menu

Monday 2 July 2012

စိန်ပန်းကုံးလေး သီရအောင်(သံလွင်ငမောက်(ယွန်းစလင်းမြေ))

ကျောင်းတက်ချိန်ရောက်ပြီ  မိခင်၊ ဖခင်အုပ်ထိန်းသူတွေက ဟိုဘက်နိုင်ငံမှာ။ အခုထိငွေလည်းမပို့၊ လူလည်းမလာ၊ ဘာမှလည်း မကြား။ ကျန်တဲ့အဘိုး၊ အဘွားတွေက ဘာလုပ်ပေးရမလဲ။ ဘယ်ကငွေနဲ့ ဘယ်သူ့အကူအညီနဲ့ ကျောင်းအပ်ရမယ်ဆိုတာ နေ့တိုင်းတွေ့ရတဲ့ အပူတွေ၊ အပူတွေ  . . .



ဧရာဝတီမြစ်ကမ်းနံဘေးရှိ သံဘိုကျွန်းငွေသောင်ယံမှ မရမ်းခြံဆိပ်ကမ်းသို့ လှေဖြင့် ကူး၍ နေ့စဉ်ကျောင်းတက်နေရသော ကလေးများ
မေလ ၂၅ ရက်နေ့ဟာ ကျောင်းအပ်နှံရေးနေ့ ဖြစ်တာမို့ တာဝန်ရှိတဲ့သူတွေ ဖိတ်ကြားချက်နဲ့ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့ရပါတယ်။ အတော်ခမ်းခမ်းနားနား စီမံထားတာမို့လို့ အထက်တာဝန်ရှိသူတွေတော်တော် များများ တက်ရောက်အားပေးကြတာ တွေ့ရပါတယ်။ ၀မ်း မြောက်ဝမ်းသာ ဂုဏ်ယူစရာတို့ရွာ၊ တို့ကျောင်း၊ တို့အလုပ်ဆိုတဲ့ စိတ်ဓာတ်အရင်းခံနဲ့ မိမိကိုယ်ကို အတော်ကျေနပ်မိတာ အမှန်ပါ။


တက်ရောက်အားပေးလာတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကတော့ ဒေသဆိုင်ရာ ပညာရေးဌာန၀န်ကြီး၊ ဒေသဆိုင်ရာဌာန အကြီးအကဲတွေအဆင့်ဆင့် အထူးသဖြင့် ဒီ ၂၀၁၂-၁၃ ပညာသင်နှစ်မှာ ကျောင်းတက်ကြမယ့် ကျောင်းသား/ကျောင်းသူတွေရဲ့ မိဘအုပ်ထိန်းသူတွေပါ ခန်းမဆောင် အပြည့်။ သူက ဘယ်အရပ်၊ ဘယ်ဒေသက ဘယ်သူက ဘယ်အဖွဲ့အစည်းက သူကဘာလူမျိုး၊ သူက မနှစ်ကမှ ဘယ်ကပြောင်းရွှေ့လာတာ စသည် စသည်ဖြင့် ဆွေးနွေးအသိ ပေးမိတ်ဆက်ကြတာ အတော်ပျော်စရာကောင်းတဲ့ မိတ်ဆက်ပွဲတစ်ပွဲလို့တောင် ထင်မှတ်ရတယ်။ ကျောင်း အပ်နှံရေးနေ့ အခမ်းအနားပြီးရော ကျောင်းသားတွေ စတင်လက်ခံပါတယ်။ ကျောင်းအုပ်ဆရာကြီးက အစ၊ ရေးဆွဲထားတဲ့ စီမံတာဝန်ချထားတဲ့အတိုင်းပဲ ကျောင်းဆရာ၊ ဆရာမတွေ အတော်အလုပ်များ ကြပါတယ်။ ဒါက သူတို့အလုပ်ပဲလေလို့ မျက်နှာလွှဲလို့ မရဘူး။ ၀ိုင်းဝန်းကြည့်ရှုပေး ကြရပါတယ်။ ကျောင်းသားဟောင်းတွေက ပြဿနာမရှိပေမယ့် ကျောင်းသားသစ်တွေကတော့ ပြဿနာမဟုတ်ရင်တောင် အတော်ရှင်းယူရတာလည်း တွေ့နေရတယ်။ ဒါကြောင့် ကျောင်းအပ်နှံရေးနေ့ဆိုတာ အဲဒီလို တန်ဖိုးရှိတဲ့နေ့အတွက် တန်ဖိုးပျက်ကွက်သွားအောင် ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တချို့ကို ရုတ်ခနဲရှင်းလို့ရတာရှိသလို သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းပြီး အဆင့်ဆင့်ရှင်းရတာလည်း ရှိတယ်။ တချို့လည်း ရှင်းနေရတုန်းပဲလို့ သိရပါတယ်။

ဧရာဝတီမြစ်ကမ်းနံဘေးရှိ သံဘိုကျွန်းငွေသောင်ယံမှ မရမ်းခြံဆိပ်ကမ်းသို့ လှေဖြင့် ကူး၍ နေ့စဉ်ကျောင်းတက်နေရသော ကလေးများ
အထူးသဖြင့် အခြေအနေ အကြောင်းကြောင့် ရွာပုန်းရွာရှောင် နေရာအနှံ့က ပြောင်းလာတဲ့ မိသားစုတွေရဲ့ မိသားစုဝင်ကလေးသူငယ် လူမမာများ ကျောင်းဝင်ရောက်နိုင်ရေးပဲ။ ကလေးငယ်များကို ဘိုးဘွားတွေ၊ ဆွေမျိုးတွေနဲ့အပ်နှံပြီး မိမိနေအိမ်ရှိရာဒေသမှ ထွက်ခွာသွားကြသူများနဲ့ မိသားစုကလေးငယ်များအတွက်ဟာ အရေးကြီး လိုအပ်တာတွေ အများကြီး။ မိဘများပေးခဲ့တဲ့နာမည်က တစ်မျိုး၊ အရပ်ကခေါ်ကြတာက တစ်မျိုး၊ အဘိုးတို့၊ အဘွားတို့ခေါ်ကြတာက တစ်မျိုး။ ဘယ်နာမည်နဲ့ ကျောင်းအပ်ရမလဲ။ ဘယ်ခုနှစ်သက္ကရာဇ်လဲ။ ဒါတွေအပြင် ကျောင်းအပ်ဖို့ ကျောင်းတက်ဖို့ လိုအပ်တာတွေ ဘယ်သူကဆက်ပြီး တာဝန်ယူမလဲ။ ဒါတွေက လောလောဆယ် ကရင်ပြည်နယ်မှာ ဖြစ်နေ၊ ခံစားနေတဲ့ကိစ္စ။ ပူပူနွေးနွေးလေး မဟုတ်ဘူး။ အတော့်ကို ကြာနေပြီ။

ကရင်ပြည်နယ် နည်းနည်းပါးပါး အေးချမ်းလာတော့ နေရာဒေသ အသီးသီးက သူဌေးမဖြစ်ရရင်တောင်  လောလောလတ်လတ် ထမင်းလေး ဘာလေးနပ်မှန်အောင် စားရဖို့အရေး ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အိုးစွန့် အိမ်စွန့်ပြီး အိမ်တိုင်ချွတ် ပြောင်းလာတာရှိသလို တချို့ကျတော့လည်း ရောက်တဲ့နေရာ၊ ရရာတက်နဲ့လှော်ပြီး အရဲစွန့်ကူးချင်တဲ့သူတချို့လည်း ပါတယ်။ အဲဒီလို မိသားစုတစ်ခုလုံး နေရပ်က စွန့်ခွာထွက်ကြပြီဆိုတော့ တစ်နွယ်ငင်တစ်စင်ပါ မိသားစုဝင် ကလေးသူငယ်တွေပါ လာရတာ ဓမ္မတာပဲလေ။ ကျောင်းအပ်ချိန် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ရတဲ့အခွင့်အရေးနဲ့ ဖြစ်နိုင်တဲ့အခြေအနေလိုက်ပြီး ပြောင်းရတာ။ သက်သာရင် သက်သာသလို အကုန်အကျနည်းနည်းနဲ့ ပြောင်းကြရတာ။ ရင်သွေးငယ်လေးတွေအတွက်ပဲ ပြောပြော၊ ဒုက္ခကြောင့် လွတ်အောင်စွန့်လွှတ်ထွက်ရတယ်လို့ပဲဆိုဆို ပြောင်းကြရွှေ့ကြတာ။ ကရင် ပြည်နယ် ဒေသခံတွေကလည်း မူလကတည်းက ရပ်ဝေးကလာတဲ့ မည်သူ့ကိုမဆို ဧည့်ခံကြိုဆိုတတ်တဲ့ဓလေ့က ရင့်ကျက်ပြီးနေရာတိုင်း၊ ရွာတိုင်းမှာလိုလို ရပ်ဝေးကပြောင်းလာသူတွေ အများကြီး။ တချို့မှတ်ပုံတင် သန်းခေါင်စာရင်းပုံစံ (၁၀) ပါတယ်။ တချို့မပါဘူး။ ရောက်လေ ရာအရပ်မှာ ဖြစ်သလိုနေကြတာ များပါတယ်။
အဲဒီတော့စကားကို ပြန်ဆက်ရရင် ကျောင်းအပ်နှံရေးနေ့မှာ ကျောင်းသားအရွယ် ရင်သွေးတွေဟာကျောင်း တက်ချင်ကြတယ်ပေါ့ဗျာ။ သူများတကာတွေ ကျောင်းတက်နေကြပြီ။ သားတို့ သမီးတို့ ဘယ်တော့ ဘယ်မှာ ဘယ်လို ကျောင်းတက်ရမယ်ဆိုတာ မျက်လုံးပြူးနဲ့ ကျောင်းတက်လာသူတွေငေးမောရင်း ရက်တွေက ကျောင်းအပ်ရာသီ ကုန်တော့မယ်။ ကျောင်းတက်ဖို့ အစမမြင်ရသေးဘူး။ မိဘအုပ်ထိန်းသူများကလည်း ဆွေမျိုးရင်းချာကမရှိ တိုင်ပင်စရာဆိုလို့ ဒေသဆိုင်ရာ အာဏာပိုင် အကူအညီတောင်းတော့ အာဏာပိုင် ဖိအားနဲ့ယူပြီး ကျောင်းအပ်တယ်လေး ဘာလေးနဲ့ ပြန်ပြောတာခံရတယ်။ အာဏာပိုင် ထောက်ခံစာနဲ့လည်း လက်မခံကြဘူး။ ကျောင်းထွက်လက်မှတ်၊ များသောအားဖြင့် မပါလာကြဘူးလေ။ တချို့ကတော့ ရှိသမျှ ငွေအသပြာလေးနဲ့ ချွေတာစားသောက်ပြီး မူလ နေခဲ့တဲ့ဒေသက ကျောင်းထွက်လက်မှတ်ကို ရအောင်ယူနိုင်ကြ သလို မရှိတဲ့သူတွေအဖို့တော့ ဘာမှမလုပ်ပေးနိုင်တာ ၀မ်းနည်းစရာ တစ်ခုပဲပေါ့။ ဒေသပေါင်းစုံ ကကလေးငယ်တွေလေဗျာ။ ဧရာဝတီနာဂစ်အဖွဲ့တဲ့၊ မန္တလေးအညာက မကွေး၊ မိတ္ထီလာ၊ သာယာဝတီ၊ ပဲခူး၊ ရခိုင်အဆုံး နေ ရာအနှံ့ စုံလို့ပါပဲ။

ကျောင်းတက်ချိန်ရောက်ပြီ  မိခင်၊ ဖခင်အုပ်ထိန်းသူတွေက ဟိုဘက်နိုင်ငံမှာ။ အခုထိငွေလည်းမပို့၊ လူလည်းမလာ၊ ဘာမှလည်း မကြား။ ကျန်တဲ့အဘိုး၊ အဘွားတွေက ဘာလုပ်ပေးရမလဲ။ ဘယ်ကငွေနဲ့ ဘယ်သူ့အကူအညီနဲ့ ကျောင်းအပ်ရမယ်ဆိုတာ နေ့တိုင်းတွေ့ရတဲ့ အပူတွေ၊ အပူတွေ  . . .

ကဲ ဘယ်လိုလုပ်ကြမလဲ။ ကလေးတွေ ဘယ်လောက်ပါမလဲဆိုတာ တွက်သာကြည့်တော့။ ကရင်ပြည်နယ်မှာ ရှိရင်းသားကလေးတွေကျတော့ ကျောင်းတက်ချိန်ရောက်ပြီ မိခင်၊ ဖခင်အုပ်ထိန်းသူတွေက ဟိုဘက်နိုင်ငံမှာ။ အခုထိငွေလည်းမပို့၊ လူလည်းမလာ၊ ဘာမှလည်းမကြား။ ကျန်တဲ့အဘိုး၊ အဘွားတွေက ဘာလုပ်ပေးရမလဲ။ ဘယ်ကငွေနဲ့ ဘယ်သူ့အကူအညီနဲ့ ကျောင်းအပ်ရမယ်ဆိုတာ နေ့တိုင်းတွေ့ရတဲ့ အပူတွေ၊ အပူတွေ၊ ကျောင်းအပ်ချိန်ကုန်တော့မယ်လေ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကကော ဘာများ အစီအစဉ်ရှိပါသလဲ။ ဘယ်နေရာ ဘယ်ဒေသအလုပ်ရုံမှာ ဘယ်လိုကလေးတွေ အလဟဿရှိ နေကြသလဲ။ အရွယ်နဲ့မလိုက်အောင် မိဘများကို ကူလုပ်နေတာ ဘယ်လိုဘယ်မျှ ရှိနေကြတာလဲဆိုတာ သိကြပါရဲ့လားဗျာ။
ဘယ်နှနှစ်ရှိပြီလဲ။ ဘယ်တော့ပြီးမလဲ။ ဒီကိစ္စသေးသေးဖွဲဖွဲကိစ္စတော့ မဟုတ်ဘူးဆိုတာ သိဖို့ ကောင်းပါတယ်။ ကျောင်းထွက် လက်မှတ်မပါရင် လုံးဝစကားမပြောဘူးဗျာ။ နောက်မလာနဲ့လို့ပဲပြောတယ်။ လူလိမ်တွေ လူညာတွေဆိုပြီးတော့လည်း ပြောလွှတ်လိုက်တဲ့ ကျောင်းတွေလည်း ရှိတယ်။ ကိုယ်ချင်းစာတရားလေး၊ သားသမီးချင်း ကိုယ်ချင်းစာစိတ်ကလေးထားပြီး ကူညီနိုင်ရင်ကောင်းပါတယ်။ ဒုက္ခရောက်သူ ၀ိုင်းကူရမယ့်အစား မောင်းထုတ်ရသလားဗျာ။ လူသားချင်း အတူတူပဲလေ။ သူများကျောင်းတက်တော့ သူ့ခမျာလည်း ကျောင်းတက် ချင်မပေါ့။ ကျောင်းတက်ချင်တဲ့စိတ်ဓာတ်ရှိတာတောင် တော်တော်လေး ကျေးဇူးတင်ဖို့ ကောင်းနေပါပြီ။
တချို့ကျောင်းတွေက ကလေးရဲ့ နောင်ရေး၊ လက်ရှိမိဘတွေရဲ့ တကယ့်အခြေအနေတွေကို လေ့လာသုံးသပ်ပြီး ကျောင်းဝင်ခွင့်စာမေးပွဲလေးတွေ ပြုလုပ်ပေးတယ်။ ဖြစ်နိုင်တဲ့အဆင့်မှာ ကျောင်းလက်ခံပေးတယ်။ အမျိုးမျိုးပါပဲ။

ဒါဆိုရင် နိုင်ငံတော်ဘက်ကလည်း တခြားနိုင်ငံတွေမှာ အခြေအနေ အကြောင်းကြောင်းကြောင့် ရောက်သွားတဲ့တို့ ကလေးတွေကို သူတို့ဆီကဆရာတွေက ဘယ်လိုလုပ်ပေးကြသလဲ။ ဘယ်လို လက်ခံပေးကြ သလဲဆိုတာတော့ သိဖို့ မလိုဘူးလားဗျာ။ ဆက်စပ်ကြည့်ပါ။ ကမ္ဘာကြီးဟာ ငယ်ငယ်လေးပါပဲ။ ကောင်းတာတော့ အတုယူသင့်တာပေါ့လေ။
စာရေးသူတို့ ငယ်ငယ်တုန်းက နယ်မြေမအေးချမ်းတော့ မြို့ကခေတ် ပညာအနည်းအကျဉ်းတတ်တဲ့ပုဂ္ဂိုလ် တွေခေါ်ပြီး ခေတ်ပညာကိုဘုန်းကြီး ကျောင်းစာနဲ့ရောသင်ခဲ့ရတယ်။ တချိန်ကျသင်တဲ့ ဆရာတော်ပြောင်း သွားတော့ သူ့နောက်လိုက်ပြီး ကျောင်းတက်ခဲ့တာ မှတ်မိသေးတယ်။ အဲဒီတုန်းက မြူနီစပါယ်ကျောင်းလို့ ခေါ်ကြတယ်ဗျာ။ ကျောင်းအပ်မယ်ဆိုတာနဲ့ ကျောင်းဝင်စာမေးပွဲဖြေရတယ်။ မှန်းထားတဲ့အတန်းကို မရရင်တောင် သင့်တဲ့အတန်းမှာ ကျောင်းတက်ခွင့်ရတယ်။ ဒီတော့ဘ၀အညွန့် မတုံးသွားဘူးပေါ့။ ဘ၀ဆိုတာ အဲဒီက စရတယ်လေဗျာ။ ကဲ အခု ဘယ်လိုလုပ်ကြမလဲ။ ကျောင်းအပ်ရာသီ ကုန်တော့မယ်။ သူများတွေ ကျောင်းတက် ကြပြီ။ အဲဒီကလေးတွေကို သီးခြားကျောင်းဖွင့်ဖို့ကလည်း မလွယ်သေးဘူးလေ။ ရော်ဘာခြံလုပ်သား၊ ကျောက်ထုလုပ်သား၊ မြို့တွင်း ဟိုကြား၊ ဒီကြားမှာ ရရာအလုပ်ကိုလုပ် ပြီးနေကြရတဲ့ မိသားစုတွေရဲ့ ကလေးတွေ၊ ကျောင်းအချိန်မီ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်နိုင်မည့် နည်းလမ်းကောင်းတစ်ခု ရှာကြံကြရအောင်၊ နောင်အနာဂတ် တို့နိုင်ငံအတွက် တစ်နေရာရာက အကျိုးမပြုနိုင်ဘူးလို့ အတိအကျ ဘယ်သူပြောနိုင်မလဲ ဗျာ။

'သဗ္ဗေသတ္တာ ကမ္မသကာ' ဆိုတာ ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်ပါတယ်ဗျာ။ မကောင်းတာတော့ ဆက်မလုပ်ချင်တော့တာ အကောင်းဆုံးပါ။ ကောင်းတာ၊ တော်တာ၊ သင့်တာတွေများ ခရီးဆက်ဖို့အရေး လောလောဆယ် 'စိန်ပန်းကုံးကလေး သီနိုင်ဖို့' ကြိုးစားသီကြဦးစို့လားဗျာ။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis