menu

Monday 2 July 2012

သူရဦးရွှေမန်းနှင့် ၈၈ မျိုးဆက် ကျောင်းသားများ ပထမအကြိမ် တွေ့ဆုံ


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သော လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဋ္ဌများနှင့် ၈၈ မျိုးဆက် ကျောင်းသားများ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မတီရုံး၌ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအေးမြင့်၊ ရင်းနှီးမြုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဌေးမြင့်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကို၊ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်းလင်း၊ အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်တို့ တက်ရောက်ခဲ့ကြပြီး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော်တို့ တက်ရောက် ဆွေးနွေးခဲကြသည်။

“ဥပဒေပြုရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာတွေကို အကျဉ်းချုပ်ပြီး ပြောရရင် ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ တည်ဆဲ ဥပဒေတွေ ပယ်ဖျက်ပေးဖို့နဲ့ အကာအကွယ် ပေးမဲ့ ဥပဒေသစ်တွေ ပြဋ္ဌာန်းပေးဖို့ပါပဲ။ သူရ ဦးရွှေမန်းကလည်း ဥပဒေတစ်ခု ပေါ်ထွက်လာဖို့အတွက် သူတို့တွေ ဘယ်လောက်ထိ လုပ်ခဲ့ရတယ် ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြန်ပြီးတော့ ဆွေးနွေးပါတယ်။ လွှတ်တော် ကိုယ်စားလှယ် အများစုဟာ ဥပဒေ ပညာရှင် မဟုတ်ကြပေမဲ့ ဥပဒေ တစ်ခု ပေါ်ထွက်လာဖို့ ဘယ်လောက်ထိ လုပ်ခဲ့ရတယ် ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြန်ပြီးတော့ ဆွေးနွေးပါတယ်။ တိုင်းပြည်အတွက် အပေါင်းလက္ခဏာဆောင်တဲ့ တွေ့ဆုံမှု တစ်ခုပါ” ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားများက နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေး၊ ပြည်ပရောက် နိုင်ငံရေး အင်အားစုများ ပြန်လာရေးနှင့် ဥပဒေပြုရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis