ဘမောင်တို့ မြန်မာမှု နယ်ပယ်မှာ တော်တော် ဆိုးဆိုးဝါးဝါး ဆိုရင် “ခွေးမျိုး”လို့ ပြောလေ့ ရှိတယ်။
တော်တော်လေး အသုံး မကျရင်ပဲ ဖြစ်ဖြစ်၊
လူမှု နယ်ပယ်က လက်မခံနိုင် စရာကို ကျူးလွန်ခဲ့ရင်ပဲ ဖြစ်ဖြစ်၊ လူတစ်ဦး
တစ်ယောက်မှာ ရှိသင့် ရှိထိုက်တဲ့ အရည်အသွေးနဲ့ တော်တော်လေး ကွာခြားနေ
ရင်ပဲဖြစ်ဖြစ အဲဒီ “ခွေးမျိုး” ဆိုတဲ့ ၀ိသေသနဲ့ ခိုင်းနှိုင်း ပြောလေ့ရှိတာ
သတိ ထားမိတယ်။ အနောက်ဘက်မှာလည်း ‘son of the bitch’ ဆိုတဲ့ “ခွေးမသား”
ဆိုတာမျိုး သုံးတတ်တယ်။ အဲဒီတော့ ဘမောင်က ခွေးတွေဟာ အနိမ့်ကျဆုံး
သတ္တ၀ါတွေထဲမှာ ထိပ်ဆုံးကလားဆိုပြီး တစ်ခါတစ်ခါမကတွေးမိတဲ့အခါ ရှိတယ်။
တွေးမိလာလေ ခွေးတွေဘက်က ပိုပြီး ရှေ့နေ လိုက်ချင်လာလေ ဖြစ်ခဲ့ရတယ်။
ခွေးချစ်တတ်တဲ့သူဆိုတော့ ဘမောင်က ခွေးတွေမွေးဖြစ်တယ်။
အခုပဲအိမ်မှာ
ရော့ဝိုင်လာ (၄) ကောင်နဲ့ ခြောင်ခြောင်တစ်ကောင် ရှိနေလေရဲ့။ အသက် အကြီးဆုံး
အထီးကြီးတောင် သွားတွေ ၀ါနေပြီ။ အကြောနည်းနည်း ဆွဲနေပြီ။ သူ့နောက်ဆုံး
အချိန်တွေ အတွက် အသေအချာ ပြုစုပေးနေရသေးတယ်။
တကယ်တော့ တစ်ဦးနဲ့
တစ်ဦး စိတ်ဆိုးလို့ “ခွေး” နဲ့နှိုင်းကြရာမှာ ခွေးတွေက တချို့ ယုတ်ညံ့တဲ့
သူတွေထက် အများကြီး သာလွန်နေတာ တွေ့ရတတ်မှာပါ။ တချို့လူတွေဟာ တစ်ခါတစ်ခါမှာ
အစွန်းနှစ်ဖက်ကြားမှာ မရှိနေနိုင်ကြဘဲ အစွန်း တစ်ပါးပါးကို
ရောက်နေတတ်ကြတယ်။ တစ်ခါက သတင်းတိုလေး တစ်ခုကို ဘမောင်ဖတ်ဖူးတယ်။ သခင်
သေဆုံးသွားလို့ မြှုပ်ထားတဲ့ မြေပုံလေးမှာ ကျန်ခဲ့တဲ့ ခွေးလေးက နှစ်ပေါင်း
များစွာအထိ အစာရှာတဲ့ အချိန်က လွဲလို့ လာလာပြီး ၀ပ်နေတတ်တယ်တဲ့။ ဘယ်လောက်
သခင့်အပေါ် သံယောဇဉ်ကြီးတဲ့ ခွေးလေးလဲ။ ဘယ်လောက် သစ္စာကြီးတဲ့ ခွေးလေးလဲ။
ဟုတ်တယ်၊ ခွေးတွေကို တခြား သူတွေက ရွှေပေးပြီး လာဘ်ထိုးလို့ မရဘူး။
အစာကျွေးပြီး လာဘ်ထိုးလို့လည်း မရဘူး။ ဘမောင်အိမ်က ခွေး တွေဆိုရင်
တစ်ခါတလေမှ ဘမောင်က သူတို့ အနားကို ရောက်တာ။ သူတို့ကို ထိန်းပေးနေတဲ့၊
အစာကျွေးနေတဲ့ ကောင်လေးတွေကို သူ့သခင်နဲ့ ကောင်းကောင်း ခွဲခြားပြီး
သံယောဇဉ် ထားပေးတာ တွေ့ရတယ်။ ဘမောင် ကားသံကို မှတ်မိကြတယ်။ ခြံထဲ
ကားဝင်လာရင် ...အားလုံး ရှိတဲ့ နေရာက ပြေးလာကြတယ်။ အိမ်ထဲဝင်တဲ့အထိ
ဘမောင်နား ကမခွာကြဘူး။ သခင်က စိတ်ဆိုးလည်း အမှတ်အတေး မရှိရှာကြဘူး။
သခင်ဆူလည်း စိတ်ဆိုးရ ကောင်းမှန်း မသိကြဘူး။ လူတွေကိုစဉ်းစားလိုက်ရင်... အတော်ရင်မောစရာပဲ။ လူဆိုတော့
ဘမောင်လည်း ကိုယ်တိုင်ပါတာပေါ့။ မက်လောက်တဲ့ ငွေမျိုးပေးရင်... အားလုံး
မဟုတ်ပေမဲ့ တချို့သစ္စာ ဖောက်ရဲကြတယ်။ မှုခင်းသတင်းမှာ ဖတ်ကြည့်ရင်
တွေ့နိုင်ပါတယ်။ အဆူအငေါက် ခံရလို့ ရှိရင်လည်းအငြိုးအတေးတွေထားကြတယ်။
တခြားသူတွေ စည်းရုံး သိမ်းသွင်းရင်လည်း ပါသွားနိုင်ကြတာပဲ။
ဒါကြောင့်လူတွေရဲ့ အရည်အသွေး ကိုပြောကြရာမှာ... “သစ္စာရှိရင်လည်း လူပဲ၊ သစ္စာမဲ့ ရင်လည်း လူပဲ”တဲ့။ “အကြင်နာဆုံးလည်း ဖြစ်သလို အရက်စက်ဆုံးလည်း ဖြစ်တတ်၏”
လူတွေရဲ့ နောက်ထပ် အရည် အချင်းတစ်ခုပါ။ ဘမောင်ခွေးမကြီး (၃)ကောင်က
ခွေးကလေးတွေ မွေးတဲ့ အခါ သတိထားကြည့်မိတာ တစ်ခုရှိ တယ်။ သူတို့ကလေးတွေ
နို့ဆာလို့ အော်သံများ ကြားရင် ...အစာ စားနေရာက တောင်စားတာကို
ချက်ချင်းရပ်ပြီး ခွေး ကလေးတွေဆီသွားပြီး နို့တိုက်တတ် တယ်။
ခွေးလေးတွေကိုမိခင်ခွေးမကြီး တွေကအမြဲတမ်း လျှာနဲ့လျက်ပေးလေ့ ရှိတယ်။
သန့်ရှင်းရေးလုပ်ပေးတယ် ပေါ့။ အိမ်သားတွေရော၊ သူတို့ကိုပြုစု ပေးတဲ့ခြံထဲက
ကလေးတွေရော ကို ဘယ်တော့မှ မာန်ဖီတာမျိုး မတွေ့ရဘူး။ သူစိမ်းတွေအပေါ်
အတော်ဆိုးတဲ့ “အာနိုး” ဆိုတဲ့အထီးကြီးကတောင်... သူ့ သုံးပုံတစ်ပုံတောင်
မရှိတဲ့ ခြောင် ခြောင်မလေးကို သည်းညည်းခံရှာတယ်။ ကြီးနိုင်ငယ်ညှဉ်း
မလုပ်ဘူး။ သူ့မယား ခွေးမကြီးတွေ ကလေး မွေးတဲ့ အခါ ခပ်လှမ်းလှမ်းက
စောင့်ပေးရှာတယ်။ အနားတော့မသွားရဲဘူး။ မိခင် ခွေးမတွေက ကလေးမွေးတဲ့ အခါမှာ
သခင်က လွဲရင် ဘယ်သူမှအနားအကပ် မခံဘူး။ သူတို့ယောက်ျား “အာနိုး” ကိုလည်း
သွားဖြဲပြလိုက်တာပဲ။
တစ်လောက စာစောင် တစ်စောင်ထဲမှာ ဖတ်လိုက်ရတယ်။
မွေးကင်းစလ သား ကလေးကို လမ်းမှာ ပစ်ထားတာ တွေ့လို့ဆိုပြီး။ ဘယ်လိုကြောင့်ပဲ
မွေးခဲ့ မွေးခဲ့ပေါ့နော်။ ကိုယ့်ရင်သွေး ဖြစ်လာ ခဲ့ပြီပဲ။ ဘယ်လောက် ဆင်းရဲ
ဆင်းရဲပေါ့။ ကိုယ့်သားသမီးပဲ၊ ဘာကြောင့်မိခင် စိတ်၊ ဖခင်စိတ်တွေ
မထားနိုင်ခဲ့ကြသလဲ မသိဘူး။ ဘမောင်မှာ မိတ်ဆွေတစ် ယောက် ရှိဖူးတယ်။
ရက်စက်လွန်း၊ လူမဆန်လွန်းဘူး ထင်လို့ သူ့ကိုသိပ်ပြီး စကားမပြောတော့ဘူး။
သူတို့တစ်တွေ ဆင်းရဲတုန်းက ရုန်းကန်လှုပ်ရှား ခဲ့လိုက်ကြတာ၊ အေးအတူပူအမျှပဲ။
ကလေးသုံးယောက်ရှိတယ်။ အားလုံး အရွယ် မရောက်ကြသေးဘူး။ ကံ ကလေးပေးတော့
ကျောက်အောင်ပြီး ချမ်းသာသွားတယ်။ အရင်တုန်းက ရန်ဖြစ်သံမကြားခဲ့ရတဲ့ အဲဒီ
အိမ်ထောင် ရေးဟာ ...ချမ်းသာလာတဲ့အခါ မကြာမကြာရန်တွေဖြစ်လာတတ် ကြတာတွေ့ရတယ်။
နှစ်နှစ်လောက် လည်းကြာရော၊ ဘမောင် မိတ်ဆွေက သူ့မယားကြီးကိုကလေး
သုံးယောက်နဲ့ ထားခဲ့ပြီး ကာရာအိုကေဆိုင်ကတစ်ခု လပ်မလေးနဲ့ တရားဝင်
ယူလိုက်ကြ တယ်။ သားသမီးတွေကို ချစ်လှပါ ချည်ရဲ့ဆိုတဲ့ ဖခင်ရဲ့စကား
မေးငေါ့စရာ ဖြစ်သွားတာပေါ့။ အဲသလောက်ရက် စက်ဖို့လိုလို့လားလို့ ဘမောင် တွေး
ကြည့်မိတယ်။ ကျန်ခဲ့တဲ့ မယားနဲ့ ကလေးသုံးယောက်ကတော့ အတော်က စဥ့်ကလျား
ဖြစ်ကျန်ခဲ့တာပေါ့။ ဆင်းရဲတုန်းက မိသားစု အပေါ် အကြင်နာဆုံး ဖြစ်ခဲ့တဲ့
မိတ်ဆွေဟာ ချမ်း သာလာတဲ့ အခါမှာ အရက်စက်ဆုံး လူသား ဖြစ်သွားရပါတယ်။ အရိုးစင်းဆုံးနဲ့
အဆန်းပြားဆုံး ဆိုတာလည်း လူပါပဲတဲ့။ ဘမောင်ရဲ့စီးပွားရေးတပည့် တစ်ဦးကို
ဥပမာပေးရလိမ့်မယ်နဲ့ တူ တယ်။ ဒီကောင်က သင်္ဘောသား၊ အရွယ်က
သားသမီးအရွယ်ဆိုတော့ သံယောဇဉ်တော့ နည်းနည်းရှိသွားဖူး တယ်။ သင်္ဘောသား
ဆိုတော့ စီးပွားရေး အကြောင်း သိတာကနတ္ထိပဲ။ ဘမောင်
ဆီမှာလုပ်ရင်းကိုင်ရင်းနဲ့သွင်းကုန်၊ ထုတ်ကုန်အကြောင်း ကောင်းကောင်း သိသွား
တယ်။ ဆိပ်ကမ်း အကြောင်းလည်း နောကျေပဲ။ ဌာနဆိုင်ရာတွေနဲ့ ဆက်ဆံရေးကလည်း
မွှတ်နေတယ်။ နိုင်ငံ ခြားကုမ္ပဏီတွေရဲ့ကိုယ်စားလှယ် လုပ်ငန်းကိုလည်း
သင်ပေးထားတော့ အကျွမ်းကျင်ကြီး မဟုတ်ပေမဲ့ သာမန် လူတွေကိုတော့ ဆရာလုပ်လို့
ရတဲ့ အဆင့်ဖြစ်သွားခဲ့တယ်။ အဲဒီတုန်း ကတော့အတော်ကလေး ရိုးရိုးစင်းစင်း
ပါပဲ။
တစ်နေ့မှာကုမ္ပဏီတစ်ခုကသူ့ကို စည်းရုံးသွားတယ်။ ဒီကောင်ကလည်း
ယိုင်ချင်ချင် ဖြစ်လာပြီဆိုတော့၊ မကြာခင် မှာပဲ မျက်လုံးအကြည့်တွေ
ပြောင်းလာတယ်။ ဘမောင် သတိထားမိတာပေါ့။ သူ့လိုမျိုး အများကြီးနဲ့
ဆက်ဆံခဲ့ဖူးပြီပဲ။ ဘမောင်ဆီမှာ (၄) နှစ်လောက် အရိုး သားဆုံး
အလုပ်လုပ်လာတဲ့တပည့်ကျော် ဟာ ...နောက်ပိုင်းမှာ အဆန်းပြားဆုံး
ဖြစ်လာပါတော့တယ်။ မနေချင်တော့တဲ့ သူကို မတားတတ်တာ ဘမောင်ရဲ့ အကျင့်ပဲ။
နုတ်ထွက်ခွင့်ပေးလိုက် ပါတယ်။ ပြီးတော့ ရုံးအဖွဲ့ကို ပြော လိုက်တယ်။
မကြာခင်မှာအဲဒီ တပည့်ကျော် ကုမ္ပဏီထောင်ပြီး၊ ဘယ်နိုင်ငံ ခြားကုမ္ပဏီနဲ့
အလုပ်လုပ်လိမ့်မယ်လို့။ မကြာပါဘူး။ သည်အတိုင်း ဖြစ်လာ ကြတာပါပဲ။ နောက်တော့
တပည့်ကျော် လည်း သင်ခန်းစာတွေအများကြီး ရသွားခဲ့ပါတယ်။ သူမသိလိုက်တာ တစ်ခု
ရှိသွားတယ်။ သူက အရိုးခံကနေ ဆန်းပြားနိုင်သလို၊ သူ့ကို စည်းရုံးသွား တဲ့
ကုမ်္ပဏီကလည်း ဆန်းပြား နိုင်တယ် ဆိုတာပဲ။
လူတွေ အသုံးမကျတဲ့ အခါ
အနှိုင်း ခံရတဲ့ ခွေးတွေကို ကြည့်ဦး။ သူတို့ တွေဟာ အမြဲတမ်း ရိုးသားကြတဲ့
သတ္တ၀ါတွေ။ ဘယ်တော့မှ မဆန်းပြား ကြဘူး။ သခင်က စီးပွားရေးအဆင် ပြေလို့
အမဲသားနဲ့ ကျွေးလည်း ရိုးသား ကြသလို၊ သခင်တွေ အဆင်မပြေလို့ ငါးပိရည်ကျဲနဲ့
ကျွေးလည်း သခင်တွေ အပေါ် ရိုးသားကြတယ်။ သခင့် ရွှေကိုလည်း မခိုးဘူး။
သခင့်ငွေကို လည်း မခိုးဘူး။ သူစိမ်းဆိုရင် အမြဲတမ်း ဟောင်ပေးကြတယ်။ သခင့်
ရန်ကိုကာကွယ်ပေးဖို့အမြဲတမ်းလည်း အဆင်သင့်ဖြစ်နေကြလေ့ ရှိတယ်။
ခွေးဆိုတဲ့ သတ္တ၀ါတွေဟာ အမြဲ တမ်း ရိုးသားကြတယ်။ သစ္စာရှိကြ တယ်။ သခင့်အပေါ် အမြဲတမ်းဆန်း ပြားလေ့ မရှိတတ်ကြရှာဘူး။ ရိုးသားမှု၊
သစ္စာရှိမှုမှာတော့ လူတွေက ခွေးတွေကိုမမီကြတာတော့ အမှန်ပဲ။
အားလုံးကိုမဆိုလိုပါဘူး။ ခွေး တွေမှာအစာလောဘတစ်ခုပဲ ရှိတယ်။ ပကာသနအတွက်လောဘ
မရှိရှာဘူး။ လူတွေကတော့ ရှင်သန်မှုအတွက် အစာ လောဘ ရှိရုံမကဘူး။ အမြဲတမ်း
တောင့်တနေတဲ့ဆန္ဒ၊ လောဘတွေက အဆုံးမရှိပဲ။ စားဝတ်နေရေး ပြေလည် ပြန်တော့လည်း
သက်သောင့်သက်သာ ရှိဖို့၊ သက်သောင့်သက်သာ ရှိပြန် တော့လည်း
စည်းစိမ်ကျကျဖြစ်ဖို့၊ အဲဒီဆန္ဒပြည့်ပြန်တော့လည်း အားလုံးရဲ့
အသိအမှတ်ပြုတာကိုခံချင်ပြန်ရော၊ ပြီးတော့ ပါဝါတွေ၊ အာဏာတွေ၊ အိုး ...အတော
မသတ်နိုင်အောင်ပါပဲ။ အထွတ်အထိပ်ကတော့ ‘Self of Esteem’ ဆိုတဲ့ “ငါဘယ်သူကွ”
ဆိုတာပဲ။ အဲဒီအတွက်ကြောင့် ရိုးသားမှု တွေ၊ သစ္စာရှိမှုတွေကို
ဘေးချိတ်လာနိုင် ကြတာဖြစ်ဟန် ရှိပါတယ်။
နိုင်ငံရေး နယ်ထဲ၊
စီးပွားရေး နယ်ထဲ ဆရာ့ ကျေးဇူးကြောင့် ရောက်လာခဲ့ကြပြီး၊ အခွင့်အရေးသာတာနဲ့
ကိုယ့်ဆရာကို ကိုယ်တိုင် ရက်ရက်စက်စက် ခုတုံးလုပ်ပြီး တက်
သွားကြတဲ့သူတွေမြန်မာ့သမိုင်းမှာနည်း မှမနည်းတာ။ ကမ္ဘာ့သမိုင်းမှာလည်း
သည်လိုပဲ။ ကျေးဇူးတရား၊ ဂါရ၀ တရားတွေ ဘယ်ရောက်ကုန်ပြီလဲ မသိဘူး။
ခွေးတွေကတော့ ဘယ်လောက် အခွင့်အရေး ရရ၊ သခင်ကို ရန်မလုပ်တတ် ကြရှာဘူး။
သခင်လာရင် ဘယ်အချိန် ဖြစ်ဖြစ် ၀တ္တရား မပျက် အမြီးလေး လှုပ်ပြီးကြိုပေး
တတ်ရှာတယ်။ ရိုးသားတဲ့သူ တွေရှိကြပါတယ်။ သစ္စာကြီးတဲ့ သူတွေလည်း ရှိကြပါတယ်။
ဒါပေမဲ့ အတော်လေး နည်းပါးကြတယ်။ ဒါကြောင့် လူတွေကို
“သစ္စာအရှိဆုံးဖြစ်သလို၊ သစ္စာအမဲ့ဆုံးလည်း ဖြစ်တယ်” လို့ ပြော ကြတာနဲ့
တူတယ်။ ၀န်ထမ်းဘ၀တုန်းက ဘမောင် သွားသတိရလိုက်မိတာလေး တစ်ခုရှိတယ်။
တစ်ရက်လူကြီးလာ တော့ ဘမောင်နဲ့အဆင့်တူ အရာရှိ တစ်ဦးက သူ့အထက် တစ်ဆင့်မြင့်
အရာရှိ အကြောင်း အတွန်းအတိုက် လုပ်နေတာ ကြားလိုက်ရတယ်။ နောက် နှစ်
အနည်းငယ် အတွင်းမှာ အဲဒီလူက သူ့ အထက်အရာရှိကိုကျော်ပြီး အပေါ်ကို
ရောက်သွားခဲ့ပါတယ်။ အဲဒီလူက သူ့အတက်လမ်း ခရီးကို အဲသလို တွန်းတိုက်ပြီး
လုပ်သွားတတ်သူပါ။ ကံပေးတဲ့ အချိန်မှာ အဆင်တပြေ ဖြစ်နေပေမဲ့ ကံမပေးတော့တဲ့
အချိန်မှာ တော့ သူပြုခဲ့တဲ့ အကုသိုလ်တွေက အစုလိုက်အပြုံလိုက် တစ်ခါတည်း
အကျိုးပေးခဲ့ပါတယ်။ နောက်ဆုံး ပြစ်မှုနဲ့ အလုပ်ကထုတ်ပစ်တာခံလိုက် ရပါတယ်။
ပင်စင်တောင် ရမသွားရှာပါဘူး။ ပြင်ပနယ်ထဲ ရောက်သွား တော့လည်း
အတိတ်ဂုဏ်သတင်းက ကပ်ပါလာတာမို့ ပတ်ဝန်းကျင်က သိပ်ပြီး အကူအညီ ပေးခြင်းကို
မခံရတာ အခုထက်ထိပါပဲ။ လူတွေဟာ အစွန်းနှစ်ဖက်ကြားမှာ အများစုက
ရှိနေကြတာပါ။ အအေးဆုံး ဖြစ်နိုင်တာကလည်း လူတွေ ဖြစ်ကြ သလို၊
အပူဆုံးဖြစ်နိုင်ကြတာလည်း လူတွေပါပဲ။ မုဒိတာ ပွားနိုင်ကြတာ လည်း လူတွေ
ဖြစ်ကြသလို၊ ဣဿာ မစ္ဆရိယများကြတာလည်း လူတွေပါပဲ။
အဆိုးဆုံးကသစ္စာမဲ့ကြတာပါ။ ဆိုးဆိုးဝါးဝါး ဖြစ်လာကြရင် မြန်မာ့ယဉ်ကျေးမှုမှာလူတွေကိုခွေးတွေနဲ့ နှိုင်းကြလေ့ရှိကြတယ်။ “ဒီ ခွေးမျိုး၊ ဒီကောင်ခွေး လောက်မှ အသုံးမကျတဲ့အကောင်”
“ခွေးလောက်မှအသုံးမကျတဲ့ ကောင်” ဆိုတာ ကိုဘမောင်က လက်ခံ ပါတယ်။
“ခွေးမျိုး” ဆိုတာတော့ သိပ် လက်မခံချင်လှပါဘူး။ တော်တော် အသုံးမကျတဲ့သူတွေ
အတွက်ခွေးနဲ့ နှိုင်းရင် ဘမောင်ကခွေးတွေဘက်က နာပေးချင်ပါတယ်။ အထူးသဖြင့်သစ္စာ
စောင့်ထိန်းမှုနဲ့ ပတ်သက်လို့ပေါ့။
ဟုတ်တယ်။ ခွေးတွေက သစ်္စာတရား၊ ရိုးသား မှု နဲ့ပတ်သက်လာရင် လူအများစုထက် သာတာတော့အမှန်ပဲ။ ဒါကြောင့်ခွေးတွေဘက်က နာ တယ်၊ နာပေးရတယ်။ လူတွေအတွက် ခိုင်းနှိုင်းဖို့ တခြား သတ္တ၀ါတစ်ကောင်ကောင်ကို ရှာပေး ရဦးမယ်။
နေဇင်လတ် (ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)
|
No comments:
Post a Comment