရောဂျက်နဲ့ ဆက်နွယ်သော လေ့လာမှု အထောက်အကူပြု ဆိုတာ Wiki လို့ပြောထားတယ်။ တစ်နည်းပြောရရင် တစ်တန်းလုံး ပရောဂျက်ကို Wiki ဆိုတဲ့ အွန်လိုင်း စွယ်စုံကျမ်းကို အခြေခံပြီး လုပ်နေကြတယ်။
သူတို့ YouTube ကိုသွားပြီးတော့လည်း ဗီဒီယိုလက်တွေ့ စမ်းသပ်မှုတွေ သွားလေ့လာတယ်။ သိပ္ပံနဲ့ဆိုင်တဲ့ အကြောင်းအရာတွေ၊ ပုံတွေ၊ စာတွေကို download တွေချတယ်။ ကိုယ့်ပရောဂျက်ရဲ့ လိုအပ်တဲ့နေရာတွေမှာ အစားထိုး ထည့်သုံးတယ်။
တစ်ခန်းလုံး လှုပ်ရှားသွက်လက် စိတ်အားတွေ ထက်သန်ပြီးနေကြတယ်။ ဆရာကိုလည်း မတွေ့ရဘူး။ အချင်းချင်း အပြန်အလှန်မေးတယ်။ ဆူညံနေတယ်။ ပြေးပြီး ကွန်ပျူတာမှာ အလုပ်ရှုပ်နေကြတယ်။ ဆရာက ဒီပရောဂျက်ကို ဘယ်အချိန်အတွင်း ပြီးအောင်လုပ်တင်ကြလို့ ပြောသွားတယ်။ ပရောဂျက်ကို ပြီးတဲ့အဖွဲ့တွေက  slide show တွေနဲ့ ပြန်ကြည့်ကြတယ်။ ကျောင်းသား ၂၅ ယောက်၊ ပရောဂျက် ခေါင်းစဉ် ၅ ခု၊ အဖွဲ့ ၅ ဖွဲ့၊ တစ်ဖွဲ့ ၅ ယောက်။ ပရောဂျက်ပြီးတော့ ရုံးခန်းထဲကို network ကတစ်ဆင့် ဖိုင်တွေလှမ်းပို့တယ်။ ပျော်လွန်းလို့ လက်ဝါးချင်း ရိုက်တဲ့ အဖွဲ့တွေက ရိုက်နေကြတယ်။ အဲဒါကို စာသင်ခန်း မဟုတ်ဘူးလို့ ပြောမလား။
ကျောင်းကို ဘယ်သူ့ လက်ထဲထည့်မလဲ
ကျောင်းတွေကို ဆရာတွေက ချုပ်ကိုင်၊ အစိုးရက ထောက်ပံ့ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းလာပေမယ့် ရလဒ်တွေက ဘယ်လောက်များ အားရကျေနပ်စရာ ကောင်းခဲ့သလဲ။ ကျောင်းတွေကို ဖန်တီးနိုင်စွမ်း ရှိသူတွေရဲ့ လက်ထဲကို ထည့်ကြည့်ပါဆိုတဲ့ အသံတွေ ထွက်လာတယ်။ အထူးသဖြင့် သူတို့ နိုင်ငံမှာတော့ “Creative Agency” ဆိုတဲ့ အသံတွေ ထွက်လာတယ်။
ကျောင်းတွေကို အဲဒီအေဂျင်စီတွေက  နည်းပညာကျောင်း၊ နည်းပညာစာသင်ခန်းတွေအဖြစ် ပထမဦးဆုံး အသွင်ပြောင်းမယ်။ ကျောင်းသားတွေ ကို တစ်ဦးချင်း၊ တစ်ယောက်ချင်း ထူးချွန်မှု၊ ဂုဏ်ထူးထွက်မှုထက် အဖွဲ့လိုက်၊ အသင်းလိုက်၊ အုပ်စုလိုက် ဖော်ဆောင်နိုင်မှုကို ဦးစားပေးမယ်။ ကျောင်းသားတွေ ကိုယ်စိတ်ပါ ဝင်စားတာကိုပဲ လေ့လာသင်ယူစေမယ်။ သူတို့ လုပ်ဆောင်ချက်တွေ၊ ရလဒ်တွေကို ကမ္ဘာသိအောင် လွှင့်တင် ပေးမယ်။ ကိုယ့်သင်ယူမှုကို ကိုယ်တာဝန်ယူတဲ့စနစ် ကျင့်သုံးမယ်။ လုပ်ဆောင်ချက်ကို အေဂျင်စီလို အဖွဲ့ သေးသေးလေးကနေ ဆုံးဖြတ်တာ ထက်၊ နိုင်ငံက ဆုံးဖြတ်မယ်၊ ကမ္ဘာက ဆုံးဖြတ်စေမယ်။ ဒီလိုကြီးမားတဲ့ ရည်ရွယ်ချက်တွေ ပေါက်မြောက်အောင် နည်းပညာ မပါလို့ မဖြစ်ဘူး ဆိုတာ သဘောပေါက်မှာပါ။
အေဂျင်စီတွေ တာဝန်ယူတဲ့ ကျောင်းတွေဟာ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်တွေရဲ့ လိုအပ်ချက်တွေ ပါဝင်တဲ့ သင်ရိုးညွှန်းတမ်းတွေပဲ သင်မယ်။ လုပ်ငန်းခွင်နဲ့ဆက်စပ်တဲ့ ပညာရေးကိုပဲ ပေးမယ်။ ကျောင်းသားတွေ ကျောင်းလာတယ်ဆိုတာထက် လုပ်ငန်းခွင်ကို လာနေတဲ့အသွင် ပြောင်းမယ်လို့လည်း ဆိုထားတယ်။
လုပ်ငန်းခွင်နဲ့ ဆက်စပ်တဲ့ ပညာရေးကို အကောင်အထည်ဖော်မယ်ဆိုရင်၊ လုပ်ငန်းခွင်နဲ့ ဆက်စပ်တဲ့ နည်းပညာ တွေကို ဦးစားပေး ကိုင်တွယ် ကြရတော့မယ်။ စာသင်ခန်းထဲမှာ ထိုင်နေတဲ့ တစ်ချိန်ကို ၄၅ မိနစ်ဆိုတာ လုပ်ငန်းခွင်အတွက် အသုံးတည့်မှာကို သင်ကြားခြင်း၊ ကြံဆောင်ခြင်း၊ တွေးဆခြင်း၊ အကောင်အထည်ဖော်ခြင်း တွေပဲ ဖြစ်နေလိမ့်မယ်။
လက်တွေ့နဲ့ ပညာ၊ နည်းပညာနဲ့ ရလဒ်တွေကြားမှာ ကျောင်းသားတွေဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရ လိမ့်မယ်။ ရလဒ်ကို ကွန်ပျူတာလို ဟာ့ဒ်ဝဲတွေက ပိုင်းဖြတ်တာ ခံချင်ခံရလိမ့်မယ်။ လုပ်ငန်းခွင်နဲ့ မအပ်စပ်တာ၊ မဆီလျော်တာတွေဟာ အဖွဲ့ရဲ့ ပယ်ချခြင်းကို ခံရကောင်း ခံရနိုင်တယ်။
သင်ကြားရေးအလှည့်အပြောင်း
ကျောင်းဆိုတဲ့ အခန်းကဏ္ဍကို မိဘတွေကရော၊ ကျောင်းသားတွေကပါ ယုံကြည်မှုနည်းလာရင် အွန်လိုင်း သင်ကြားရေးစနစ်တွေ ထွန်းကားလာ မယ်။ အွန်လိုင်းမှာ ကျောင်းသားတစ်ယောက် ဘယ်လောက်နှုန်းဆိုပြီး သတ်မှတ်ယူခြင်းထက်၊ ဘာသာရပ်အလိုက်၊ ပညာရပ်အလိုက် သတ်မှတ်နှုန်းတွေနဲ့ တွက်ချက်ယူကြလိမ့်မယ်။
ဒီနေရာမှာ ကျောင်းမရှိတဲ့ ကျောင်း၊ ဆရာမရှိတဲ့ ကျောင်း၊ တစ်နည်းပြောရရင် ကိုယ်တိုင်လေ့လာ သင်ခန်းစာ (self-paced courses) တွေကို တီထွင်လာရတော့မယ်။  ကျောင်းမရှိပေမယ့် အတန်းရှိတယ်၊ ဆရာ မရှိပေမယ့် လေ့လာစရာတွေ ရှိတယ်ဆိုတာ အွန်လိုင်းပညာရေးရဲ့ အခြေခံတွေပဲ။
ဒီတော့ ကျောင်းမရှိတဲ့ အွန်လိုင်းကျောင်းထဲကို ကျောင်းသားတွေ ဘယ်လောက်လာမှာလဲ၊ လာသလောက် လက်ခံနိုင်မှာလား၊ အွန်လိုင်းက ပညာပဲပေးမယ်ဆိုတော့ လူတစ်ယောက်ရဲ့ဘဝမှာ ပညာတစ်ခုတည်းက အရေးကြီးသလား၊ အခြားလိုအပ်ချက်တွေ မရှိနိုင်တော့ဘူးလား။ လိုအပ်ချက်တွေကို အိမ်က မိဘတွေ ဖြည့်ပေးမလား။ မိဘတွေ ဖြည့်မပေးနိုင်ရင် သူတို့ရဲ့ စိတ်ဓာတ်တွေကို ဘယ်သူတွေက တာဝန်ယူပေး မှာလဲ။ လုပ်ငန်းခွင်နဲ့ ပညာရေး တိုက်ရိုက် ချိတ်ဆက်ပေးရုံသက်သက်ဟာ  ဘဝရဲ့ အမှန်လိုအပ်ချက်လားဆိုတာတွေ ကိုလည်း မေးဖို့ လိုအပ်လာပါတယ်။
အွန်လိုင်းပညာရေးဆိုတာ ဂရိခေတ် ပညာရေးလိုပါပဲ။ ပညာလိုချင်တဲ့သူဟာ သင်ကြားမှုတွေရှိနေတဲ့ နေရာကို အရောက်သွားကြရပါတယ်။ ဘယ်ပညာ၊ ဘယ်ဘာသာရပ်ကို လိုချင်ချင် သူပေးနေတဲ့ လိုင်းတွေကို ရောက်အောင်သွားပြီး ဝင်လေ့လာရပါတယ်။ အိန္ဒိယနိုင်ငံ ရွာငယ်လေး က အင်တာနက်ဆိုင်ကနေ၊ အမေရိကန် နာမည်ကျော် တက္ကသိုလ်တစ်ခုက ပါမောက္ခကြီးတစ်ဦးရဲ့ သင်ကြား ပို့ချချက်တွေကို နားထောင်နိုင် ပါတယ်။ ကိုယ်လိုချင်တာကို ကိုယ်တိုင်ရွေးချယ် လေ့လာသင်ယူနိုင်တဲ့ ခေတ်ဖြစ်လာလို့ ပညာရေးမှာ လေ့လာချင်တဲ့ စိတ်ရှိဖို့ပဲလိုတယ်၊ မပြည့်စုံတာတွေ၊ ချို့တဲ့တာတွေ၊ မရှိတာတွေ ပြောစရာမလိုဘူး၊ စိုးရိမ်သောက ရောက်နေ စရာ မလိုဘူးလို့လည်း ပြောလာကြပါတယ်။
နည်းပညာနဲ့ ပညာရေး မဝေးရအောင်
လက်ရှိပညာရေးမှာ နည်းပညာဟာ အလှမ်းဝေးနေရတာတွေ အများကြီးရှိပါတယ်။ နည်းပညာမရှိတာတွေ၊ နည်းပညာကို မသိတာတွေ အများကြီး ရှိနေပါတယ်။
နောက်ဆုံးအွန်လိုင်းနဲ့ တိုက်ရိုက်ချိတ် ဆက်နိုင်တဲ့ ဝှိုက်ဘုတ်တွေပေါ်နေတာ သိပါသလား။ ဝှိုက်ဘုတ်ဟာ touchscreen ဖြစ်ပါတယ်။ အကြောင်းအရာ တစ်ခုကို တင်လိုက်လို့ရတယ်။ လက်ကလေးနဲ့တို့ပြီး၊ ဆွဲထုတ် သွားလို့ရတယ်။ လက်ညှိုးနဲ့ တောက်ပြီး အကျယ်ချဲ့လို့ရတယ်။ သိချင်တာကို ရှာလို့ရတယ်။ အသံထွက်ခိုင်း လို့ရတယ်။ ဘာမြေဖြူ၊ ဆော့ဖ်ပင်မှမကိုင်လဲ လက်ညှိုး၊ လက်ချောင်းတွေနဲ့ သင်ကြားမှု၊ သင်ယူမှု၊ လေ့လာမှု တွေ လုပ်နိုင်ပြီဆိုတာ မသိသူတွေ များမှာပါ။
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ ကျောင်းတစ်ကျောင်း ကွန်ပျူတာ ၅ လုံးတောင်မရှိတဲ့ ကျောင်းတွေက မရှိ၊ ရှိတဲ့ကွန်ပျူတာက ခေတ်မမီ၊ ကွန်ပျူတာ လုံးဝ မရှိတဲ့ကျောင်းက မရှိ၊ မသိတဲ့ ကျောင်းကမသိ ဖြစ်နေချိန်မှာ ကလေးတစ်ယောက် ကွန်ပျူတာတစ်လုံး (One-Laptop-Per-Child) လို့ ပြောတဲ့ နိုင်ငံတွေကပြော၊ နောက်ပိုင်း One-iPad-Per-Child ပရိုဂရမ်လို့ ပြောတဲ့နိုင်ငံက ပြောလာကြပါပြီ။ နောက်ဆိုရင် One-Smartphone-Per-Child လို့ ပြောနိုင်အောင် ကြံဆောင်နေကြတဲ့ နိုင်ငံတွေက ကြံဆောင်နေကြပါတယ်။
ပညာရေးရဲ့ ထွက်ပေါက်၊ သို့မဟုတ် အမြန်ဆုံးဖြတ်လမ်းဟာ နည်းပညာမပါဘဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သိလာကြတယ်။ ဒါကြောင့် နည်းပညာကို ဘယ်လိုနည်းနဲ့ ပညာရေးမှာ လက်နက်သဖွယ် တပ်ဆင် အသုံးပြုရမလဲ ဆိုတာကို အဖြေရှာနေကြတယ်။
ကလေးတစ်ယောက် ကွန်ပျူတာတစ်လုံးဆိုတာထက်၊ ကလေးတစ်ယောက် တက်ဘလက်တစ်လုံး ဆိုတာ ပိုနီးစပ်တယ်။ ကလေးတစ်ယောက် စမတ်ဖုန်းတစ်လုံးဆိုရင် ပိုပြီး နီးစပ်တယ်လို့ဆိုကြပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ နိုင်ငံတွေမှာ မိုဘိုင်းပညာရေးကို ဦးစားပေးဖို့၊ အထောက်အကူပေးဖို့ ဖွံ့ဖြိုးတဲ့ နိုင်ငံကြီးတွေက စဉ်းစားလာကြပါတယ်။
မရှိတာထက်၊ မသိတာ ခက်တယ်ဆိုပြီး ပြောကြပါတယ်။ အမှန်တော့ ပညာရေးမှာ နည်းပညာဆိုတာရှိကြောင်း မသိတာ ပိုခက်နေပါတယ်။ ရှိမှန်းသိရင် လိုလျှင်ကြံဆလို့ ရနိုင်တာတွေ အများကြီးရှိပါတယ်။ နည်းပညာ ပညာရေးမှာ တက်ဘလက်သုံးမလား၊ လက်ပ်တော့သုံးမလား၊ ကျောင်းသားတွေကို နည်းပညာသုံးနိုင်ဖို့ တက်ဘလက်တွေကို ကျောင်းက ထောက်ပံ့မလား၊ အစိုးရက ထောက်ပံ့မလား၊ ကိုယ်ထူကိုယ်ထ ဝယ်ကိုင် ကြမလား အငြင်းပွားနေရမယ့်အချိန် မဟုတ်ပါဘူး။ ရှိသူကကိုင်၊ များများ ကိုင်လာနိုင်အောင်အားပေး၊ ရှိသူနဲ့ မရှိသူ ဝိုင်းမျှကူ။ နည်းပညာကို မရ ရအောင်ယူနိုင်တဲ့ နည်းတွေကို လမ်းဖွင့်ပေး။ ကျောင်းတွေမှာ တံခါးပိတ် မထားနဲ့။ ဆရာတွေကလည်း ပြေး၊ ကျောင်းသားတွေကလည်း ပြေးမှ တန်ကာကျနိုင်မှာ ဖြစ်ပါတယ်။ နည်းပညာကို မသိသူဆရာက၊ သိသူ တပည့်တွေအပေါ် သဘောထား မကြီးနိုင်ခြင်း၊ ပိတ်ပင်ခြင်း၊ သိအောင် တတ်အောင် မကြိုးစားခြင်းတွေဟာ  အပြစ်ဖြစ်နိုင်ပါတယ်။
အိမ်နီးချင်း အိန္ဒိယ၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတွေမှတောင် ကလေးတွေလက်ထဲကို ကွန်ပျူတာတွေ ထည့်ပေးဖို့ နည်းမျိုးစုံနဲ့ ကြံဆနေပါပြီ။ တက်ဘလက်တွေ၊ ကွန်ပျူတာတွေဟာ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေး ပါတီတွေရဲ့ မဲဆွယ်လို့ အကောင်းဆုံး၊ စည်းရုံးလို့ အကောင်းဆုံး လို့တောင် ပြောနေကြပြီ။ ပညာရေးမှာ ရက်ရောတဲ့ စေတနာထားသလိုနဲ့ ကွန်ပျူတာတွေ၊ တက်ဘလက်တွေ လိုက်ဝေပြီး၊ နိုင်ငံရေး လုပ်နေတယ် ဆိုတာ အကြောင်းမဲ့ မဲဆွယ်ဖို့ တစ်ခုတည်းအတွက် လုပ်နေတာ မဟုတ်ဘူးဆိုတာတော့ သဘောပေါက်ထား ရပါလိမ့်မယ်။
တင်ညွန့်
Ref : Use Technology to Upend Traditional Classrooms, By Justin Reich
Mauukkha

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis