menu

Monday 2 July 2012

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်း ကိုးခုသို့ ရုပ်ရှင်အနုပညာရှင်များ သွားရောက်၍ ငွေကျပ်သိန်းကိုးရာကျော်နှင့် ထောက်ပံ့ပစ္စည်း ၉၂ ထုပ်အား သွားရောက်လှူဒါန်း




ရဲကျော်သူ ကယ်ဆယ်ရေးစခန်း၌ အနုပညာရှင်များ ငွေလှူဒါန်းစဉ်
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်း ကိုးခုသို့ ရုပ်ရှင်အနုပညာရှင်များ သွားရောက်၍ ငွေကျပ်သိန်းကိုးရာကျော်နှင့် ထောက်ပံ့ပစ္စည်း ၉၂ထုပ်တို့အား ဇူလိုင်လ ၁ ရက်နေ့တွင် ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါလှူဒါန်းခြင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကြီးမှူး၍ နှင်းဆီအဖွဲ့သားများနှင့်ရုပ်ရှင် အနုပညာရှင်များ တင်ဆက်ကပြသည့် ရခိုင်ပြည်နယ် ပြန်လည်တိုးတက်ဖွံ့ဖြိုးရေး ရန်ပုံငွေကပွဲမှ ရရှိသည့်အလှူငွေများဖြင့် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။


w7_39_16_4
ဆင်ကူးလမ်းကယ်ဆယ်ရေးစခန်း၌ အနုပညာရှင်များ ငွေလှူဒါန်းစဉ်
စစ်တွေ view point ၌ တွေ့မြင်ရသည့်အနုပညာရှင်များ
စစ်တွေမြို့နယ်သို့ လှူဒါန်းမှုခရီးစဉ်ကို ဇူလိုင်လ ၁ ရက် နေ့ နံနက် ၇နာရီတွင် စတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌဦးဇင်ဝိုင်းဦးဆောင်သည့် အမှုဆောင်များ၊ သရုပ်ဆောင်ပြေတီဦး၊ နေတိုး၊ မင်းမော်ကွန်း၊ ခန့်စည်သူ၊ လူမင်း၊ နေအောင်၊ နန္ဒ၊ စိုင်းစိုင်းခမ်းလှိုင်၊ နေထက်လင်း၊ ဝေဠုကျော်၊ မင်းသွေး၊ ရိုတ၊ ဖော်ကာ၊ မို့မို့မြင့်အောင်၊ အိန္ဒြာကျော်ဇင်၊ စိုးမြတ်နန္ဒာ၊ ၀တ်မှုံရွှေရည်၊ မိုးဟေကို၊ အေးမြတ်သူ၊ မေကဗျာ၊ သင်ဇာဝင့်ကျော်၊ ရတနာမိုင်၊ ဖူးစုံ၊ မေသဉ္ဇာဦး စသည့်အနုပညာရှင်များစွာ လိုက်ပါလှူဒါန်းခဲ့ကြသည်။
သရုပ်ဆောင်နေတိုးမှ အားပေးစကားပြောကြားစဉ်
လှူဒါန်းခဲ့ကြရာ၌ ရဲကျော်သူ ကယ်ဆယ်ရေးစခန်းသို့ ငွေကျပ်သိန်းငါးဆယ်နှင့် ထောက်ပံ့ပစ္စည်း အထုပ်နှစ်ဆယ်၊ ဆင်ကူးလမ်းကျောင်း ကယ်ဆယ်ရေးစခန်းသို့ ငွေကျပ် ၄၇ သိန်းနှင့် ထောက်ပံ့ ပစ္စည်း ၁ထုပ်၊ ရွာကြီးမြောက် အမကကျောင်း၌ ငွေကျပ် ၄၃ သိန်း နှင့် ထောက်ပံ့ပစ္စည်း ၁ထုပ်၊ ရွှေစေတီကျောင်း ကယ်ဆယ်ရေးစခန်းသို့ ငွေကျပ် ၁၁၂ သိန်းနှင့် ထောက်ပံ့ပစ္စည်း အထုပ် ၂၀၊ ပဒုမ္မာအောင်မြေကျောင်းသို့ ငွေကျပ်သိန်းနှင့် ထောက်ပံ့ပစ္စည်း ဆယ်ထုပ်၊ ဗုဒ္ဓောမော်ကျောင်းသို့ ငွေကျပ် ၆၉ သိန်းနှင့် ထောက်ပံ့ပစ္စည်း ၂၂ထုပ်၊ ဆုတောင်းပြည့်ကျောင်းသို့ ငွေကျပ် ၉သိန်းနှင့် ထောက်ပံ့ပစ္စည်းအထုပ် ၂၀၊ မင်းဂံအလကကျောင်းသို့ ငွေကျပ် ၁၂၄ သိန်းနှင့် ထောက်ပံ့ပစ္စည်း ၂၂  ထုပ်၊ မင်းဂံဓမ္မာရုံသို့ ငွေကျပ် ၃၈ သိန်းနှင့် ထောက်ပံ့ပစ္စည်း ၂၀ ထုပ်၊ မီးလောင်ပျက်စီးခဲ့ရသည့် ဗီဒီယိုလုပ် ငန်းရှင်လေးဦးအား တစ်ဦးလျှင် ငွေကျပ်ငါးသိန်းနှင့် သိန်းနှစ်ဆယ်၊ ABC ကလေးသူငယ်စောင့်ရှောက်ရေးသို့ ငွေကျပ်သိန်းနှစ်ဆယ်၊ နာရေးကူညီမှုအသင်းသို့ ငွေကျပ်သိန်းသုံးဆယ်၊ စစ်တွေမြို့ရှိ အလိုတော်ပြည့်ကျောင်းတိုက်သို့ ငွေကျပ် ၁ သိန်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ငွေကျပ် ၁၀ သိန်း၊ ပြည်သူ့ဆေးရုံသို့ ငွေကျပ် ၂၀ သိန်း စုစုပေါင်း ငွေကျပ်သိန်းကိုးရာကျော်အား လှူဒါန်းခဲ့သည်ဟု သိရှိရသည်။
သရုပ်ဆောင်နေတိုးမှ အားပေးစကားပြောကြားစဉ်
''ကျွန်တော်တို့အနေနဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် တတ်နိုင်သလောက် ကူညီမယ်ဆိုတဲ့စိတ်နဲ့ အလှူငွေရှာဖို့ ကြိုးစားခဲ့ကြတယ်။ ကျွန်တော်တို့ နှင်းဆီအဖွဲ့သားတွေ ညီညီညွတ်ညွတ် ကပြဖျော်ဖြေနိုင်ဖို့ ရုပ်ရှင်အစည်းအရုံးက ပံ့ပိုးကူညီခဲ့သလို တခြားသော အနုပညာ ရှင်များစွာကလည်း ကျရာနေရာကနေ ပံ့ပိုးကူညီခဲ့ကြပါတယ်။ အခုရလာတဲ့ အလှူငွေတွေနဲ့ ဒီဒေသအထိ ကိုယ်တိုင်လာရောက် လှူဒါန်းကြတဲ့ ရည်ရွယ်ချက်ကလည်း သူတို့ရဲ့ အားငယ်တဲ့ အခြေအနေကို တတ်နိုင်သလောက် အားပေးချင်တယ်။ သူတို့ချစ်တဲ့ အနုပညာရှင်တွေကို မျက်မြင်တွေ့ရတဲ့အခါ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ခဏလေးပဲဖြစ်ဖြစ် မေ့သွားကြမယ်ပေါ့လေ။ အဓိကတော့ တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသလိုပါပဲ။ ကျွန်တော်တို့သူတို့အပေါ်မှာ အပြန်အလှန်ထားတဲ့ မေတ္တာကို ပြသလိုတာကြောင့် အခုလို ကိုယ်တိုင် လက်ထိလက်ရောက် လှူဒါန်းဖြစ်တာပါ''ဟု ပါဝင်လှူဒါန်းခဲ့သည့် သရုပ်ဆောင် အကယ်ဒမီနေတိုးက ရှင်းပြခဲ့သည်။
ရခိုင်ပြည်နယ် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် 'ညီညွတ်ခြင်းနှင်းဆီ' ရန်ပုံငွေဖျော်ဖြေပွဲကို ဇွန်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် အမျိုးသားကဇာတ်ရုံ၌ ဖျော်ဖြေတင်ဆက်ခဲ့ပြီး အလှူငွေ ပျမ်းမျှအားဖြင့် ကျပ်သိန်းနှစ်ထောင်ဝန်းကျင်ရရှိခဲ့ကာ ယင်းအလှူငွေ များအနက်မှ ဦးစွာ သွားရောက်လှူဒါန်းခြင်းဖြစ်သည်ဟု သိရှိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis