menu

Friday 24 August 2012

အလံလုပွဲ(နန္ဒာစိုး (ဆင်ဖြူကွန်း))




၁။
အဖြစ်က ငိုအားထက် ရယ်အားသန်ဟု ဆိုရလေမလား။ သို့မဟုတ် ကျောက်မောင်း ဆိုသော သူကောင်းသားကိုပဲ အပြစ် ပုံချရလေ မလား မပြောတတ်တော့။
ဟုတ်သည်လေ။ ကျောက်မောင်းသည် မဆင်မခြင် ကျောက်ခဲကို ဆီညှစ်ခြင်း လုပ်ရပ်မျိုးဖြင့် ကိုယ့်ဒုက္ခကိုယ် ဆလိုက် မီးမောင်းထိုး၍ ရှာခဲ့ခြင်းဟုသာ ပြောချင်ပါတော့သည်။

မည်သို့ဖြစ်စေ၊ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ပြီးပြီ ဆိုမှတော့ ဘယ်သူမျှ ဘာမှ မတတ်နိုင်။ “ဘယ်သူမပြု မိမိမှု”တဲ့။ သည်မှာ အပြုခံဖြစ်ခဲ့သော ကျွန်တော်ကလည်း သူ့ကို မကယ်နိုင်။ ဥပဒေက ဥပဒေပဲလေ။ ပြဋ္ဌာန်းထားပြီး ဖြစ်သော ဥပဒေ အတိုင်းသာ သက်ဆိုင်ရာတို့က ဆောင်ရွက်ကြမည်ပဲ ဖြစ်သည်။ ကျွန်တော့်မှာ ဟန့်တားပိုင်ခွင့်  ကြားဝင်တောင်းပန်ပိုင်ခွင့် မရှိပြီ။ သို့တစေ ကျွန်တော်ကသာ သူ့အတွက် ပြန်ပြန်တွေးပြီး စိတ်မကောင်း ဖြစ်နေ မိရသော်လည်း တကယ် ပြစ်ဒဏ်ကျခံရမည့် ကာယကံရှင် ကျောက်မောင်းကို ကြည့်လိုက်တော့ အချုပ်ခန်း ထောင့်မှာ နံရံကိုမှီ၍ ခြေဆင်းထိုင်ရင်း အေးရာ အေးကြောင်း မျက်နှာထား နှင့်ပင်ရှိ၏။ သည်တော့လည်း “ငါ့နှယ် ငါ့အဖြစ်က ကြက်တူရွေးက တော်တော် မယ်ဘော်က သူ့ထက်ကဲဆို တာမျိုး၊ ကောက်ညှင်းက မစေး ဆန်ကြမ်းကစေးဆို တာမျိုးဖြစ်နေပလားတောင် မသိဘူး”ဟု ကိုယ့်စိတ်မချမ်း မြေ့မှုအတွက် ကိုယ်ပြန် အောက်မေ့ မိရပြန်၏။ သည် ကြားထဲကပင် ကျွန်တော်က တော့ ရင်ထဲမှာ မအီမလည် ဖြင့် ပြောနေမိပါသေး၏။


“တောက် ဒီလိုမှန်း သိရင် ငါ့အိမ်ရှေ့က ခြံကပ် တံခါးကို မဖြစ်ဖြစ်အောင် အချိန်မီ ပြင်ခဲ့ပါတယ် ကျောက်မောင်းရယ်”ဟု။

၂။
ကျွန်တော့် အိမ်၏ ရှေ့ဘက် ခြံစည်းရိုး တံခါးသည် ဟိုဘက်သည်ဘက် ပတ္တာ ချက်များစွဲထားကာ ဖွင့်ရ ပိတ်ရသော ရင်စေ့တံခါး ရွက်မျိုးတွေ မဟုတ်။ အိမ်ရှေ့ ခြံစည်းရိုးဝင်းက ဟင်းလင်းပြင်ဟု ဆိုရမည်။ အကျယ် ရှစ်တောင်ခန့် ရှိပါသည်။ ထို့ကြောင့် အလယ် ခေါင်ဗဟိုချက်တွင် တိုင်တစ် လုံးစိုက်ထားရ၏။ အရှည် လေးတောင်ခွဲခန့် ၀ါးခြမ်းကပ် ၂ ကပ်ရိုက်ထားကာ ဖွင့်ချိန်တွင် ထို ၂ ချပ်ကို မရွှေ့ပြီး နံဘေးခြံစည်ရိုးတွင် ကပ်၍ ထောင်ထားလိုက်၏။ ည ဘက်ပိတ်ချိန်တွင် အလယ်ဗဟိုတိုင်၏ ဟိုဘက်တစ်ချပ် သည်ဘက် တစ်ချပ်မတ် တတ်ထောင်ကာလိုက်ပြီး ယင်းကပ်များ အလယ်ရှိ သွပ်နန်းကွင်းတွေထဲကို အတွင်း အလယ်တိုင်ကို ကန့်လန့်ဖြတ်၍ ၀ါးလုံးရှည်တစ်လုံးနှင့် ထိုးဆက်လိုက် ခြင်းဖြင့် ခြံစည်းရိုးနှင့် တစ် ဆက်တည်း ဖြစ်သွားစေ၏။ နေ့ဘက်တွင်မူ ထိုကပ် ၂ ချပ် ကို မရွှေ့လိုက်သည်နှင့် အိမ်ရှေ့ စည်းရိုးအလယ်ရှစ်တောင် ခန့်က ဟင်းလင်းပြင်ပင်။

အတွင်းမှ အိမ်အဆောက် အအုံမျက်နှာစာနှင့် ထိုခြံ ကပ်များကြားတွင် ခြောက်ပေ ခန့်ခြားသေး၏။ အိမ်မကြီး၏ ရှေ့မျက်နှာစာ တံခါးတွေကတော့ ၁ဩ အထူရှိ ပျဉ်ချပ် ရှည်ကြီးတွေကို ပတ်္တာဆက် ခေါက်ဆက်ထားသော အခိုင်အခန့် တံခါးရွက်တွေ ဖြစ်၏။ ထိုတံခါးရွက်တွေကို စေ့ပြီး အတွင်းမှ မင်းတုံးချလိုက် သည်နှင့် လုံခြုံပြီးဖြစ်သည်။ ဒါက ကျွန်တော့် အိမ်ရှေ့ဘက်တံခါးတို့၏ အနေ အထားကို မြင်သာအောင် ပြောပြခြင်းဖြစ်ပါသည်။

အိမ်ရှေ့ခြံစည်းရိုးမှာ မတ်တတ်ထောင်၍ ပိတ်ရသော ခြံကပ်တွေက အတော် ဆွေးနေပြီ။ ညာဘက်အချပ်က ဟုတ်သယောင်ယောင် ရှိသေးသော်လည်း ဘယ် ဘက်အချပ်ကတော့ သုံးမရ လောက်အောင် ဆွေးမြည့်နေပြီမို့ ခွေးတိုးလည်းကျိုး၊ ကြောင်တိုးလည်း ပျက်ဆိုသလို ဖြစ်နေပြီ။ သည်လိုနှင့် ပျက်လက်စ ဘယ်ဘက်အချပ်က နောက်ပိုင်းတွင် လုံးလုံးသုံးမရတော့အောင် ပျက်စီးသွားခဲ့တော့၏။

ထိုခြံကပ်တွေကို အသစ် အစားထိုးရမည်ဟု စိတ်ထဲမှာရှိခဲ့သော်လည်း လက်တွေ့တွင်မလုပ်ဖြစ်။ လက်သမား ငှားမရသည်က တစ်ကြောင်း ဖြစ်သည်။ ၀ါးတစ်လုံး ၄၀၀ ကျပ်၊ ခြံကပ်တစ်ခုအတွက် ၀ါး ၁၀ လုံးဆိုတော့ ၄၀၀၀ ကျပ်။ သံဖိုးလက်သမားခ တွေပါ ထည့်လိုက်လျှင် ခြံကပ်အသစ် ၂ ချပ်အတွက် ကျပ် ၁၅၀၀၀ ခန့်ကုန်ကျမည်။ လျော့လှလျှင် ၁၀၀၀ ပဲ။ ထိုငွေက လက်ထဲမှာ ဗြုန်းခနဲ ကျစ်ခနဲ မစုမိသည်ကလည်း တစ်ကြောင်း ဖြစ်ပြန်၏။ ကိုယ့်အိမ်တွင်း တံခါးမကြီးတွေက အခိုင်အမာ အလုံအခြုံမို့ ရှေ့ဘက်ခြံစည်းရိုးကို ပိတ်သည့် ၀ါးခြမ်းကပ်တွေ ပျက်စီးနေသည်ကို ကျွန်တော် သိပ်စိတ်မပူ။ လက်ထဲ ငွေကလေး ကျစ်မိပြန် ချိန်မှာလည်း ကိုရွှေလက်သမားက ငှားမရ။ သူ မအားလပ်သည်နှင့်ချည်း တိုးနေ၏။

“အိမ်ကလူ။ ရှေ့ဘက် စည်းရိုးက ခြံကပ်တွေက အသစ်ရိုက်မှ ရတော့မှာနော်။ ညညကျ မျက်နှာစာ စည်း ရိုးက ဟောင်းလောင်းပေါက်ပဲ။ အိမ်ဝိုင်းထဲကို ၀င်လိုက ၀င်စေ။ ထွက်လိုက ထွက်စေ ဖြစ်နေပြီ”
ဇနီးသည်က အတန် တန်သတိပေး၏။
“လုပ်တာပေါ့ကွာ။ အရေး မကြီးပါဘူး။ အိမ်တံ ခါးတွေက လုံခြုံသားပဲ။ အိမ် ထဲကိုတော့ ဘယ်လိုမှ ၀င်မရ ပါဘူး”

“အိမ်ထဲကို ၀င်လို့ မရပေမဲ့ ခြံဝိုင်းထဲကိုတော့ ၀င်လို့ ရတယ်တော့်။ အိမ်ခြေရင်း ခေါင်းရင်း ဘယ်က ပတ်ဝင် ၀င် နောက်ဖေးဝိုင်း တစ်ဝိုင်းလုံး တိုးလျှိုပေါက်ပဲ။ ၀ါသ နာပါရင် နောက်ဖေးဝိုင်းထဲ မှာ လူ ၂၀ လောက် ချောင် ချောင်ကြီး သူခိုးယိမ်းကလို့ရ တယ်”

“ပေါက်ပေါက်ရှာရှာ ကွာ။ ဘယ်သူခိုးတွေက ညကြီးမင်းကြီး သူများအိမ် နောက်ဖေးဝိုင်းထဲလာပြီး ယိမ်းကပါ့မလဲ။ နောက် ဘက်ဝိုင်းထဲမှာ ဘာမှ ယူစ ရာ ခိုးစရာမရှိဘူး။ မီးဆိုက် ဖို့ ထင်းတုံးတွေပဲ ရှိတယ်။ ထင်းတုံးတွေကိုတော့ ထောင် အကျခံပြီး ဘယ်သူမှ ၀င်ခိုး နေမှာ မဟုတ်ဘူး။ အေးအေး နေစမ်းပါကွာ။ သည်တစ်ခါ ငွေယား ကလေးရရင် ငါ လက်သမား မရရအောင် ငှားပြီး မင်းစည်းရိုး ခြံကပ် ၂ ကပ် အသစ် ရိုက်ပေးပါ့မယ်”

ကျွန်တော်က သိပ်ပြီး စိတ်ဝင်စားလှသည် မဟုတ်တော့ အပျင်း ထူနေ၏။ အရေး ထဲ ကျွန်တော် ပြောသော ငွေယား ဆိုသည်ကလည်း တကယ်တမ်းမှာကျတော့ ယားချိန် မရလိုက်ရှာဘဲ လက် ထဲရောက်လာလိုက်သည်နှင့် အိမ်စရိတ် သဗ္ဗရနံ ပေါင်းစုံထဲ ပြေးဝင်တော့၏။ မဂ္ဂဇင်း တိုက်ပေါင်းစုံမှ လှမ်းပို့ပေး ကြသော စာမူခငွေများမှာ ပုံမှန် မရှိ။ သူလာချင်သည့် အချိန် ကျမှလာ၏။ တစ်တိုက်နှင့် တစ်တိုက် ညှိပြီး ပို့ကြခြင်း မဟုတ်လေတော့ ကျွန်တော့် ထံ ၅ ရက်ခြား၊ ၁၀ ရက်ခြား ဆိုသလို ရောက်လာကြခြင်း ဖြစ်၍ ခဲခဲကျစ်ကျစ် မစုမိ ချေ။ ရောက်လာသည်နှင့် သုံးစရာ ကိစ္စက အသင့်။

ကလေးတွေ၏ကျောင်း စရိတ်ကလည်း နားသည်ပဲ မရှိ။ ဘာကြေး၊ ညာကြေး၊ ဘာဖိုး၊ ညာဖိုး ခေါင်းစဉ် အမျိုးမျိုးနှင့် တဂျီဂျီအတောင်း ခံနေရ၏။ “အဖေကျောင်းက ဘာကြေးတဲ့။ ဘယ်လောက် တဲ့”ဟု ဆိုလာလျှင် မဖြစ်ဖြစ် အောင် ရှာကြံပေးပေတော့။ အကြွေးရှင်ကမှ တောင်းပန် ထားလို့ရသေးသည်။ သူတို့ က ဘူးဆို ဖရုံမသီးကြ။ အိမ် က သားသမီး မောင်ကျောင်း သား၊ မယ်ကျောင်းသားတွေ  ပြောပါသည်။ သြော် ပညာ ရွှေအိုး လူမခိုး ဆိုတာကိုး။ တော်တော်မှန်သော စကား ပုံပါပေ။ ပညာဆိုတာ ရွှေအိုး လောက်တန်ဖိုးကြီးပါက လား” ဆိုတာကို ကိုယ် ကိုယ်တိုင် မိဘဘ၀ရောက်မှ ဒုတ်ဒုတ်ထိ အီစိမ့်နေအောင် သိတော့သည်။ ကျန်တာတွေ နောက်ထားလိုက်။ ကိုယ့်ကို ပညာသင်ပေးခဲ့ကြသည်လေး တစ်ချက်တည်းနှင့်ပင် မိဘ တွေ ကျေးဇူး ဘယ်လောက် ကြီးမားသည် ဆိုခြင်းကို ကျွန်တော့်မှာ ပုတ်သင်ညိုက “အဘ အဘ” ခေါ်လောက် အောင် ခေါင်းညိတ်ထောက် ခံနေမိရ၏။

ပြီးတော့ ကျွန်တော် ပြောသည်ကလည်း အမှန်။ အိမ်နောက်ဖေးဝိုင်းထဲမှာ ဧရာ မ မန်ကျည်းတုံးကြီးတွေ ပုံ ထားသည်ကလွဲပြီး ဘာမှမ ရှိ။ မန်ကျည်းတုံးကြီးတွေက အချင်း ၁ ပေ၊ ၁ ပေခွဲခန့် ကြီးတွေ။ အသေးဆုံးဆိုတာ က ဘောလုံးအ၀ိုင်းလောက် တုတ်သေး၏။ အရှည်က ၅ တောင် ၆ တောင်တွေ။ ယောက်ျားကြီး ၂ ယောက် ၃ ယောက်လောက် ၀ိုင်းထမ်း မှရမည်။ ကိုင်း။ ဘယ်သူခိုး က ၀င်လာထမ်းမည်နည်း။ ထမ်းနိုင်သည်ထား။ အိမ်ဝိုင်း အပြင်ထုတ်ဖို့မှ မလွယ်။ အဲဒီ မန်ကျည်းတုံးကြီးတွေက ရေ စကြိုဘက်ကလို အမွှေးတိုင် ဆရာများကို ရောင်းစားဖို့ ခုတ်ဖြတ်ထားခြင်း မဟုတ်။ “နာဂစ်” အပြီး နောက်တစ်ချီ လာလိုက်သည့် “ဂီရိ” တည်း ဟူသော ဆိုင်ကလုံးက နှိပ်စက်လိုက်၍ အိမ်ရှေ့ဘက်က နှစ်တစ်ရာကျော် မန်ကျည်း ပင်ကြီးခမျာ ထင်းပုံဖြစ်ရရှာ ခြင်းပင်။ ကျွန်တော့်မှာ နှမြောလို့ မဆုံး။ နောက်ဖေးဝိုင်းထဲ မှာ ထို မန်ကျည်းတုံးပုံကြီး သာရှိသဖြင့် စိတ်ပူစရာ မလို။

ကိုယ့်စိတ်ကူးနှင့် ကိုယ်  ရေခဲတုံးဖင်ခု ထိုင်နေခဲ့သော ကြောင့် ကျွန်တော့် အိမ်ရှေ့ က ခြံကပ်တံခါးအသစ်တွေ ဖြစ်မလာ။ ညဘက်ဆို “၀င်မလား၊ ထွက်မလား၊ သဘောရှိပဲ ကိုယ့်လူ” ဟု သူခိုးကို လက်ယပ်ခေါ်နေ သလိုသာရှိတော့၏။ သို့သော် ပါးရည်နပ်ရည်ရှိသော ဘယ်သူခိုးကမှ ကျွန်တော့် အိမ်ဝိုင်းထဲသို့ ၀င်မလာပါ။ စီးပွားရေး ပညာရှင်လည်း မဟုတ်။ စတိုးဆိုင် ဆန်စက်   ဆီစက်ပိုင်ရှင်လည်း မဟုတ် သော ကျွန်တော့်လို တောင် မရောက်မြောက်မရောက် စာ ရေးဆရာ ငမွဲအိမ်ဝင်ခိုးတော့ ရလှလျှင် စာအုပ်ပေါ့။ အဲဒီ စာအုပ်တွေ ခိုးရလို့ ပိဿာ ချိန်နှင့် ပြန်ရောင်းတောင် စွန့် စားရသည်နှင့် ကာမိအောင် ပိုက်ဆံရမည် မဟုတ်။

ရန်ကုန်ပန်းဆိုးတန်း လမ်း ကုန်သည်လမ်းတို့က လို စာအုပ်အဟောင်းဆိုင် တန်းမျိုးရှိလျှင်တော့ သိန်းချီ ပြီး ရနိုင်မည်ပေါ့။ ကျွန်တော် နေသော ဆီးရွက်လောက် တောမြို့ကလေးမှာတော့ ပိဿာချိန်နှင့်ပဲ ရောင်းလို့ရ မည်။ ပီနံအိတ်နှင့် တစ်အိတ် အပြည့်ထမ်းသွားပြီး ရောင်း ဦး။ ငွေတစ်သောင်းရဖို့ မသေချာ။ မြို့မှာရှိသည့် စာ အုပ်အငှားဆိုင်ကလေးတွေ ကလည်း ကျွန်တော့်ဆီက စာရေးသမားအကြိုက် စု ဆောင်းထားသော စာအုပ် အဟောင်းမျိုးတွေ ၀ယ်မှာ မဟုတ်။ လစဉ်ထုတ် မဂ္ဂဇင်း အသစ်တွေကိုတောင် အရင်း မကျေလို့ဆိုပြီး ဟောတစ်အုပ် ဟောတစ်အုပ် လျှော့ချနေ ကြသည်ကို ကျွန်တော် အသိ ဆုံး။ သည်တော့ ကျွန်တော် က အေးအေးပဲ။ သို့သော် တစ်ညသားမှာတော့ ညသန်း ခေါင်ကျော် နာရီပြန် ၂ ချက်ခွဲ လောက်ကျမှ ထိုအေးအေးက ပူပူ ဖြစ်လာရလေသည်။

“သူခိုး သူခိုး။ သူခိုးပါ တော်။ သူခိုးပါတော့်”

ဒီလောက် အိပ်ကောင်း ၍ တိတ်ဆိတ်နေသည့် အချိန် ကြီးကျမှ စူးခနဲ ထွက်ပေါ် လာသော အသံက ကျွန်တော့် ကို အိပ်ရာထဲက ငေါက်ခနဲ ထထိုင်မိပြီး ဖြစ်သွားစေ သလို အနီးပတ်ဝန်းကျင် တစ်ခွင်လုံးကိုလည်း အလန့် တကြား ရိုက်ပုတ်နှိုးလိုက် သည့်နှယ်ရှိ၏။

“သူခိုး သူခိုးပါတော့် ဟော ဟော အိမ်ခေါင်းရင်း ဘက်က ပတ်ပြေးပြီ”

အိပ်ရာထဲ ထထိုင်မိပြီး အိမ်မှုန်စုံမွှား ဖြစ်နေဆဲ စီခနဲသော အသံကျယ်ကျယ်က ထပ်ဆင့်လာပြန်၏။ ဒီအသံ ငါ ကြားဖူးပါတယ်ဟု တွေးရင်းမှ ဖျတ်ခနဲ အသိဝင်လာ၏။ သောက်ခွေးတဲ့မှ ဒါ ငါ့မိန်းမ အသံပဲကိုးဟ။ ကျွန်တော် လူးလဲထကာ အိမ်အောက် ထပ်ပြေးဆင်းခဲ့သည်။ နောက်ဖေး မီးဖိုခန်းမှ ပြေး ထွက်လာသည့် မိန်းမနှင့် တိုး၏။

“ဟဲ့ မိန်းမ။ ဘယ်လို ဖြစ်တာတုံး”

“ဘယ်လိုမှမဖြစ်ဘူး။ ကျုပ်အပေါ့စွန့်ဖို့ အောက်ထပ် ဆင်းတာ။ နောက်ဖေးတံခါး ဖွင့်မလို့ရှိသေး။ ပြတင်း သံတိုင်ပေါက်ကနေ လူရိပ် မြင်လိုက်သလို ရှိတာနဲ့ ချောင်း ကြည့်လိုက်တော့ သူခိုးပဲ။ ဒါနဲ့ ထအော်ပစ်လိုက်တာ”

“မင်းအော်သံကလည်း ကွာ။ ကမ္ဘာပျက်သလား အောက်မေ့ရရဲ့”
ထိုအချိန်တွင် အိမ် အောက်ထပ် အိမ်ရှေ့ အိမ် နောက်ပါမကျန် မီးချောင်း တွေ ဖွေးခနဲလင်းလာ၏။ သားကြီး ၂ ယောက်က နိုးနေပြီဖြစ်၍ သူတို့က မီးခ လုတ်တွေ ဖွင့်လိုက်ကြခြင်း ဖြစ်သည်။
“သူခိုးက ဘယ်ကို ပြေးတုံး”

“မသိဘူးလေ။ ကျုပ် အော်လိုက်တော့ အိမ်ခေါင်းရင်း ဘက်က ပတ်ပြေးတာ ပဲ”

ကျွန်တော့် အိမ်ဝိုင်းထဲ ၀င်မိလျှင် ရှေ့ဘက်က ပြန်ထွက်ပြေးမှရမည်။ ဘေးနှစ်ဖက်နှင့် နောက်ကျောဘက် က အိမ်နီးချင်း အိမ်တွေရှိသ ဖြင့် နံရံသုံးဖက်ပိတ်ပြီး ဖြစ်သည်။ သားအကြီးက အိမ် ရှေ့တံခါးမကြီးမှ မင်းတုပ်ကို ဖြုတ်၍ ဖွင့်လိုက်စဉ်မှာပင် ကျွန်တော်တို့နှင့် မဝေးလှ သော တောင်ဘက် အရပ်ဆီမှ စီခနဲသော အသံတွေ ကြားရ၏။

“ဟော အသံတွေ ကြားတယ်ကွ။ ကင်းတဲရှိတဲ့ တောင်ဘက်ကို စွတ်ရွတ် ပြေးဟန်တူတယ်။ လာကြ ဟေ့။ လိုက်ကြစို့”

သားနှစ်ယောက်နှင့် အတူ အိမ်မှ ထွက်လာခဲ့ကြ ၏။ ကျွန်တော့် အထင်မှန် လေသည်။ ကျွန်တော့် အိမ် ၏ တောင်ဘက် ၄-၅ အိမ် အကျော်တွင် လမ်းမကြီး နံ ဘေး၌ ရပ်ကွက်လုံခြုံရေး မီးကင်းတဲရှိသည်။ ထိုကင်း ထဲမှာ ရပ်ကွက်ထဲက လူ ငယ်တွေ တစ်ည ၅ ယောက် နှုန်းအလှည့်ကျ စောင့်ကြရ ၏။ သူခိုးကား နဂါးခေါင်း မြောက်ဘက်လှည့်သည့် နေရာအခင်းအကျင်းမျိုးမှာမှ တောင်ဘက်တည့်တည့်သို့ စွတ်ရွတ်ပြေးခြင်းဖြစ်ရာ နဂါးခံတွင်းသို့ ပြေးဝင်သည့် နှယ်ရှိ၏။ ကင်းသမားလူ ငယ်အုပ်စုနှင့် မျက်နှာချင်း ဆိုင်တိုးလေသည်။ လက်သီး ၂ ချက် ၃ ချက်ခန့်ပင် မိထားပြီး ဖြစ်လိမ့်မည်။ ကင်း တဲသို့ ကျွန်တော်တို့ ရောက် သွားချိန်တွင် နှာခေါင်းသွေး အနည်းငယ် ထွက်နေပြီး ပါးချိတ် တစ်ဖက်မှာ ရောင်ရမ်း စပြုနေပြီးဖြစ်သော သူခိုးကို ကင်းသမားလူငယ်တွေ အကြားမှာ တွေ့ရ၏။

“ဟော ဦးကြီးတို့ အိမ်ကို ၀င်ခိုးတာလား။ အော်သံ တော့ ဒေါ်ကြီးအော်သံ ထင်တာပဲ”
ကျွန်တော့်မျက်စောင်း ထိုးအိမ်က မောင်မြင့်ဇော်က ဆီးကြိုမေးသည်။

“အစစ်ပေါ့ကွာ၊ ဟုတ် သဟေ့၊ ဒီကောင်မိုက်တဲ့ အကောင်ပဲ။ စာရေးဆရာ ငမွဲ အိမ်မှ ၀င်ခိုးရတယ်လို့ကွာ။ ငါ့အိမ်ဝင်ခိုးတော့ ဘာပစ္စည်း ရမှာမို့တဲ့တုံး”

ကျွန်တော် ပြန်ပြော လိုက်တော့ လူငယ်တွေက ရယ်ကြ၏။ နောက်တစ် ယောက်ထဲက ၀င်ပြောပြန် သည်။
“ဟုတ်တယ် ဆရာ။ ဦးဂျမ်းလုံချည် ၂ ကွင်းရယ်၊ ဒန်လင်ပန်းကြီး ၃ ချပ်ရယ် ပါလာတယ်။ ခိုးရာပါ သက်သေခံပစ္စည်းနဲ့ မိတာပဲ။ သူက လမ်းထောင့်အမှောင် ရိပ်ထဲ ပစ်ချခဲ့တာ၊ ကျွန်တော် တို့က မြင်လိုက်လို့ ပြန် ကောက်ထားရတာ”

“အင်း ဒီကောင်တော့ ဆင်ဖိုးထက် ချွန်းဖိုးကြီးပြီကွ၊ စားရတော့ ညောင်စေ့လောက်၊ ခံရတော့ ညောင်ပင်ကြီး လောက် ဖြစ်ကုန်တော့မှာပဲ။ ဒါနဲ့ နေပါဦး၊ ဒီကောင့်ကို ဘယ်လို လုပ်ကြမှာတုံး”

“ဘယ်လိုမှလုပ်မနေနဲ့၊ ခိုးတဲ့ပစ္စည်း တန်ဖိုးကြီးတာ သေးတာက တစ်ကဏ္ဍ၊ ခိုးမှု မြောက်တာက တစ်ကဏ္ဍ၊ တစ်ကန့်စီပဲ၊ တို့အလုပ်က မိတဲ့ သူခိုးကို ရဲစခန်းအပ်ရုံ ပဲ။

နောက်ဘက်ဆီမှ အသံ ထွက်လာသဖြင့် လှည့်ကြည့် လိုက်တော့ ရပ်ကွက်ဆယ် အိမ်မှူးကို ဘတူဖြစ်နေ၏။ သူလည်း အသံတွေ ကြားသဖြင့် ထလာခြင်း ဖြစ်လိမ့်မည်။ ကင်းတဲ အနီးဝန်းကျင် အိမ်တွေမှ မီးတွေလင်းလာ တာ ထွက်လာကြသဖြင့် လူ အစိတ်ခန့် တစ်အုပ်ကြီး ဖြစ်နေ၏။ တစ်ယောက်တစ် ပေါက် ကျွက်စီ ကျွက်စီနှင့်။

“ကိုင်း ကိုင်း သူခိုးက မိပါပြီ။ စာရေးဆရာအိမ်ကို ၀င်ခိုးတာ၊ မိတဲ့ပစ္စည်းက ဒန် လင်ပန်းကြီး ၃ ချပ်နဲ့ ဦးဂျမ်း လုံချည် ၂ ထည်တဲ့၊ အဲဒါ တွေ သက်သေခံခိုးရာပါ ပစ္စည်းအပြစ် တင်ပြဖို့ ယူခဲ့ ကြဦး”

အားလုံး ၀ါးခနဲရယ်ကြ ၏။
“စာရေးဆရာက လည်း လူပေပဲ။ “ပေ” သမှ တော့ ကိုယ့်အိမ်ရှေ့ခြံစည်းရိုး ပိတ်တဲ့ခြံကပ် ပျက်နေတာ မပြင်ဘဲ ဒီအတိုင်းဟောင်းလောင်းပဲ ထားတော်မူတာ ကြာလှပြီ။ သူခိုးဝင်မယ် ဆိုလည်း ၀င်ချင်စရာ”

“မင်းကလည်း အား ကိုးရတဲ့ ဆယ်အိမ်မှူးပဲ ဘတူရ။ သူခိုး မိပြီးမှ ရောက် လာတာလေ”

ဆယ်အိမ်မှူးကိုဘတူ နှင့် ကျွန်တော်က သူငယ်ချင်း တွေဖြစ်၍ ကြုံတုန်းသူတစ် ပြန်ကိုယ်တစ်ပြန် နှိပ်ကွပ် ကြသည်ကို နားထောင်ရင်း အားလုံးစပ်ဖြီးဖြီးတွေ ဖြစ် ကုန်ကြ၏။ သည်တုန်း ကိုဘတူက လက်ညှိုးထောင် ၍ ပြောလိုက်၏။

“ကဲ ကဲ အားလုံးကိုယ့် အိမ်ကိုယ်ပြန်အိပ်ကြပါတော့။ကျန်တာ ကျုပ်တို့ကြည့်လုပ် လိုက်မယ်”

ကိုဘတူ၏ ဦးဆောင်မှု ဖြင့်ပင် သူခိုးမှာ ညတွင်း ချင်း ရဲစခန်းသို့ရောက်သွား ၏။ ထိုသူခိုးမှာ “ကျောက် မောင်း” ဖြစ်သတည်း။

၃။
နောက်တစ်နေ့ မနက် ဆယ်နာရီလောက်ကျတော့ ဆယ်အိမ်မှူး ကိုဘတူက ကျွန်တော့်ကို လာခေါ်သည်။ ရဲစခန်းက အခေါ်လွှတ်လိုက်လို့ဟု ဆိုသဖြင့် ကျွန်တော် ထလိုက်သွားရသည်။ စခန်း ရောက်တော့ စခန်းမှူး ကို ကျော်မြင့်က ဆီးကြိုနေ၏။ ကျွန်တော် ကိုဘတူနှင့် ကို ကျော်မြင့်တို့မှာ ခင်မင်ရင်းနှီး ရှိကြပြီး ဖြစ်ပါသည်။

“လာကြဗျို့ အဲဒီမှာ ထိုင်ကြ”
စခန်းမှူးက သူ့စားပွဲ ရှေ့မှ ကုလားထိုင်တွေကို လက်ပြ၍ နေရာပေး၏။ ကျွန်တော်က မေးသည်။

“ခင်ဗျား အခေါ်ခိုင်း လိုက်တယ်ဆိုလို့ လာကြရ တာဗျ။ ဘယ်ကိစ္စပေါ်ပြန် လို့တုံး”

“ညက ကိစ္စပေါ့ဗျာ၊ ဟို ကောင်ကျောက်မောင်း ကိစ္စပေါ့။ ခင်ဗျားက ဒီကောင့်ဆီ ကရတဲ့ လုံချည် ၂ ထည်နဲ့ ဒန်လင်ပန်းကြီး ၃ ချပ်ဟာ ခင်ဗျား ဥစ္စာပစ္စည်းမှန်ကန် ကြောင်း သက်သေလက်မှတ် ထိုးပေး။ ကိုဘတူကလည်း သူခိုးမိပြီးလာအပ်တဲ့ ဆယ် အိမ်မှူးအဖြစ် လက်မှတ်ထိုး ပေး။ အမှုကိုတည်ဆောက်တဲ့ နေရာမှာ လိုအပ်သဗျ”

ကျွန်တော် သက်ပြင်းချ ပြီး ထပ်မေးမိပြန်သည်။
“ခိုးတဲ့လူက ဖြောင့် ချက်ပေးပြီးမှတော့ ဒါတွေလို သေးလို့လားဗျ”

“ကိုယ့်လူ၊ ခင်ဗျားက ၀တ္ထုသာ ရေးတတ်တာ၊ ကျန်တာတွေ ဘာမှသိတာ မဟုတ်ဘူး။ ခုကိစ်္စက ကျုပ် တို့ရဲအရေးပိုင်တဲ့အမှုဗျ။ ရုံး တော်ကို ကျုပ်တို့က တရား လိုလုပ်ပြီး တင်ရမှာဆိုတော့ ကိုယ့်ဘက်က မကျန်အောင် အကုန်လုပ်ထားရတယ် စာရေးဆရာငတုံးရဲ့။ ကိုယ့် အိမ်ကိုဝင်သမတဲ့ သူခိုးကို မြင်ဖူးအောင် ကြည့်ထားဖို့ပြ ထားဦးမှဖြစ်မယ်။ ခင်ဗျားက နေရာတကာမှာ ဒုံးဝေးလွန်း လို့”

စခန်းမှူးက ပြောမနာ ဆိုမနာသမားတွေမို့ ကျွန်တော့်ကို ကောင်းကောင်း ဖဲ့ရင်းရဲတပ်သားလေးတစ်ဦး ကို “ကျောက်မောင်းကို ခဏထုတ်ခဲ့စမ်းဟေ့ လူကလေး” ဟု ခိုင်းလိုက်၏။ ခဏချင်းမှာပင် ကျောက်မောင်း ကျွန်တော်တို့ စားပွဲသို့ရောက်လာသည်။ လူက ဂင်တိုတို၊ ဗလတောင့်တောင့်၊ သန်သန် မာမာကြီးပင်။ ကျွန်တော် စခန်းမှူးနှင့် ဆယ်အိမ်မှူးတို့ထက် အပုံကြီးကျန်းမာသန် စွမ်းပုံပေါက်၏။ ညကတော့ ၅ ယောက် ၁ ယောက်မို့သာ ခံလိုက်ရခြင်း ဖြစ်ပုံရသည်။

“မင်းနှယ်ကွာ၊ ငါ့အိမ် ၀င်ခိုးတော့ ဘာရမှာတုံး။ အဲဒီဦးဂျမ်းလုံချည် ၂ ကွင်း က လျှော်ပြီး အိမ်နောက်ဖေး ကြိုးတန်းမှာ လှန်းထားတာ ကို ငါ့မိန်းမက ပြန်ရုပ်ဖို့ မေ့ သွားတာဆိုပဲ။ ဟိုဒန်လင်ပန်း ကြီးတွေကလည်း ရေချိုးတဲ့ နေရာက ရေစဥ့်အိုးကြီးတွေကို အဖုံးလုပ်ပြီး ဖုံးထားတဲ့ ပစ္စည်းပဲ၊ ဟောင်းပဲ ဟောင်း လှပြီ။ ၃ ချပ်ပေါင်းမှ ၁ ပိဿာခွဲပဲရှိမယ်။ ဒန်တစ်ပိဿာ ဘယ်လောက်ရမှာမို့ တုံး။ ခုတော့ အလုပ်တွေ ရှုပ်ကုန်ပြီ။ မင်းလည်း ရဲ စခန်းရောက်ရပြီ၊ လူလည်း အထိုးခံရသေးရဲ့”

ကျွန်တော်က “ဖြစ်မှ ဖြစ်ရလေ” ဆိုသော လေသံ မျိုးဖြင့် အပြစ်တင်စကားပြောမိ၏။ ဦးဂျမ်းလုံချည် ၂ ထည်က အသစ်တွေမဟုတ်။ ၃၊ ၄ ကြိမ် ရေလျှော်ပြီးသား ခပ်လတ်လတ်တွေသာဖြစ်၏။ ရေစဥ့်အိုးဖုံးတွေ လုပ် ထားသည့် ဒန်လင်ပန်း ဟောင်းတွေကလည်း ၃ ချပ် ပေါင်းမှ အလေးချိန် ၁ ပိဿာခွဲပဲရှိမည်။ လုံချည် ၂ ကွင်းနှင့် လင်ပန်းတွေကို ပြန် ရောင်းတောင် သူခိုးဈေးပဲရ မည်မို့ သူ့မိသားစုအတွက် တစ်ပတ်စာဆန်ဖိုးမှ ရနိုင်ပါ့ မလားဟု ကျွန်တော် တွေးမိနေသည်။

“အံမာ စာရေးဆရာ၊ ဒီကောင်က ခင်ဗျားပြောသလို ရဲစခန်း ရောက်ရုံနဲ့ မပြီးဘူး ခင်ဗျ။ ထောင်ထဲကို ရောက်ရဦးမှာ။ ခွေးမသား၊ နင့်ကိုတော့ မှတ်လောက်အောင် ချရဦးမယ်”

စခန်းမှူးကပြောရင်း စိတ်တိုလာဟန်ဖြင့် ကျောက် မောင်းကို မျက်စောင်းထိုးလေသည်။
“လုပ်မနေပါနဲ့တော့ဗျာ။ ကျုပ်က ကျေအေး ကြောင်း လက်မှတ်ထိုးပေး ရင် ဒီကိစ္စမပြီးနိုင်ဘူးလား။ သူ့မှာလည်း သားမယားတွေနဲ့ နေမှာပါ။ သူထောင်ကျ သွားရင် ကျန်တဲ့မိသားစု ကလေး ဒုက္ခရောက်ကုန်ကြ မှာပေါ့။ ကျုပ်ပစ္စည်းတွေလည်း ပြန်ရတာပဲဟာ”

ကျွန်တော်က သဘော ရိုးနှင့် ပြောလိုက်မိတော့ စခန်း မှူးက မျက်လုံးပြူး၍ ပြန် ကြည့်သည်။
“ဟေ့လူ တော် တော် အဆိပ်ပင်ရေမလောင်းချင် စမ်းပါနဲ့ဗျ။ ကျုပ်ကတော့ ဒီကောင့်ကို ထောင်ချရဦး မှာပဲ။ ၃ လကျကျ၊ ၆ လကျ ကျ၊ ခင်ဗျားက ဘာမှမသိ ဘဲနဲ့ သူ့မိသားစုအတွက် ၀င်ပူ မနေနဲ့။ ဟိုကလည်း ရိုးနေ ပါပြီ။ သူတို့ဟာသူတို့ ရှာဖွေ စားနေကြတာပါပဲ။ ဒီကောင် က ထောင်နဲ့အိမ်ကို အိမ်ဦး နဲ့ကြမ်းပြင်ဗျ။ အဲဒီခိုးမှုနဲ့ ကျတာပဲ ဘယ်နှကြိမ်မှန်း တောင် မသိတော့ဘူး။ ကျုပ်လက်ထက်မှာ ချတာကို ၄ ကြိမ်လောက်ရှိခဲ့ပြီး အမှု ကြီးတွေလို နှစ်ရှည်မကျလို့ ခက်ခက်နေတာ။ သူက လည်းလူပါး၊ ထောင်ထဲရောက် ရင်လျှော့ရက်ရအောင် အလွန် လိမ္မာပါးနပ်စွာနေသလေ”

ကျွန်တော် “ဟိုက်” ခနဲ ဖြစ်သွားရ၏။ စခန်းမှူးက ဆက်ပြောသည်။
“အလကားကောင် ခွေး မြီးကောက် ကျည်တောက် စွပ်ပဲ။ ခက်နေပုံက ခွေးမြီး ကောက်တွေက များလွန်း တော့ သူတို့အမြီးတွေကို စွပ် ပေးဖို့ ကျည်တောက်ခုတ်ရ ရင်ပဲ ၀ါးတစ်တောလုံး တော ပြုန်းမလားဆိုသလို ဖြစ်နေ တာပဲ။ အခု ဒီကောင်လုပ်ပုံ ကြောင့် ကျုပ်မှာ ကျုပ်မိတ် ဆွေ ကိုအေးမင်းကိုတောင် ဘယ်လို မျက်နှာပြရမှန်း မသိ ဖြစ်နေပြီ။ ထွီ၊ တယ်မျက်နှာ ပူဖို့ကောင်း၊ ကျောက်မောင်း ကျောက်မောင်း နင့်ကြောင့် ငါပါ မျက်နှာပျက်ရပြီ”

ကျွန်တော်တို့မှာ ပဟေဠိ ဖြစ်သွားရ၏။ ဆယ်အိမ်မှူး က စိတ်ဝင်တစား ၀င်မေး လေသည်။
“ပြောစမ်းပါဦး စခန်း မှူးရဲ့။ ခင်ဗျားက ဘယ်က ကိုအေးမင်းကို ဘယ်လိုကြောင့် မျက်နှာပူရပြန်တာ တုန်း”

“ဟာ မြို့အထွက် အေးမေတ္တာဆီစက်ပိုင်ရှင် ကိုအေးမင်းပေါ့ဗျ။ ဒီကောင် ကျောက်မောင်းနဲ့ ကျုပ်တို့ ရဲစခန်းက လူတွေနဲ့က ခဏ ခဏ တွေ့ရဖန်များလွန်းလို့ မျက်နှာသိရုံမဟုတ်တော့ ဘူး။ သနားပြီး သံယောဇဉ် တောင် ငြိနေသလိုလို ရှိနေ ကြပြီး၊ ကရုဏာသက်မိကြ တာပေါ့လေ။ ခဏခဏ ခိုးမှုနဲ့ ထောင် ၆ လကျလိုက်၊ ၃ လကျလိုက်၊ ၁ နှစ်ကျ လိုက် ကျကျနေတာ၊ ဟိုတစ် ကြိမ် လွတ်လာတာတွေ့တော့ ကျုပ်က နောက်ကို မခိုးပါနဲ့ တော့ကွာ၊ မင်းမခိုးတော့ပါ ဘူးလို့ ကတိပေးမယ်ဆိုရင် မင်းမိသားစုစားဝတ်နေရေး အဆင်ပြေအောင် ငါ့မိတ်ဆွေ ကိုအေးမင်းဆီစက်မှာ အလုပ် သွင်းပေးမယ်လို့ ပြောမိ တယ်”

“အဲဒီတော့”
“သင်းကလည်း ကတိ ပေးသဗျ၊ ဆရာရယ် နောက် မခိုးတော့ပါဘူးတဲ့၊ ဒါနဲ့ ကိုအေးမင်းကို ကျုပ်ကပဲ သွားပြောပေးပြီး ဆီစက်မှာ အလုပ်သွင်းပေးလိုက်တယ်။ ကိုအေးမင်းက သူ့ကိုလန့် တော့ သိပ်တောင် လက်ခံချင် တာ မဟုတ်ဘူး။ ကျုပ်က ကြားက ၀င်အာမခံပေးလို့ သာ လက်ခံလိုက်တာ”

“ဟုတ်ပြီ၊ အဲဒီမှာ အလုပ် လုပ်တော့ရော ခိုးသေးလား”

“အဲဒီမှာတော့ မခိုးဘူး ဗျ၊ ကိုအေးမင်းကလည်း သတိနဲ့ စောင့်ကြည့်တယ်။ သူ့စက်က အလုပ်သမားလေး တွေကိုလည်း တစေ့တစောင်း စောင့်ကြည့်ဖို့ မှာထားတယ်။ အဲဒီမှာတော့ အဟုတ် ပဲ။ သူက သန်သန်စွမ်းစွမ်းနဲ့ လုပ်နိုင်ကိုင်နိုင်သမား ဆိုတော့ ဘာကြာမလဲ။ အလုပ်ကြမ်း အထမ်းသမားဘ၀ကနေ “ဆီ ဆုံကိုင်” အဆင့်ထိ ရောက်လာ တာပဲ။ ကိုအေးမင်းကလည်း သူ့လုပ်အားခကို စို့စို့ပို့ပို့ပေး ပါတယ်။ အဲဒီလုပ်ခလစာနဲ့ တင် သူ့မိသားစုစားလောက် တယ်။ မိသားစုလည်း အရင် ကလောက် စားအိုးမကြီး တော့ပါဘူး။ ကလေးအကြီး တွေက အိမ်ထောင်ခွဲတွေဖြစ် ကုန်ကြပြီ။ သူ့အိမ်မှာကလေး အငယ် ၂ ယောက်ပဲ ကျွေး စရာကျန်တော့တယ်။ ကိုအေး မင်းကတောင် ကျုပ်နဲ့တွေ့ တော့ ခင်ဗျားကောင်ဟုတ် သွားပါပြီဗျ။ ခြေဆော့လက် ဆော့ မလုပ်တော့ပါဘူးတဲ့။ သူ့ကို ထောက်ခံနေသေးရဲ့။ ကျုပ်မလည်း ပီတိကြီးတစ်ခွဲ သားနဲ့ပေါ့လေ။ သူခိုးတစ် ယောက်ကိုတော့ သူခိုးဘ၀က ချွတ်လိုက်နိုင်ပြီဟဲ့ပေါ့။ ခုတော့ ဘယ်ဟုတ်လို့တုံး။ ညက ကိုဘတူတို့ အဖွဲ့တွေ သူခိုးမိလို့ ဆိုပြီး လာအပ်လို့ ကြည့်လိုက်တော့ သင်းဖြစ် နေပြန်တာကိုး။ သေရော။ အတော် စိတ်ပေါက်သွားတယ်။ ဟိုတုန်းက ကလေး တစ်ပြုံနဲ့မို့ ထားပါတော့။ အခု စားနိုင်သောက်နိုင်ဖြစ်နေပါ လျက်နဲ့လည်း ဒီခိုးတဲ့ အကျင့် ပျက်က မပျောက်သေးပါလား လို့ သိလိုက်ရတယ်။ အဲဒါကို ကျုပ် စိတ်ပေါက်တာ”

စခန်းမှူး ရှင်းပြတော့ လည်း တရားကျစရာ၊ စိတ် ပေါက်ချင်စရာကြီး ဖြစ်နေ၏။ ကျောက်မောင်းကတော့ ခပ်တည်တည်ပင်။ ၀မ်းနည်း ဟန်လည်း မပြ၊ နောင်တရပုံ လည်းမပေါ်။ “ကြွေးများ တော့မပူ၊ သန်းထူတော့ မယား” ဆိုသော ကိန်းသို့ ဆိုက်နေပုံရ၏။ မျက်နှာတစ် ချက်မပျက်။ ထောင်ကျ လည်းဝင်သွားရုံပဲဟု သဘော ထားသည့် မျက်နှာပေးနှင့် ခပ်အေးအေးပင်။ ဆယ်အိမ် မှူးက ၀င်မေး၏။

“ကျောက်မောင်း၊ မင်း ဘယ်အရွယ်က စထောင်ကျ တာလဲ”

“၁၀ နှစ်သားကတည်း ကပါ ဆရာ။ သရက်ကလေး ထောင်မှာကျတာ။ ခိုးမှုနဲ့ပဲ”

“အဲဒီနောက်ရောကွာ၊ ဘယ်နှကြိမ်ထပ်ကျလဲ”

“မမှတ်မိတော့ဘူး ဆရာ။ ကျတိုင်းတော့ ခိုးမှုနဲ့ ပဲ။ တခြားပြစ်မှုတော့ ကျွန်တော် မလုပ်မိပါဘူး”

“ခု မင်းအသက်က”

“၄၅ နှစ်ပါ ဆရာ”

ကျွန်တော် သက်ပြင်းချ မိပြန်၏။ ကျွန်တော်တို့ ၃ ယောက်လုံးထက်ပင် ငယ်သေး၏။ ကျွန်တော်တို့က ၅၀ တန်းသမားတွေ။ သည်တုန်း ဆယ်အိမ်မှူးက အင်မတန် စိတ်ရှုပ်ထွေးနေပုံရသော လေ သံလေးလေးကြီးဖြင့် မှတ်ချက်ချ၏။

“အင်း စခန်းမှူးရေ ခက်တော့ အခက်သားပဲ။ခင်ဗျားက သနားလို့ကယ် တင်ဖို့ ကြိုးစားခဲ့ပေမဲ့ ဆယ် စုနှစ် ၃ ခုကျော် ၄ ခုနီးပါး စွဲမြဲလာခဲ့တဲ့ အကျင့်ပျက် ဓလေ့ကြီးဆိုတော့ ဒီကောင် ဘယ်လိုလုပ် ခွာချနိုင်မလဲဗျ။ အဲဒီအကျင့်ပျက်ဓလေ့က ခုတော့ သူ့မှာ “ဓလေ့” ကနေ တစ်ဆင့်တက်ပြီး “အထုံ”ကို ဖြစ်သွားပြီနဲ့တူပါရဲ့။ ဘယ်လို ပျောက်မတုံး”

စခန်းမှူးရော၊ ကျွန်တော်ရော ပြိုင်တူခေါင်း ကုတ်လိုက်မိကြ၏။ ဘယ့် နှယ်ဖြေရပါ့ဟု စဉ်းစားနေဆဲ ရှိသေး။ အနှီ သူကောင်းသား ကျောက်မောင်းက အခုမှပဲ သူ့ကို နားလည်စွာထောက်ခံ သူပေါ်လာ ပေတော့တယ် ဆိုသော ၀မ်းသာအားရမျက်နှာ ပေးမျိုးဖြင့် ၀င်ပြောချေ၏။

“ဆရာပြောတာ အမှန်ပဲ ဆရာ။ ညတုန်းကလည်း လုံချည် ၂ ထည်နဲ့ ဒန်လင် ပန်း ၃ ချပ်ဟာ ပြန်ရောင်း လည်း ဘယ်လောက်မှ မရ ဘူးဆိုတာ ကျွန်တော် သိ သားပဲ။ ဒါပေမဲ့ စိတ်ထိန်းလို့ မရဘူး ဆရာ။ ဒါ့ကြောင့် “မရ ဒဿက ချိုင်” မှပဲ ဆို ပြီး ယူခဲ့မိတာပဲ။ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားလို့ ပြောချင်လည်း ပြောကြတော့။ ဆီဆုံကိုင် အလုပ်နဲ့ အိမ်မှာစားသောနေ နိုင်ပြီဆိုပေမဲ့ ထမင်းမမြိန် ဘူး။ ခိုးစားလိုက်ရမှကို အရသာရှိတယ် ထင်နေတာ ခင်ဗျာ။ အဲဒီအကျင့်ကြီးက နှစ်ပေါင်းများစွာ စွဲနေခဲ့ပြီ ဆိုတော့”

ကျောက်မောင်းစကား မဆက်လိုက်ရ။ ရှူးခနဲ ဒေါပွ သွားသော စခန်းမှူးက စားပွဲ ကို လက်ဝါးနှင့် ဖြန်းခနဲ ပုတ် လိုက်ပြီး ကြားဖြတ်အော်ပြော လိုက်သောကြောင့် ဖြစ်သည်။
“ဟာ ဒီကောင် တော်ကွာ၊ တော် ငါထ ထိုးမိတော့ မယ်။ ရဲဘော် ဒီကောင့်ကို အထဲပြန်ထည့်လိုက်စမ်းကွာ”

ရဲတပ်သားလေးတစ် ယောက်က ကျောက်မောင်း ကို လာခေါ်သွား၏။ မည်သို့ မျှ မတတ်နိုင်။ ကျွန်တော်နှင့် ဆယ်အိမ်မှူးတို့လည်း စခန်း မှူးတောင်းဆိုသည့်အတိုင်း လက်မှတ်ထိုးပေးခဲ့ကြရ၏။ ပြီးမှ ကျွန်တော်တို့ ၃ ယောက် လက်ဖက်ရည်ဆိုင်သို့ ထွက်ခဲ့ ကြ၏။ တစ်လမ်းလုံး ဘာမျှ မပြောဖြစ်ကြ။ ကျွန်တော့် နားထဲမှာတော့ ကျောက် မောင်း၏ ရိုးရှင်းသော ၀န်ခံ စကားတွေကို ပြန်ကြား ယောင်နေသည်။ ခိုးစားတဲ့ သစ်သီးကမှ ပိုချိုမြိန်တယ် ဆိုသော လူမိုက် အားပေးဆိုရုံ စကား တစ်ခုကိုလည်း သတိ ရနေမိပြန်၏။ ထိုအချိန်မှာပင် ဆယ်အိမ်မှူးထံမှ မေးခွန်း တစ်ခုထွက်လာ၏။

“စခန်းမှူးရေ၊ ခင်ဗျား ကောင် ပြင်လိမ့်မယ်ထင် သလား။ ကျုပ်ကတော့ တွေး ရင်း ရင်လေးမိပါသေးရဲ့။ ဆယ်စုနှစ်တွေနဲ့ ချီပြီး ခေါက် ရိုးကျိုးလာခဲ့တဲ့ အကျင့်ပျက် ဓလေ့ဆိုတော့ ခင်ဗျားပြော သလို ခွေးမြီးကောက်တွေပဲ ကုန်မလား။ ကျည်တောက် စွပ်ပေးဖို့ ခုတ်ရတဲ့ဝါးတောပဲ ပြုန်းမလားဆိုတာလိုဖြစ်နေပြီ။ ဘယ်လိုအဖြေထုတ်ကြမလဲ”

စခန်းမှူးနှင့် ကျွန်တော် တို့နှစ်ယောက် နောက်တစ် ကြိမ်ပြိုင်တူခေါင်းကုတ်မိကြ ပြန်သည်။ စခန်းမှူးကတော့ ကျောက်မောင်းကို ဒေါပွပွနှင့် စိတ်တိုပြီး ခေါင်းကုတ်ခြင်း ဖြစ် ကောင်းဖြစ်လိမ့်မည်။ ကျွန်တော် ခေါင်းကုတ်မိတာ ကတော့ ထိုမေးခွန်းကို ဖြေနိုင် လောက်အောင် ဉာဏ်မမီ သောကြောင့်ဖြစ်၏။ ဉာဏ် မီသမျှနှင့် ဖြေလျှင်လည်း ဆယ်အိမ်မှူး ဘ၀င်ကျနိုင် မည် မထင်။ မည်သူမှလည်း ကျေနပ်လိမ့်မည် ဟုမထင်။ အဘယ့်ကြောင့်ဆိုသော်...

“ဒီကိစ္စကြီးက မြန်မာ့ ရိုးရာ လက်ဝှေ့ရဲ့ ဗိုလ်လုပွဲလို ပဲဗျ။ ဟိုဘက်ဒီဘက်စိန်ခေါ် ပွဲကြီးလိုပဲ။ ကျုပ်နားထဲမှာ တော့ ရေကုန်ရေခန်း မလျှော့ စတမ်းဟေ့ ဟိုက်ရော ဟိုက် ရောဆိုတဲ့ လက်ဝှေ့ပွဲအနောင် စာဆရာရဲ့ အော်သံကြီးနဲ့ ဗိန်း မောင်းသံတွေပဲ ကြားယောင် လာမိတော့တာပဲ။ ခွေးမြီး ကောက် အင်အားကလည်း မသေးဘူး မဟုတ်လားဗျ” ဟု ဖြေရန် လတ်တလော စိတ်ကူးပေါ်လာသောကြောင့် ဖြစ်လေသည်။


နန္ဒာစိုး၊ဆင်ဖြူကျွန်း၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis