menu

Monday 2 July 2012

တခါတုန်းက ကတိတစ်ခု ရှိခဲ့ဖူးသတဲ့ကွယ်

“စာသင်ခန်းထဲမှာရှိတဲ့ ကလေးငယ်လေးတွေဟာ ကျမတို့က သူတို့ကို သင်ကြားပေးနေတဲ့ ဘာသာရပ် တွေလောက်နဲ့သာ နှိုင်းယှဉ်လို့ မရလောက်အောင်ကို ပိုလို့ကြီးမြတ်လှပါတယ်။”
Meladee McCarthy
မိဘတချို့ဟာ သူတို့ကလေးတွေနဲ့ပတ်သက်တဲ့ ဘယ်သတင်းဆိုးပဲဖြစ်ဖြစ် ကြားကို မကြားချင်ကြပါဘူး။ မစ္စတာရဲယားဒွန်ဟာ အဲဒီထဲက တစ်ယောက်ပါ။ သူ့ရဲ့ အကူအညီကို ကျမ လိုအပ်ခဲ့ပေမယ့် သူနဲ့ ဘယ်လိုမှကို အဆင်မပြေခဲ့ပါဘူး။ သူရဲ့ ဆယ်နှစ်အရွယ် သမီးလေးဟာ စိတ်ခံစားမှု နာကျင်နေတာကို သူ နားလည်အောင်လို့ ကျမဟာ နေ့လည်စာ စားချိန် တချိန်လုံးမှာ ရှင်းပြဖို့ ကြိုးစားခဲ့ပါတယ်။ ကျမ မအောင်မြင်ခဲ့ပါဘူး။ သူနဲ့ စကားပြောရတာကိုက စီရင်ချက်ချမဲ့ တရားသူကြီးတစ်ယောက်နဲ့ ပြောနေရ သလိုပါပဲ။

၁၂ နှစ်လောက် ကျောင်းဆရာမအလုပ်ကို လုပ်ပြီးတဲ့အခါမှာတော့ “တကယ်ဟုတ်နေပြီ၊ လုပ်တတ်ပြီ” လို့ ကိုယ့်ကိုယ်ကို ထင်မြင်မိတာပေါ့။ အခုတော့ဖြင့် ကိုယ့်ကိုယ်ကို ဘာကြောင့် သံသယ ၀င်နေရတာလဲ။ ဒီကလေးအဖေရဲ့ စွပ်စွဲချက်ဟာ အမှန်ပဲလား။ ရေချယ်လေးရဲ့ ပြဿနာတွေဟာ ကျမရဲ့ အားနည်းချက်၊ အမှားကြောင့်ပဲလား။ “စူပါခံစားလွယ်သူ” လို့ သူ့အဖေက တင်စားပြောထားတဲ့ ဒီကလေးအပေါ်မှာ ကျမရဲ့ မျှော်လင့်ချက်တွေဟာ လက်တွေ့မကျတာများလား။ အရင်ဆရာဆရာမတွေထက်များ ကျမက ဒီကလေး အပေါ်မှာ ပိုပြီးတော့ ဖိအားပေးခဲ့လေသလား။ အရိုးသားဆုံး ၀န်ခံရရင်တော့ ကျမဒီလို မထင်မိပါဘူး။

ပိန်ပိန်သွယ်သွယ်၊ အပြာရောင်မျက်လုံးနဲ့ ရေချယ်ဟာ စာသင်နှစ်စတဲ့အချိန်မှာ ကျမအတန်းထဲမှာရှိတဲ့ အထက်မြက်ဆုံး ကျောင်းသူတွေထဲက တစ်ဦးပါ။ အတွေး၊ အယူအဆတွေကို လျင်လျင်မြန်မြန်နဲ့ နားလည်သဘောပေါက်နိုင်တယ်။ သင်္ချာပုစ္ဆာတွေနဲ့ လူမှုရေးဘာသာ ရီပို့တွေကိုလည်း လွယ်လွယ်ကူကူပဲ လုပ်နိုင်သူ။ ဖန်တီးရေးသားမှုမှာလည်း ကိုယ်ရောစိတ်ပါရှိခဲ့ပါတယ်။ အနည်းငယ်ရှက်ရွံ့သလိုမျိုး ရှိနေပေမယ့်လည်း ရယ်မောဖို့အတွက်ကိုတော့ မတုံ့နှေးခဲ့ပါဘူး။ ကျမနဲ့ဖြစ်ဖြစ်၊ အတန်းဖော် သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် စကားလက်ဆုံလည်း အဖွဲ့ကျ နေတတ်ခဲ့သူပါ။
ဒါပေမယ့် နှစ်ဝက်လောက် ရောက်တဲ့အခါမှာတော့ စိတ်အနှောက်အယှက် ဖြစ်စရာ ပြောင်းလဲမှုတွေကို ကျမ စတွေ့ခဲ့တော့တယ်။ ရေချယ်ဟာ အချိန် အများစုမှာ စိတ်ဝင်စားမှု မရှိတော့တာပါ။ အလွယ်ကူဆုံး အလုပ်ကလေးတွေကိုလည်း စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တယ်။ တချို့ရက်တွေဆို စာရွက်ပေါ် မှာ နာမည်နဲ့ ရက်စွဲ ရေးဖို့ကိုတောင်မှ မျက်ရည်မျက်ခွက်နဲ့။ ဒါမှမဟုတ်ရင်လည်း ဒေါသတွေ ထွက်လို့။ ရင်ဘတ်ပေါ်မှာ လက်ကို ပိုက်ပြီး နေတယ်။ နှုတ်ခမ်းတွေကိုလည်း တင်းတင်းစေ့ထားပြီး တနာရီထက်မက မလှုပ်မရှားဘဲ ထိုင်နေပြန်ပါတယ်။ ကျမက သူ့ကို ပုံဝတ္ထုတစ်ပုဒ်ပုဒ် ရေးခိုင်းရင် လုပ်တာက လွဲလို့ ကျောင်းဆင်းတဲ့အချိန်အထိ လေ့ကျင့်ခန်း၊ သင်ခန်းစာ တစ်ခုကိုတောင်မှ ပြီးဆုံးအောင် မလုပ်တော့ဘူး။
ဒါပေမယ့် ကျမ သူ့ရဲ့ အိမ်ကို ဖုန်းဆက်ဖို့ ဖြစ်လာခဲ့တာကတော့ သူမရဲ့ စိုးရိမ်စရာ လူမှုဆက်ဆံရေး အပြုအမူကြောင့်ပါပဲ။ အားလပ်ချိန်မှာ အတန်းဖော် တွေက သရေကွင်းပစ်ကစားတာဖြစ်ဖြစ်၊ ကစ်ဘောကစားတာမှာဖြစ်ဖြစ် ၀င်မကစားဘဲ ခပ်လှမ်းလှမ်းမှာ တစ်ယောက်ထဲ ရပ်နေခဲ့တယ်။ စားသောက်ခန်းမထဲမှာဆိုရင်လည်း သန့်ရှင်းရေးပစ္စည်းတွေထားတဲ့ ထောင့်နားလေးမှာပဲ ထိုင်ပြန်တယ်။ များသောအားဖြင့် နေ့လည်စာ မယူလာခဲ့ဘူး။ ၀ယ်ဖို့ ပိုက်ဆံလည်း မရှိခဲ့ဘူး။ စာသင်ခန်းထဲမှာတောင် ကျမက အတွဲလိုက် လက်တွေ့လုပ်ဆောင်ချက်တွေအတွက် ပါတနာရွေးခိုင်းတဲ့အခါ ရေချယ်ဟာ တစ်ယောက်တည်းပဲ ထိုင်နေတော့တယ်။ ပြတင်းပေါက် အပြင်ဖက်ကို ငေးမောကြည့်လို့ဖြစ်ဖြစ်၊ သူမရဲ့ မှတ်စုစာအုပ်ထဲမှာ စိတ်ကူးရောက်ရာ ဖန်တစီ ရှုခင်းပုံတွေကို ရေးခြစ်လို့ဖြစ်ဖြစ် နေပါတော့တယ်။
ကျမက ဖုန်းဆက်တဲ့အခါမှာ ရေချယ်ရဲ့ ဖခင်ဟာ ဘာကြောင့်များ အဆိုးမြင်၊ မလိုလားစွာ တုန့်ပြန်ရတာပါလဲ။ သူ့ သမီးလေးရဲ့ အပြုအမူ ပြောင်းလဲနေ တာတွေနဲ့ ပတ်သက်လို့ ဘာကြောင့်များ မစိုးရိမ်ရတာလဲ။ ရေချယ်လေးဟာ တစ်စုံတစ်ခုကြောင့် စိတ်သောက ရောက်နေရတာဟာ ထင်ရှားလှပါတယ်။ သူမရဲ့ မေမေကကော။ ဖုန်းကို အမေဖြစ်သူကသာ ကိုင်ဖြစ်ခဲ့ရင် အမြင်တွေ တစ်မျိုးဖြစ်မှာလား။ နောက်ထပ် ကလေးများ မီးဖွားခါနီး နေလို့ပဲလား။ ဒါမှမဟုတ် အိမ်များ ပြောင်းရွှေ့နေကြလို့လား။ ရေချယ်ရဲ့ စိတ်သောက တွေဟာ အိမ်နဲ့ ပတ်သက်နေတာကို ကျမ အသေအချာ ပြောရဲပါတယ်။ ဒါပေမယ့် အိမ်ဆိုတာက ကျမအတွက် ကန့်သတ်ဘောင် အပြင်ဖက်မှာပါ။ သူမရဲ့ အဖေဖြစ်သူက ဒီအချက်ကို ရှင်းရှင်းလင်းလင်းပဲ ပြောခဲ့ပါတယ်။ ကျမဟာ ရေချယ်ရဲ့ ကျောင်းပတ်ဝန်းကျင်နဲ့ ပတ်သက်လို့သာ စိတ်ဝင်စားဖို့ရာကို သူက ပြောခဲ့တာ။
ဖုန်းဆက်ခဲ့ပြီးလို့ ရက်အနည်းငယ်အကြာ တစ်မနက်မှာတော့ ရေချယ်ဟာ ကျောင်းကို မြေကြီးတွေပေကျံပြီး ရှုံတွတွန့်ကြေနေတဲ့ အ၀တ်အစားတွေနဲ့ ကျောင်းကိုလာခဲ့တယ်။ ဆံပင်တွေလည်း မဖီးမလိမ်းနဲ့ ညစ်ပတ်လို့ နေပါတယ်။ ဖြူဖျော့ဖျော့မျက်နှာပေါ်မှာ သူမရဲ့ မျက်လုံးတွေဟာ ပွင့်နေတယ် ဆိုရုံလေးပါ။ ထိုင်ခုံပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။ စားပွဲပေါ်မှာ စာအုပ်တစ်အုပ်ကို ခေါင်းအုံးလိုလုပ်ပြီး မိနစ် အနည်းငယ် အတွင်းမှာပဲ အိပ်ပျော်သွားပါတော့တယ်။
၃ နာရီလောက် ကြာတဲ့အခါ ကျမရဲ့ အတန်းဟာ နေ့လည်စာ စားချိန်အတွက် အပြင်ကို ထွက်သွားကြပါပြီ။ ကျမဟာ သူမကို နူးညံ့ ညင်သာစွာနဲ့ နှိုးလိုက်ပါတယ်။ ဘာတွေဖြစ်နေတာလည်းဆိုတာကို သိမှ ဖြစ်တော့မယ်လို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။
“တခါတလေမှာ ကျမဟာ ညဖက်တွေမှာ နိုးနေတတ်ပါတယ်။ အိပ်မက်ဆိုးတွေ မမက်အောင်လို့ပါ။” မျက်လုံးတွေကို ပွတ်သပ်ပြီး သူမဟာ တိုးညှင်းစွာ ပြောပြခဲ့တော့တယ်။
“သမီး အသီးအရွက်သုပ် စားမလားဟင်” ကျမရဲ့ နေ့လည်စာအိတ်ကို ဖွင့်ရင်း မေးလိုက်ပါတယ်။
သူမဟာ မျက်နှာလွှဲလိုက်ပါတယ်။ “သမီး မေမေက အဲဒီလိုမျိုး လုပ်ပေးခဲ့ဖူးပါတယ်။” ပြောနေတဲ့ စကားကို လေးစားသမှုရှိလှတဲ့ လေသံတိုးတိုးလေးနဲ့ပါ။
“အရင်တုန်းက ဟုတ်လား” ကျမဟာ တားမြစ်ထားတဲ့ ကန့်သတ်ဘောင်နယ်ထဲကို ရောက်နေပြီဆိုတာ သိပါတယ်။ ဒါပေမယ့် လပေါင်းများစွာမှာ ရေချယ်ဟာ သူမမေမေ အကြောင်းကို ပထမဆုံးပြောနေတာပါ။
သူမဟာ ခါးပတ်ကြိုးစကို လက်တစ်ဖက်နဲ့ လိမ်နေပြီး ကျန်လက်တစ်ဖက်ကတော့ တုန်ခါနေတဲ့ မေးစေ့ကို ဖုံးအုပ်လိုက်ပါတယ်။ “မေမေက အခုတော့ ဘာမှကို မလုပ်နိုင်တော့ပါဘူး… မေမေလေ… မေမေလေ…”
“အဝေးကို ခရီးသွားနေလို့လား”  “ဒါမှမဟုတ် မေမေ နေမကောင်းဖြစ်နေလို့လားဟင်” ကျမက စူးစူးစမ်းစမ်း လုပ်ကြည့်ပါတယ်။
“ဟုတ်ပါတယ်။ ဟင့်အင်း.. မဟုတ်ဘူးလို့ ကျမ ဆိုလိုတာပါ။” ရေချယ်ဟာ ရှိုက်သံနဲ့ စပြောပါတယ်။ “ဆရာမကို ကျမ မပြောပြနိုင်ပါဘူး။ ကျမလေ ပြောပြချင်လိုက်တာ။ ဒါပေမယ့် ဖေဖေက ကျောင်းမှာ ဘယ်သူ့ကိုမှ ကျမ မပြောပြရဘူးလို့ ကတိတောင်းထားတာ။ ကျမက ကတိဖျက်လို့ မရဘူးနော်.. ဟုတ်လားဟင်။” - ဟုတ်တယ် - ဆိုပြီးကျမက ပြောလိုက်ဖို့ကို သူမရဲ့ မျက်လုံးတွေက တောင်းပန်လို့ နေပါတယ်။
အတည်ငြိမ်ဆုံး ရှိနေဖို့ကို ကြိုးစားရင်း ကျမဟာ ရေချယ်ကို တစ်ရှုးစ ကမ်းပေးလိုက်ပါတယ်။ စက္ကူပန်းကန်ပြားပေါ်မှာ သစ်သီးသုပ်ကို ဇွန်းနဲ့ ခပ်ထည့် ပါတယ်။ သူမရဲ့ တုန်လှုပ်နေတဲ့ စိတ်သောကနဲ့ အထီးကျန်ဆန်မှုကနေ ဘယ်လို လွတ်မြောက်အောင် ကူညီရပါ့မလည်းလို့လည်း တွေးမိပါတယ်။
ရေချယ်နဲ့ တည့်တည့် ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး (ကျမက ကျောင်းသားကျောင်းသူတွေကို စာရေးစေချင်ရင် လုပ်နေကြပုံစံပါ) စာတစ်ကြောင်းကို စတင် ရွတ်လိုက်ပါတယ်။ “တစ်ခါတုန်းက ကတိတစ်ခု ရှိခဲ့ဖူး သတဲ့ကွယ်….”
ချက်ချင်းဆိုသလိုပါပဲ။ ရေချယ်ဟာ ခါးကို မတ်မတ်ထားလိုက်ပါတယ်။ ဘာဆက်လုပ်ရမလည်းဆိုတာကို သူမကသိပါတယ်ဆိုတဲ့ အကြည့်နဲ့ ကျမကို ကြည့်ပါတယ်။ “တစ်ခါတုန်းက ကတိတစ်ခု ရှိခဲ့ဖူးသတဲ့ကွယ်… ” ခဲတံကို ကမန်းကတန်း ရှာဖွေရင်း သူမက လိုက်ဆိုခဲ့တာပါ။
နောက်ထပ်လို့ နာရီဝက်တောင် မကြာခင်မှာပဲ ကျမဟာ ရေချယ်ရဲ့ ဖန်တီးရေးသားထားတဲ့ “လေ့ကျင့်ခန်း စာရွက်လေး” ကို ကျမရဲ့ လက်ထဲမှာ ကိုင်ခွင့်ရထားပါတယ်။
“တစ်ခါတုန်းက ကတိတစ်ခု ရှိခဲ့ဖူးသတဲ့ကွယ်… စိတ်ဆင်းရဲပူဆွေးခြင်း တိုင်းနိုင်ငံမှာပါ။ ဖခင်ဘုရင်ကြီးနဲ့အတူ မင်းသမီးငယ်လေး တစ်ပါးဟာ တစ်ဦး တည်း နေထိုင်ခဲ့ရပါတယ်။ သူတို့ရဲ့ နန်းတော်ကြီးဟာ လှပပေမယ့်၊ သူတို့ဟာ သိပ်ကို ကြွယ်ဝ ချမ်းသာခဲ့ကြပေမယ့်၊ ဘုရင်ကြီးနဲ့ မင်းသမီးလေးတို့ဟာ ၀မ်းနည်းကြေကွဲ နေခဲ့ရပါသတဲ့။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့နဲ့အတူ မနေနိုင်တဲ့ ဘုရင်မကြီးကို သိပ်ပြီးတော့ (အလွန်အမင်းပဲ) တမ်းတ လွမ်းသ နေခဲ့ကြလို့ပါတဲ့။ တွေ့ပြီနော်.. သူမဟာ အင်မတန်မှကိုပဲ နေထိုင်မကောင်း ဖြစ်နေတာလေ။ နန်းတွင်းသမားတော်တွေက တော်ဝင်အနားယူစေမှုအတွက် သူမကို ဆေးရုံတင်ထားပါတယ်။ ဒါပေမယ့် ဘုရင်မကြီးရဲ့ ဖျားနာမှုက စိတ်မှာ ဖြစ်နေခဲ့တာ။ အနားယူမှုနဲ့တော့ ဘယ်လိုမှကို မသက်သာ နိုင်စေခဲ့ပါဘူး။
တစ်နေ့မှာတော့ နန်းတော်ကြီးကို အလည်အပတ် ပြန်လာဖို့ သမားတော်ကြီးက ခွင့်ပြုခဲ့ပါသတဲ့။ သူမရဲ့ သမီးလေးနဲ့ ခင်ပွန်းသည်တို့ကို မြင်တဲ့အခါမှာ သူမဟာ သက်သာလာနိုင်မယ်လို့ သမားတော်ကြီးက တွေးထားခဲ့တာပါ။ ဒါပေမယ့် ဒီလိုလုပ်လိုက်တာဟာ တော်ဝင်အရှုပ်တော်ပုံကြီးပဲဖြစ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရင်မကြီးဟာ အိမ်ကို ပြန်ရောက်တဲ့အခါမှာ ဆေးလုံးများစွာကို (တမင်တကာပဲ) မျိုချခဲ့လိုက်တာ သေလုနီးပါးကို ဖြစ်ခဲ့ရပါတယ်…။
ဒါနဲ့ ဘုရင်မကြီးဟာ ဆေးရုံကို ပြန်သွားခဲ့တာပေါ့။ ဘုရင်ကြီးဟာလည်း ခါတိုင်းထက်ပိုပြီး ၀မ်းနည်း ကြေကွဲရတော့တယ်။ သိပ်ကို ၀မ်းနည်းပူဆွေးလွန်းလို့ မင်းသမီးလေးကိုလည်း ဂရုစိုက်တာတွေ မလုပ်နိုင်တော့ဘူးလေ။ အခုတော့ အဲဒီမင်းသမီးလေးဟာ - အရာရာတိုင်းကို-  ကြောက်ရွံ့ တုန်လှုပ် နေပါတော့တယ်။ ခန်းမထဲသွားရင်တောင်မှ သူမရဲ့ မေမေ နေမကောင်းဖြစ်နေတာကို တစ်ယောက် ယောက်ကို ဖွင့်ပြောလိုက်ရမှာကိုပါ။
အထူးသဖြင့်ကတော့လေ…မင်းသမီးလေးဟာ သိပ်ကို ကြောက်နေပါတော့တယ်။ ဘယ်သောအခါမှ အသက်ထက်ဆုံး ပျော်ရွှင်ချမ်းမြေ့စွာနဲ့  ပြန်လည်လို့ ရှင်သန် နေထိုင်ခွင့် မရှိတော့ပြီ ဆိုတာကို သိနေလို့ပါပဲ။”
ပြီး၏။
ရေချယ်ရဲ့ ပုံဝတ္ထုဟာ ကျမကို အံ့အားမသင့်စေခဲ့ပါဘူး။ ဒါပေမယ့် သူမအပေါ် လေးလံဖိစီးနေခဲ့တဲ့အရာကို လွယ်လွယ်ကူကူပဲ ပစ်ချလိုက်နိုင်တယ် ဆိုတာကို သူမကိုယ်တိုင် သိမြင်သွားတဲ့အချက်ကိုတော့ ကျမ အံ့သြနေမိခဲ့တယ်။ ဟုတ်ပါတယ်။ “အချက်အလက်တွေ” ကို စစ်ဆေးကြည့်ဖို့ လိုအပ်နေ တာပါ။ ဒါပေမယ့် ရေချယ်ရဲ့ ကမ္ဘာထဲက တကယ့်ဘ၀အမှန်ဖြစ်တဲ့ အဓိက သော့ချက်ကို တွေ့ပြီလို့တော့ ယုံကြည်နေတယ်။ မိခင်ဖြစ်သူရဲ့ စိတ်ရောဂါနဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့တာတွေဟာ ရေချယ်လေးရဲ့ လုံခြုံမှုနဲ့ စိတ်ချမ်းသာမှုအပေါ် ပြင်းပြင်းထန်ထန်ကို ခြိမ်းခြောက်နေခဲ့တာလေ။ ဒါပေမယ့် ဖခင်ဖြစ်သူကလည်း သမီးလေးရဲ့ စိတ်လှုပ်ရှားခံစားနေရမှုအပေါ်မှာ အကူအညီ မပေးနိုင်ခဲ့ပါဘူး။ ဘယ်သူ့ကိုမှ မပြောပြဘဲ နေရမယ်လို့ ကြပ်မတ်ထားပုံ ဟာလည်း ပိုလို့သာ ဆိုးဝါးစေခဲ့ပြန်ပါတယ်။
တဖြည်းဖြည်းနဲ့ ရေချယ်ရဲ့ ဖခင်ဟာ ကျမရယ်၊ ကျောင်းက စိတ်ပညာရှင်ရယ်နဲ့ သီးသန့် တွေ့ဆုံဆွေးနွေးဖို့ကို သဘောတူခဲ့ပါတယ်။ သူ့ကလေးရဲ့ လက်ရေးနဲ့ ရေးသားထားတဲ့ မျဉ်းသားထားတဲ့ ၀ါကြင့်ကြင့်စာရွက်လေးကို ပေးလိုက်တဲ့အခါမှာ သူဟာ ကြက်သေသေနဲ့ တောင့်တင်းလို့သွားခဲ့ပါတယ်။ သူ့သမီးလေးရဲ့ ပုံဝတ္ထုကို ဖတ်ရှုပြီးတဲ့အခါမှာတော့ မျက်လုံးထဲမှာ မျက်ရည်အပြည့်နဲ့ ခေါင်းတညိတ်ညိတ်လုပ်နေပါတော့တယ်။
အိမ်က အခြေအနေတွေဟာ ကျောင်းမှာ ရေချယ်လေးရဲ့ အပြုအမူအပေါ်မှာ သက်ရောက်မှု မရှိဘူးဆိုတာကို သူ ထပ်လို့ မပြောတော့ပါဘူး။ သူမရဲ့ ကျောင်းစာနဲ့ လူမှုဆက်ဆံရေး ပြဿနာတွေအတွက် ကျမကိုပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုမှလည်း အပြစ်မတင်တော့ပါဘူး။ နောက်ဆုံးမှာတော့ သူ့သမီးလေးရဲ့ ပြဿနာ အစစ်အမှန်ကို သူ သိမြင်သွားပါပြီ။ အကူအညီအတွက် ငိုကြွေး တောင်းခံနေရှာတဲ့ သမီးလေး…။
ကျမရဲ့ အတွေးစတွေ မဆုံးသေးပါဘူး။ တကယ်လို့များ ဒီကိစ္စတွေနောက်ပိုင်းမှာ ရေချယ်ကို နောက်ထပ်လို့ မင်းသမီးပုံပြင်တစ်ပုဒ် ရေးခိုင်းမယ်ဆိုရင် သူမဟာ ဒီလိုများ စတင်လိုက်မှာလား။ ဖြစ်နိုင်လောက်ပါတယ်။
“တခါတုန်းက ကတိတစ်ခု ရှိခဲ့ဖူးသတဲ့ကွယ်။ မျှော်လင့်ခြင်း တိုင်းနိုင်ငံလေးမှာပေါ့…. ”
ဇယနိုင်
Joan Gozzi Campbell’s Once Upon a Time…
MAUKKHA

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis