menu

Monday 2 July 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ် ရွှေ့ဆိုင်း




မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတစ်ဦးက ဇူလိုင်လ ၁ ရက်နေ့က ပြောကြားခဲ့ကြောင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ကို ဇူလိုင်လ တတိယပတ်တွင် စတင်မည့် အစ္စလာမ် ဘာသာဝင်များ၏ ရာမဒန် ဥပုသ်လ ပြီးနောက်ပိုင်း ပြန်လည်စီစဉ်ရန် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ နိုင်ငံခြားရေးအတွင်းဝန် Mijarul Quayes က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံ သမ္မတအနေနဲ့ ဇူလိုင်လလယ်မှာ မလာတော့ပါဘူး။ ရာမဒန်နောက်ပိုင်း တစ်ရက်ရက်ကို စီစဉ်ဖို့ လုပ်နေပါတယ်”ဟု နိုင်ငံခြားရေး အတွင်းဝန် Mijarul Quayes က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇူလိုင် လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ သုံးရက်ကြာ သွားရောက်ရန် အစောပိုင်းက စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အရေးပေါ်အခြေ အနေ ကြေညာထားရသည့်အတွက် သမ္မတအနေဖြင့် နိုင်ငံခြားသို့ ခရီး မသွားနိုင်သေးကြောင်း မြန်မာနိုင်ငံ  က ပြောကြားခဲ့သည်ဟု နိုင်ငံခြား ရေးအတွင်းဝန် Mijarul Quayes က ပြောကြားခဲ့သည်။
အဆိုပါခရီးစဉ်အတွင်း နှစ်နိုင်ငံ သဘောတူညီချက်များကို လက်မှတ် ရေးထိုးလိမ့်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးအတွင်းဝန် Mijarul Quayes က ပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း နှစ်နိုင်ငံ ကုန် သွယ်ရေး၊ နယ်စပ်အရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် သမ္မတ ဦးသိန်းစိန်၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ၀န်ကြီးချုပ် Sheikh Hasina ၊ သမ္မတ Zillur Rahman တို့နှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေးများအပြင် ရိုဟင်ဂျာအရေးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေး သွားဖွယ်ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၇၉ သန်းဖိုး တင်သွင်းခဲ့ကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis