menu

Monday 2 July 2012

စက်မှုဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ လ၀က၀န်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများနှင့် မီဒီယာများတွေ့ဆုံ



 ဇူလိုင်လ ၁ ရက်နေ့တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌ ဦးစိုးသိန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့သည် မီဒီယာများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။ ထို့ကြောင့် ယင်းတွေ့ဆုံပွဲမှ ရရှိသည့် သတင်းများအား စုစည်းတင်ပြအပ်ပါသည်။

နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ရှင်းလင်းနေစဉ်
လှည်းတန်းဂုံးကျော်နှင့် ဘုရင့်နောင် ဂုံးကျော်တံတားများတည်ဆောက်မှု ကုန်ကျစရိတ်များအား အသေးစိတ်တွက်ချက်ကာ အတည်ပြုပြီးပါက ကြေညာပေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၅ သန်း ကုန်ကျစရာ မရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။

ဇူလိုင်လ ၁ ရက်နေ့က နေပြည်တော်၊ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည့် မီဒီယာများနှင့်တွေ့ဆုံပွဲတွင် လှည်းတန်းဂုံးကျော်နှင့် ဘုရင့်နောင်ဂုံးကျော်များ တည်ဆောက်မှုအတွက် ကုန်ကျငွေတောင်းခံသည့် မေးမြန်းချက်ပေါ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ထိုသို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက''အမေရိကန်ဒေါ်လာ ၄၅ သန်းက နောက်မှ ဖြစ်ပေါ်လာတဲ့ကိစ္စပါ။ သူက(ဂုံးကျော်တံတားများ)Cost တွက်ရတယ်။ အဲဒီ Costing ကို မြို့တော်ဝန်နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာက စစ်ဆေးတယ်။ အဲဒါလည်း ခင်ဗျားတို့ သွားစစ်ရင်လည်း အချိန်မရွေး စစ်ဆေးခွင့်ရှိတယ်။ ခင်ဗျားတို့က စစ်ချင်တယ်ဆိုလည်း ကျွန်တော်က ပြောပြပေးမယ်။ သွားကြည့်ပါ''ဟု ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဆက်လက်၍''ဘုရင့်နောင်ကျတော့ တခြားအဖွဲ့ လုပ်တာ ဘုရင့်နောင်လမ်းကလည်း အလွန်တရာ အခက်အခဲ ဖြစ်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးကိုတင် ဒီဇိုင်းကိုစစ်၊ ကြိုက်ရင် ခင်ဗျားတို့နဲ့ စာချုပ်ချုပ် ဘယ်လောက်ကျမလဲ အ သေးစိတ် တွက်ရမယ်။ နောက်ပြီးတော့မှ အတည်ပြုပေးမှာ။ အတည်ပြုပြီးမှ ဘယ်လောက်ကျသလဲဆိုတာ ကြေညာမှာ။ အခုတော့ တန်းလန်းဖြစ်နေတယ်။ ပြီးရင်ကြေညာမှာ အခုတော့ မကြေညာဘူး။ သွားကြည့်ရင်ရတယ်။ ဘယ်ကုမ္ပဏီဗျာ ကျွန်တော်ကြည့်ချင်ပါတယ်ဆို ရတယ်။ မရှိမဖြစ်တော့ ဒီလိုသွားနေရတယ်။ အစိုးရအနေနဲ့ကလည်း ဘတ်ဂျက်က Law အနေနဲ့ သွားထားတော့ မပါဘူး။ လတ်တလောမှာလည်း ဒီပြဿနာရှိနေတယ်။ ရှိ တဲ့အတွက်ကြောင့် ကျွန်တော်တို့က ဒီလိုလုပ်ပါ ဘယ်လောက်ကျတယ်ဆိုတာ တိတိကျကျတွက်ပြီးမှ ကျွန်တော်တို့ ဘယ်လိုကောက်မလဲ။ ဂုံးကျော်တံတားပေါ်မှာတော့ တိုးဂိတ်က ကောက်လို့မရဘူးလေ။ BOT လည်း မဟုတ်ဘူး။ Build Transfer ပြီးရင် လွှဲမယ်။ Opreate လုပ်ရမှာက ရန်ကုန်တိုင်းဒေသကြီး အစိုးရက လုပ်ရမှာ။ သူတို့မလုပ်ဘူး (တည်ဆောက်သည့် ကုမ္ပဏီ)၊ သူတို့လည်း အကြာကြီး ဒီလိုပေးတာ မဟုတ်ဘူး။ အပ်လိုက်တဲ့သဘောပဲ။ အဲဒါတွေ ကျွန်တော်တို့ လုပ်နေတယ်။ တာမွေကျတော့ လုပ်ဖို့မလိုဘူး။ ပလက်ဖောင်းတွေ လှီးလိုက်ရင် Traffic နဲ့ အဆင်ပြေတယ်ဆိုတော့ မလုပ်တော့ဘူး။ နောက်တစ်ခုက ရွှေဂုံတိုင်နဲ့ မြေနီကုန်းက လိုအပ်တယ်။ ရွှေဂုံတိုင်ကို အခု ရန်ကုန်တိုင်းဒေသကြီးအစိုးရက စဉ်းစားပြီး ဒီဇိုင်းထုတ် နေတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရက လုပ်တဲ့ကိစ္စဖြစ်ပါတယ်။ ကျွန်တော်က ၀ိုင်းဝန်းပြီးတော့ ကူညီပေးတဲ့အကြောင်းပဲ ရှိပါတယ်။ ၄၅ သန်း ကုန်ကျစရာလည်း အကြောင်းမရှိပါဘူး။ ၀န်ကြီး ဦးအောင်မင်းက ကားဟောင်းလဲပြီး ကားသစ်သွင်းရာကနေ Tax တွေက နိုင်ငံခြားငွေအနေနဲ့ ရှိနေတော့ သူက ဒီငွေတွေနဲ့ ရန်ကုန်တိုင်းမှာ လမ်းတွေဖွံ့ဖြိုးစေချင်တယ်။ အဲဒီအထဲက ငွေအချို့ကို သုံးလို့ရတယ်လို့ သမ္မတကြီးဆီ အကြံပြုတယ်။ သမ္မတကြီးက မူအားဖြင့် သဘောတူ ထားတော့ ဒါလုပ်တုန်း Process ပါ။ ၄၅ သန်းလုံးကို ဒီတံတားအတွက် ပေးတာမဟုတ်ပါဘူး။ ရန်ကုန်တိုင်းဒေသကြီးအစိုးရကို ထည့်ပေးတယ်။ ပြီးမှ ကျတာပြန်ချေရမှာ''ဟု ပြောကြားခဲ့သည်။

တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် အစည်းအဝေးကြီးကို ၂၀၁၅ မတိုင်မီ နေပြည်တော်၌ ကျင်းပသွားမည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောကြား
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းလျက်ရှိပြီး ၂၀၁၅ ခုနှစ်မတိုင်မီ တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် အစည်းအဝေးကြီးကို နေပြည်တော်၌ ကျင်းပသွားမည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။
''ကျွန်တော်တို့ နိုင်ငံတော်သမ္မတကြီးရဲ့ Road Map မှာ အဆင့် ၃ ဆင့် ပြောထားပြီးဖြစ်ပါတယ်။ အဲဒီအဆင့် ၃ ဆင့်ထဲမှာ ပထမဆင့်မှာ အပစ်အခတ်ရပ်စဲဖို့ ဒုတိယအဆင့်မှာ Political Dialouge တွေ လုပ်မယ်။ နေရာချထားရေး၊ ဖွံ့ဖြိုးရေးတွေလုပ်ပြီးလို့ စိတ်ချရတဲ့အနေ အထား ရောက်လာရင် တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ တိုင်းရင်းသား ၁၃၅ မျိုးရှိပါတယ်။ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ အစည်းအဝေးကြီး၊ အဲဒီ အစည်းအဝေးမှာ နိုင်ငံရေးပါတီတွေလည်း ပါမယ်။ အန်င်ဂျီအိုတွေလည်း ပါမယ်။ အဲဒီအဖွဲ့တွေ ပါဝင်တဲ့ အစည်းအဝေးကြီး တစ်ခု နေပြည်တော်မှာ ကျင်းပပါမယ်။ ကျင်းပတဲ့ အကြောင်းရင်းကလည်း သူတို့ဟာ သူတို့ရဲ့ အခွင့်အရေးတွေ၊ တန်းတူညီတူ အခွင့်အရေးတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ အုပ်ချုပ်ခွင့်ရရှိရေးတွေ ဒါတွေ တောင်းဆိုကြမယ်။ သူတို့တောင်းဆိုတဲ့အခါမှာ ကျွန်တော်တို့ ဖွဲ့စည်း ပုံ အခြေခံဥပဒေထဲမှာ ပါတဲ့ဟာတွေ အားလုံးကို ကျွန်တော်တို့ ပေးလို့ရပါတယ်။ အခြေခံဥပဒေမှာ မပါတဲ့ဟာ တွေတောင်းလာရင် ပေးလို့ မရပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပြီးမှ ပေးလို့ရမယ့်ဟာတွေဆိုရင် ကျွန်တော် လုပ်လို့မရပါဘူး။ အစည်းအဝေးကြီးကို နေပြည်တော်မှာ လုပ်မယ်။ လွှတ်တော်ကလည်း နေပြည်တော်မှာ ရှိနေတယ်။ ဒီဘက်ကလည်း မဖြေရှင်းနိုင်တဲ့ ဥပဒေကို လွှတ်တော်ထဲကို ပို့လိုက်မယ်။ လွှတ်တော်ထဲကနေ ဒီဥပဒေကို ပြင်ပေးပြီးရင် ဒီကိုပြန်ပို့မယ်။ ဟိုဘက်စားပွဲ ဒီဘက်စားပွဲ ဟိုဘက်အဆောက်အဦ ဒီဘက်အဆောက်အဦ ဒီလိုကျွန် တော်တို့က လုပ်သွားမှာဖြစ်တယ်။ တိုင်းရင်းသားတွေက ပြောတယ်။ ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်တွေမဟုတ်ပဲနဲ့ ကျွန်တော်တို့က ဒီအခွင့်အရေးကို ဘယ်လိုလုပ်ရမှာလဲ။ မဟုတ်ဘူး အဲဒီအခွင့်အရေးကို မရလို့ ရအောင်လုပ်ပေးတာ ဖြစ်တယ်။ နေပြည်တော်မှာ တိုင်း ရင်းသားတွေ အားလုံးပါဝင်တဲ့ အစည်းအဝေးကြီး လုပ်တာဖြစ်တယ်။  အဲဒီကနေမှ လွှတ်တော်ကိုပို့မှာဖြစ်တယ်။ လွှတ်တော်က ပြင်ပေးလို့ရတဲ့ ကိစ္စကို ပြင်ပေးမှာပဲဖြစ်တယ်။ ဒီအခွင့်အရေးကို ရအောင်လုပ်ပေးတာပဲဖြစ်တယ်''ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက''ကျွန်တော်တို့အစိုးရဟာ ၂၀၁၅ ခုနှစ်အထိ တာဝန်ယူပေးထားတာ ဖြစ်တယ်။ အဲဒီတော့နောက် ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ နောက်တက်မယ့် အစိုးရလက်ထဲကိုတော့ ဒီတာဝန်တွေကို လွှဲမပေးခဲ့တော့ဘူးဗျာ။ ၂၀၁၅ ခုနှစ်မတိုင်ခင်မှာ ကြိုးစားပြီးတော့ ဖြစ်အောင် ဆောင်ရွက်မယ်ဆိုတာကို ဆုံးဖြတ်ထားပြီးဖြစ်တယ်။ ဘယ်တော့လောက်လဲဆိုတာတော့ ကျွန်တော်လည်း မဖြေနိုင်သေးဘူး။ သူတို့ ပူးပေါင်းဆောင်ရွက်တာ မြန်မယ်ဆိုရင် မြန်မြန်ရောက် မှာပါပဲ။ သို့သော်လည်း နောက်အကျဆုံးအချိန်ဟာ ၂၀၁၅ ခုနှစ်မတိုင်ခင် လုပ်သွားမယ်ဆိုတာကို တင်ပြလိုပါတယ်''ဟု ပြောကြားခဲ့သည်။

နေပြည်တော်နှင့် မန္တလေးလေဆိပ်များတွင်ပါ ဆိုက်ရောက်ဗီဇာဖြင့် ပြည်ဝင်ခွင့်ပေးမည့်စနစ် တိုးချဲ့မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လက်ရှိ၌ ဆိုက်ရောက် ဗီဇာစနစ်ဖြင့် နိုင်ငံခြားသားများအား ပြည်ဝင်ခွင့်ပေးသည့်စနစ်ဖြင့် ခွင့်ပြုပေးထားပြီး နေပြည်တော်နှင့် မန္တလေးလေဆိပ်များတွင်ပါ တိုးချဲ့သွားရန်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့သည်။
လက်ရှိတွင် ရန်ကုန်လေဆိပ်မှ Arrival Visa ဖြင့် ဇွန်လ ၁ ရက်နေ့မှစ၍ ခွင့်ပြုလျက်ရှိရာ Business Visa အမျိုးအစားတစ်မျိုးကိုသာ Arrival Visa ထုတ်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံပေါင်း ၃၁ နိုင်ငံသို့ ခွင့်ပြုပေးထားကြောင်း သိရသည်။
''Arrival Visa ကို ဇွန်လ ၁ ရက်နေ့မှ စလုပ်ခဲ့တယ်။ Business Visa ကို စပြီးခွင့်ပြုပေးတာ။ သက်ဆိုင်ရာသံရုံးက ဗီဇာယူစရာ မလိုဘူး။ ဒီကိုလာခဲ့လိုက်။ တန်းပြီးထုပြီး အစစ်အဆေးမရှိပေးတယ်။ သူ့မှာ Black List ပါရင်တောင် နောက်မှ လိုက်စစ်တဲ့စနစ်ပါ။ ဇွန်လ ၁ ရက်နေ့ကစပြီး ဇွန်လ ၃၀ ရက်နေ့အထိ ၉၁၄ ယောက်ကို ပေးပြီးဖြစ်ပါတယ်။ အခုဆို တစ်ရက်ကို ပျမ်းမျှ ၅၀ ကျော်လောက် လာနေပါတယ်။ လုပ်ငန်းတွေကို ရန်ကုန်လေဆိပ်မှာပဲ စလုပ်ခဲ့တာပါ။ နောက်ပိုင်းမှာ မန္တလေး၊ နေပြည်တော်လေဆိပ်တွေမှာပါ တိုးချဲ့ပါမယ်''ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇွန်လ ၁ ရက်နေ့တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မီဒီယာ များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးစင်တာ ဇူလိုင်လအတွင်း ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်
ငြိမ်းချမ်းရေးစင်တာ Peace Center အား ရန်ကုန်မြို့တွင် ယခုဇူလိုင်လအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အစိုးရ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် နိုင်ငံတကာမှ အလှူရှင်များ၊ INGO များအကြား ပေါင်းကူးပေးရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇူလိုင်လ ၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
Peace Center အား ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ ၀င်္ဒါမီယာအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ အဆိုပါစင်တာတွင် မီဒီယာပါ ထည့်သွင်းတည်ထောင်ကာ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်မှုသတင်းများ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းနှင့် ထာ ၀ရငြိမ်းချမ်းရေး ဖော်ဆောင်နေမှု သတင်းများကို  Facebook ပေါ်သို့ တင်သွားမည်ဖြစ်ကြောင်း၊ Peace Media တွင် ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူများကို ငှားရမ်းအသုံးပြုသွားမည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIA မပါကျန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ စုစုပေါင်းအင်အားမှာ ၆၀၀၀၀ ကျော်ရှိကြောင်း၊ နယ်မြေမလုံခြုံ၍ တိမ်းရှောင်နေရသူပေါင်း ၄၃၀၀၀၀ ရှိကြောင်း၊ နယ်စပ်များရှိ ဒုက္ခသည်စခန်း ၁၀ ခုတွင် မှီခိုနေရသူပေါင်း ၃၅၀၀၀၀ ရှိကြောင်း သိရသည်။
ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်၍ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်အင်အားနှင့် ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာပါက စားနပ်ရိက္ခာ ထောက်ပံ့ခြင်း၊ လူမှုရေး၊ ပညာရေးစရိတ်ထောက်ပံ့ခြင်း၊ ဖော်ဆောင်ပေးခြင်း၊ အလုပ်အကိုင် ရှာဖွေပေးခြင်းစသည်ဖြင့် အဆင့်များစွာ ပြုလုပ်ရေးရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ပေးနိုင်ရန်အတွက် Peace Donar Supporting Group ကို ဖွဲ့စည်းထားပြီး နော်ဝေနိုင်ငံ၊ ကမ္ဘာ့ဘဏ်နှင့် ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် အခြားနိုင်ငံများမှ ပါဝင်ကြောင်း၊ အဆိုပါအဖွဲ့မှ ကူ ညီပေးမည့်အစီအစဉ်များအပေါ် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းက''နော်ဝေအပါအ၀င် ကူညီမှာပါ။ အမေရိကန်ဒေါ်လာ သန်း ၃၀ ရှိပါတယ်။ မလောက်ပါဘူး။ ကုန်ရင်ထပ်ပေးမယ် လို့လည်း ပြောပါတယ်။ ငွေကို အစိုးရက မကိုင်ပါဘူး။ PDSG ကပဲ ကိုင်မှာပါ။ ထပ်ထည့်မယ်လို့ ပြောထားတဲ့နိုင်ငံတွေလည်း ရှိပါသေး တယ်။ အခုငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ဘယ်တိုင်းပြည် အကူအညီမှမပါပဲ ကိုယ့်ပြည်တွင်းမှာပဲ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နေတာပါ။ အောင်မြင်ရင် Myanmar Model ဆိုပြီးထွက်လာမယ်။ ဒါကိုတစ်ခြား နိုင်ငံတွေက ပြန်ပြီး သုံးစွဲကြလိမ့်မယ်။ ဂုဏ်ယူဖို့ကောင်းပါတယ်'' ဟု ပြောကြားခဲ့သည်။

သေမင်းတမန်ရထားလမ်းကို ယခုမိုးရာသီအကုန်တွင် ပြန်လည်ဖောက်လုပ်ရန် လုပ်ငန်းစတင်သွားမည်
သေမင်းတမန်ရထားလမ်းအား ယခုမိုးရာသီကုန်သည်နှင့် ပြန်လည်ဖောက်လုပ်ရန်အတွက် တိုင်းတာခြင်းလုပ်ငန်းများ စတင်လုပ်ဆောင်သွားရန် စီစဉ်ထားပြီးဖြစ်သည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့ပါသည်။
သေမင်းတမန်ရထားလမ်းမှာ သံဖြူဇရပ်မှ ဘုရားသုံးဆူအထိ ၆၅ မိုင်ရှည်လျားကြောင်း၊ လက်ရှိတွင် ရထားလမ်းအူကြောင်းအား ကားများဖြတ်သန်းသွားလာမှုအတွက် အသုံးပြုလျက်ရှိကြောင်း သိရသည်။
ရထားလမ်း ပြန်လည်ဖောက်လုပ်ရာတွင် မူလသေမင်းတမန် ရထားလမ်းဟောင်း တာဘောင်အတိုင်း ပြန်လည်အသုံးပြုတည်ဆောက် သွားရန် စီစဉ်ထားကြောင်း သိရသည်။
ယခုရထားလမ်း ပြန်လည်ဖောက်လုပ်ပြီးပါက ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွက် စီးပွားရေးအရ အဆင်ပြေမှုများ ရရှိမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံနှင့်လည်း စီးပွားရေးလမ်းကြောင်း ပိုမိုပွင့်လာမည် ဖြစ်ကြောင်းလည်း သိရသည်။

ပြည်ထောင်စုဝန်ကြီးများ ပိုင်ဆိုင်မှုများ ကြေညာပြီးမှ အများပြည်သူအပေါ် အကျိုးဆောင်ရွက်သွားမည့် အဆင့်အထိ စီစဉ်ထားမှု ရှိမရှိမေးမြန်းချက်အပေါ် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းကအချိန်မရွေးပေးလို့ရကြောင်း၊ စာရင်းပြခြင်းထက် စိတ်ကခံစားပြီး စိတ်ရှင်းရှင်းဖြင့် လုပ်ခြင်းက ပိုပြီးတန်ဖိုးရှိကြောင်း ပြန်လည်ဖြေကြား
ပြည်ထောင်စုဝန်ကြီးများအနေဖြင့် အများပြည်သူ ယုံကြည်အားကိုးမှု ပိုရစေရန် ပိုင်ဆိုင်မှုများ ကြေညာပြီးမှ အများပြည်သူ အကျိုးဆောင်ရွက်မည့် အဆင့်အထိ စီစဉ်ထားမှုရှိ မရှိ မေးမြန်းချက်အပေါ် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အချိန်မရွေးပေး၍ရကြောင်း ဖြေကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြန်လည်ဖြေကြားရာတွင် "မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်ကရှိခဲ့တယ်။ ဒါတွေက အချိန်မရွေး ပေးလို့ရတယ်။ သို့သော်လည်း တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ ၀န်ကြီးတွေချည်းပဲ မဟုတ်ပါဘူး။ အခြားကဏ္ဍတွေလည်း အများကြီးရှိပါတယ်။ စာရင်းတွေ ပြနေတာထက် လူကိုယ်၌ စိတ်ကခံစားပြီး ရှင်းရှင်းလုပ်တာ ပိုပြီးတန်ဖိုးရှိမယ်လို့ ထင်တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်ကလည်း စာရင်းတွေပြပြီး ပိုင်ဆိုင်မှုတွေပြပြီး ဒီလိုဆောင်ရွက်ခဲ့ပါတယ်။ အဲဒီခေတ်မှာလည်း အခြားအမှားအယွင်း တွေကြုံတွေ့ခဲ့ရတာ ခင်ဗျားတို့အသိပဲ။ တစ်ဦးချင်းရဲ့တိုင်းပြည်အပေါ်မှာထားတဲ့စိတ်နဲ့ ရှင်းရှင်းလင်းလင်း တိုင်းပြည်အကျိုးကို ဆောင်ရွက်မယ်ဆိုတာကလည်း ပိုအဓိကျပါတယ်။ ဒီအကြောင်းအရာကို သက်ဆိုင်ရာနဲ့ ဆွေးနွေးပေးပါမယ်။ ကျွန်တော့်အနေနဲ့ No Problem ၊ကျွန်တော့်မိတ်ဆွေတွေ No Problem ပါ။ ဒါကဥပဒေအနေနဲ့ လုပ်ရမယ့် လုပ်ငန်းဖြစ်တယ်လို့ ကျွန်တော်က ပြောချင်ပါတယ်"ဟု ဖြေကြားခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis