menu

Wednesday 18 July 2012

နှစ်၊ လ၊ နာရီ ခါရာသီရွေ့ပေမယ့် . . .(ရေးသားသူ-ချမ်းငြိမ်း)


 (၁)

ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ဆန်းလိုက်ပါလာသော RC-2874 အနက်ရောင် မော်တော်ကားလေးသည် တာဝါလိန်းလမ်းအတိုင်း မောင်းနှင်လာခဲ့ပြီး ကန်တော်ကြီးပတ်လမ်းအား ချိုးကွေ့လိုက်သည့်အခါ နံနက် ၁၀ နာရီခန့်မျှ ရှိခဲ့ပြီ။ ကားမှန်အပြင်ဘက်တွင်မူ မိုးစက်မိုးပေါက်တို့ တဖွဲဖွဲရွာသွန်းလျက်ရှိသည်။ ကောင်းကင်ပြင်ကျယ်ကြီး တစ်ခုလုံးသည် ညို့ညို့ဆိုင်းဆိုင်း မှိုင်းမှောင်လျက်၊ ကားပေါ်တွင် ဦးအောင်ဆန်းသည် အပါးတော်မြဲ ဗိုလ်ထွန်းလှနှင့် စကားဟက်ဟက်ပက်ပက် မပြောဖြစ်။ ၎င်း၏ စိတ်အစဉ်သည် မြန်မာပြည်ကြီး၏ အနာဂတ်ရှေ့ရေးကိုသာ မျှော်တွေးနေပုံရသည်။


ယခုဆိုလျှင် ဗြိတိသျှနန်းရင်းဝန် မစ္စတာအက်တလီနှင့်လည်း တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမည်ဟူသော အဆိုကို ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပြီ။ ပင်လုံညီလာခံကြီးကိုလည်း အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီ။ ကိုယ်တိုင်လည်း တပ်မတော်စစ်သေနာပတိအဖြစ်မှ နုတ်ထွက်ခဲ့ပြီး ၁၉၄၇ ဧပြီလရွေးကောက်ပွဲတွင် ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် လွတ်လပ်ရေးအတွက် ကြိုးပမ်းနိုင်ခဲ့သည်။ သို့သော် လွတ်လပ်ရေးကား မရသေး....

ကန်တော်ကြီးအတွင်းရှိ သစ်ပင်များသည် အဆက်မပြတ် ရွာသွန်းလျက်ရှိသော မိုးကြောင့် ပီပြင်စွာ မမြင်တွေ့နိုင်။ ဝေသီမှုန်ဝါးစွာပင် လေအဝှေ့တွင် ယိမ်းနွဲ့နေကြသည်။ ငယ်စဉ်ကလေးဘ၀...
အထက်တန်း ကျောင်းသားအရွယ်၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ... ဒို့ဗမာအစည်းအရုံး အတွင်းရေးမှူးဘ၀...နောက်တော့ တရုတ်ပြည် အမွိုင်မြို့သို့ ရောက်သွား၊ ဂျပန်သွားသင်္ဘောတစ်စီးပေါ်က သခင်အောင်ဆန်း၊ ထိုစဉ်ကဖြစ်ရပ်နှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းသည် နောင်သောအခါ ဤသို့ရေးခဲ့ဖူးသည်။

“ကျွန်ုပ်၏အဖြစ်ကား သန်းခေါင်လကွယ် တောရိပ်လယ်၌ ရောက်ရှိနေသောသူပမာ ရှိနေတော့သည်။ သွားရသည့် နေရာကိုမသိ ဆွေလည်းမရှိ၊ မျိုးလည်းမရှိ ကမ္ဘာ့အရှေ့ပိုင်းသားသည် အရှေ့ပိုင်းအကြောင်း ကောင်းစွာမသိ၊ ဆိုးရွားပေစွ။

ကျွန်ုပ်အရှေ့သို့ ထွက်လာသည့်အရေးမှာ အမှောင်မိုက်အတွင်း သက်ဆင်းသည်နှင့် တူ၏ဟု ကျွန်ုပ်ဆို၏။ လူငယ်တို့၏ တစ်ရှူးထိုး တုံးတိုက်ကျားကိုက် စိတ်၏လှုံ့ဆော်မှုကြောင့်သာ ထွက်လာခဲ့မိခြင်း ဖြစ်သည်။ အလုပ်အစီအစဉ်ဟူ၍ အတိအကျ ဘာမှရှိသည် မဟုတ်ချေ။ ကျွန်ုပ်၏ မြော်မြင်တတ်သမျှ ဉာဏ်ဖြင့်သာ ကြုံရမည့်အရေးဟူသ၍ကို စီမံအုပ်ချုပ်ရန် ကျွန်ုပ်၏ ရဲဘော်များက အာဏာကုန် လွှဲအပ်လိုက်ခြင်း ဖြစ်ပေသည်။ အဘယ်သို့ပင်ဖြစ်စေ ငါသည် အကယ်၍ သေသွားသည့်တိုင် မြတ်သောသေခြင်း၊ နိုင်ငံအတွက် သေခြင်းသာ ဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရပေတော့သည်။”

ဤသို့ဖြင့် သခင်အောင်ဆန်းသည် ဂျပန်နိုင်ငံ တိုကျိုမြို့မှ ရန်ကုန်သို့ တစ်ခေါက် ရုပ်ဖျက်၍ ပြန်လာသည်။ မျိုးချစ်ရဲဘော်များကို တိတ်တဆိတ်စုစည်း၍ ဟိုင်နန်ကျွန်းသို့ အပါခေါ်သွားပြီး စစ်ပညာသင်ကြားခဲ့ကြသည်။ ထိုစဉ်ကလည်း သခင်အောင်ဆန်းသည် ဂျပန်တို့နှင့် ပူးပေါင်းသွားပြီဆိုသော သတင်းက မြန်မာပြည်ဝယ် ပြောနေကြ၍ နောင်သောအခါ ဤသို့ရှင်းလင်းရေးသားခဲ့ရသည်။

“အင်္ဂလိပ်အပြေး ဂျပန်အ၀င် စပ်ကူးမပ်ကူးတွင် ကျွန်ုပ်တို့ မြန်မာပြည်၏ လွတ်လပ်ရေးကို အရယူကြအံ့ဟူသော ကျွန်ုပ်တို့ ရှင်းရှင်းဝန်ခံရလျှင် အရင်းရှင်ပေါက်စလူတန်းစား အတွေးအခေါ်တို့ကြောင့် ဂျပန်တို့နှင့် ပူးပေါင်းရသောအခြေအနေ ရောက်ရှိခဲ့ရသည်။ ဂျပန်တို့ကို ကြည်ညို၍လည်းကောင်း၊ ဖက်ဆစ်စနစ်ကို အားပေးလို၍လည်းကောင်း လုံးဝမဟုတ်ပေ။”

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်တို့သည် သွေးသစ္စာရေသောက်၍ ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီးကို ဖွဲ့စည်းခဲ့ကြသည်။ ထို့နောက် ဂျပန်အကူအညီဖြင့် မြန်မာပြည်အတွင်းသို့ စစ်ကြောင်းကြီးများခွဲ၍ ဗြိတိသျှတို့အား မောင်းနှင်တိုက်ထုတ်ခဲ့ကြသည်။ ဂျပန်ခေတ်တစ်လျှောက် လွတ်လပ်ရေးကို အကြိမ်ကြိမ်တောင်းခံခဲ့သော်လည်း မရရှိခဲ့။

ရသည်ကလည်း အတုအယောင် လွတ်လပ်ရေး။ နောက်ဆုံး တိတ်တဆိတ် ညှိနှိုင်းဆောင်ရွက်ပြီး ရှိသည့်လက်နက်နှင့်ပင် ထချရန် ဆုံးဖြတ်ခဲ့ကြသည်။ ဤနေရာတွင်လည်း ဖက်ဆစ်ဂျပန်ကို တော်လှန်ရန် မဟာမိတ်အကူအညီကို ချက်ချင်းမရရှိခဲ့။ ထို့ကြောင့်ပင် “ဂျပန်ကို ထချတုန်းက ဘာကတိမှ ဗြိတိသျှအစိုးရဆီက မရခဲ့ဘူး။ ဒါပေမဲ့ ကျုပ်တို့က ဘာမှဈေးမဆစ်ဘဲ မှန်တယ်ထင်တဲ့ဘက်က ထွက်တိုက်ခဲ့တယ်။ ထင်တဲ့အတိုင်းပဲ ဟုတ်တယ်ဆိုတာ အခုဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များက သက်သေခံနေပါတယ်”ဟု ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့သည်။

(၂)

ဖက်ဆစ်ဂျပန်တော်လှန်ရေး ပြီးသည့်အခါ နေသူရိန်လူထုအစည်းအဝေးပွဲကြီးကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်။ တိုင်းပြည်လူထု၏ “လွတ်လပ်ရေး ချက်ချင်းပေး၊ လွတ်လပ်ရေး ချက်ချင်းပေး”ဆိုသော အသံများသည် မြန်မာပြည်ကြီးမှ ပင်လယ်၊ သမုဒ္ဒရာ တစ်ခုပြီးတစ်ခု ဖြတ်ကျော်သွားပြီး ဗြိတိသျှအင်ပါယာ၏ ပါလီမန်တံခါးသို့တိုင် ပဲ့တင်မြည်ဟီး ရိုက်ခတ်သွားသည်။ နန်းရင်းဝန်အက်တလီက ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာပြည်ခေါင်းဆောင်အချို့အား ခေါ်တွေ့ရတော့သည်။ သို့သော် တောင်တန်းနှင့် ပြည်မပူးပေါင်းနိုင်မှသာ တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမည်ဟု ဗြိတိသျှတို့က ဆိုပြန်၏။ အားချင်းပင် မြန်မာပြည်ပြန်လာခဲ့ကြသည်။ ခရီးရောက်မဆိုက် ရှမ်းပြည်နယ် ပင်လုံမြို့သို့ သွားရောက်၍ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဆွေးနွေးရသည်။ ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းက “စစ်အတွင်းက ကရင်အမျိုးသားတပ်ရင်း ဖွင့်တဲ့အခါ ထမင်းစားပွဲမှာ ကရင်ရဲဘော်တစ်ဦးက လူမျိုးအချင်းချင်း ညီညွတ်ဖို့အကြောင်း ပြောတဲ့အထဲမှာ ဗမာက ဖဲရိုက်၊ ကရင်က ငါးမျှားဆိုတာလို အတူတူပါပဲလို့ပြောတာ သတိရမိပါတယ်။

ကိုယ့်ဒေသအလိုက် ကိုယ်ယုံကြည်တာကို ကိုယ်ကိုးကွယ် နေထိုင်ကြပြီး သက်ဆိုင်တဲ့ကိစ္စကြီးမှာ တစ်တိုင်းတစ်ပြည်လုံးနဲ့ ညီညီညွတ်ညွတ် လုပ်ကြရင် ဒါဟာတစ်မျိုးတည်းလို့ ယူဆကြရမယ်”ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။ ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက် လွတ်လပ်ရေးမလွဲမသွေ မုချရတော့မည်ဟု ယုံကြည်ခဲ့ပေပြီ။ စောင့်ဆိုင်းနိုင်ခြင်းသည်လည်း နိုင်ငံရေး၏ အရည်အသွေးတစ်မျိုး မဟုတ်ပါလော။ တကယ်တမ်းကျ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်ကြီး လွတ်လပ်ရေးရပြီးလျှင် အေးအေးလူလူနေပြီး အခြားလူများ နိုင်ငံရေးလုပ်သည်ကိုသာ ကြည့်နေချင်သူဖြစ်သည်။ ထို့ကြောင့် မေမြို့သို့ ခေတ္တသွားရောက်ခိုက် ဗိုလ်ထွန်းလှအား “လွတ်လပ်ရေးရပြီးရင် ငါတော့ နိုင်ငံရေးကထွက်ပြီး စာတွေရေးမယ်။ နိုင်ငံရေးတွေ၊ ရာဇ၀င်တွေအပြင် အိမ်ထောင်ပြုရေး၊ သားသမီးစောင့်ရှောက်ပြုပြင်ရေး၊ အချစ်ပြဿနာ၊ လိင်ပြဿနာနဲ့ ပတ်သက်လို့ ငါ့အယူအဆ သဘောထားတွေကိုပါ စာအုပ်ရေးဦးမှာပဲ”ဟု ပြောခဲ့သေးသည်။

မေမြို့မှ ပြန်ရောက်လျှင်ရောက်ချင်း လွှတ်တော်အကြို ဆွေးနွေးပွဲတွေက ကြိုဆိုနေသည်။ ဇွန်လ ၁၀ ရက် တိုင်းပြည်ပြုလွှတ်တော် ကျင်းပချိန်၊ အနီခံလက်ဝဲဘက်ထောင့် ကြယ်ဖြူပွင့် ဖက်ဆစ်တော်လှန်ရေးအလံသည် တော်လှန်ရေးကာလက ရွာသိမ်ရွာငယ်ဇနပုဒ်၌ စတင်လွှင့်ထူခဲ့။ ထို့နောက် ဖဆပလအစည်းအရုံးများတွင် တလူလူလွင့်ပျံခဲ့။ ယခုတော့ အတွင်းဝန်များရုံး၏ အလယ်ဗဟို၌ လွင့်ပျံနေလေပြီ။

ထိုနေ့က တပ်မတော်မှ နုတ်ထွက်ခဲ့ပြီဖြစ်သော ဦးအောင်ဆန်းသည် ပန်းရောင်ခေါင်းပေါင်း၊ ပိုးပင်ဖြူရင်စေ့၊ ပန်းရောင်ဘန်ကောက်လုံချည်ဖြင့် ပြည်သူ့လွှတ်တော်သို့ ပထမဆုံးအကြိမ် တက်ရောက်လာ၏။ လွှတ်တော်ဥက္ကဋ္ဌနေရာကား ဟင်းလင်းသာရှိသေးသည်။

ဦးအောင်ဆန်းသည် ရှေးဦးစွာ ထိုင်ရာမှ ထလိုက်ပြီး “တိုင်းပြည်ပြု လွှတ်တော်အမတ်များ ခင်ဗျာ။ ယနေ့ တိုင်းပြည်ပြုလွှတ်တော် အစည်းအဝေးမှာ ကျွန်တော်တို့ အစည်းအဝေးပွဲ တက်ရောက်လာတဲ့အခါ ထုံးစံအတိုင်း ဒီအစည်းအဝေးကို ထိန်းသိမ်းစောင့်ရှောက်သွားဖို့ရာ သဘာပတိလိုပါတယ်။ ဒီလို သဘာပတိအဖြစ် တင်မြှောက်ဖို့ ကျွန်တော်က ဘဏ္ဍာရေးဝန်ကြီး သခင်မြကို အဆိုတင်သွင်းပါတယ်”ဟု အသံအောင်အောင်ဖြင့် အရေးဆိုလိုက်သောအခါ ချက်ချင်းပင် မတ်တတ်ရပ်လိုက်သူက မန်းဘခိုင်၊ “ကျွန်တော်က ထောက်ခံပါတယ်”ဟု စကားအဆုံး လွှတ်တော်တစ်ခုလုံး လက်ခုပ်သံများ ကျယ်လောင်စွာ ပေါ်ထွက်လာသည်။ ထိုတဒင်္ဂလေးအတွင်း ဦးအောင်ဆန်းသည် စိတ်လှုပ်ရှားလွန်း၍ သခင်မြရှိရာ လျှောက်သွားပြီး သခင်မြ၏ လက်မောင်းကိုဖေးကိုင်ကာ လွှတ်တော်သဘာပတိနေရာသို့ ခေါ်ဆောင်သွားလေသည်။ သခင်မြကား ရှက်ရွံ့ရွံ့ ပြုံးတုံ့တုံ့။

(၃)

အိန္ဒိယဘုရင်ခံချုပ် လော့ဒ်လူဝီမောင့်ဘက်တန် မြန်မာပြည်လာစဉ်က ဖြစ်ရပ်လေးတစ်ခု ရှိသေးသည်။ ထိုစဉ်က ဖဆပလနှင့် ဘုရင်ခံအစိုးရ နောင်ဂျိန်ချနေတုန်းဖြစ်သည်။ ရန်ကုန်မြို့ရှိ မဟာမိတ်တပ်သားများ စုစည်းထားသည့် East And West Club က ကန်တော်မိတ်သဘင်၌ ဘုရင်ခံချုပ်ကို ဂုဏ်ပြုညစားပွဲတစ်ခု တည်ခင်းသည်။ မကောင်းတတ်၍ ဖဆပလ ခေါင်းဆောင်ပိုင်းလေး၊ ငါး ဆယ်ယောက်မျှသာ ဖိတ်သည်။ ထိုစားပွဲ၌ ဗိုလ်ချုပ်ကို ချောင်ထိုးထားသည်သာမက စကားပြောရမည့် ပုဂ္ဂိုလ်စာရင်းမှာပင် ထည့်သွင်းမထား။ ဆိုင်ရာဆိုင်ရာ ပြောဆိုကြပြီး နောက်ဆုံးအစီအစဉ်အရ မောင့်ဘက်တန်က မိန့်ခွန်းပြောသည်။

မောင့်ဘက်တန် ပြောသွားသည့် စကားများထဲတွင် “(Politices is the refuge of the scoundrels) နိုင်ငံရေးလောကဆိုတာ လူယုတ်မာတို့၏ ခိုကိုးရာဒေသဖြစ်တယ်”ဆိုသော စကားရပ်ပါလာသည်။ ဧည့်ပရိသတ်ကား ငြိမ်ချက်သားကောင်းလျက် နားထောင်နေကြပြီး မိန့်ခွန်းပြီးသည့်အခါ လက်ခုပ်သံ “တဖြောင်း.. ဖြောင်း” သြဘာပေးကြသည်။ ဗိုလ်ချုပ်သည် ထိုင်ရာမှထလိုက်ပြီး မောင့်ဘက်တန်စားပွဲဆီသို့ လျှောက်သွားသည်။ ဧည့်ပရိသတ်အပေါင်းက ပါးစပ်အဟောင်းသား...၊ မောင့်ဘက်တန်ရှေ့သို့ ရောက်သောအခါ ဗိုလ်ချုပ်သည် ကာကီရောင်ဘောင်းဘီအိတ်ထဲ လက်နှိုက်လိုက်ပြီး အောက်ပါအတိုင်း ပြောချလိုက်ပါသည်။

“ဂုဏ်သရေရှိ အမျိုးသမီး၊ အမျိုးသားများ ခင်ဗျာ...အစီအစဉ်ထဲမှာ မပါတဲ့ လူတစ်ယောက်က အခုလိုထပြီး ပြောလိုက်တော့ ခင်ဗျားတို့ ထုံးစံအရ တော်တော်ရိုင်းတယ်လို့ ဆိုကြမှာပဲ။ ရိုင်းတယ်ထင်ရုံမကလို့ လဲသေသေ ကျုပ်ကတော့ ပြောစရာရှိတာကို ပြောရမှာပဲ။ ကျုပ်ပြောမှာကလည်း တခြားတော့ မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ ဂုဏ်ပြုအပ်တဲ့ ဧည့်သည်တော်ကြီးရဲ့ သနားစရာကောင်းတဲ့ အဘိဓမ္မာကို ဝေဖန်ပြမယ့် အချက်ဖြစ်ပါတယ်။ နိုင်ငံရေးလောကဆိုတာ လူယုတ်မာတွေ ခိုကိုးရာဒေသဖြစ်တယ်လို့ ဘုရင်ခံချုပ်ကြီးက ပြောသွားပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေမှာတော့ မှန်ကောင်းမှန်မယ်။ ကျုပ်တို့ အရှေ့နိုင်ငံ အယူအဆကတော့ ဘုရင်ခံချုပ်ကြီး ခံယူချက်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ ကျုပ်တို့ဆီမှာ နိုင်ငံရေးဆိုတာ ပရဟိတလုပ်ငန်း၊ လောကတ္ထစရိယကျင့်တဲ့လုပ်ငန်း၊ ဒါဟာ ဒွိဟိတ်ပုဂ္ဂိုလ်တွေ မလုပ်နိုင်ဘဲ တိဟိတ်ပုဂ္ဂိုလ်များ ဘုရားအလောင်းများသာ လုပ်နိုင်တဲ့လုပ်ငန်းလို့ ယူဆထားတယ်။ အဲဒီလို အလွန်မွန်မြတ်တဲ့အထဲမှာ တစ်ခါတစ်ရံ လူယုတ်မာတွေ ပါလာကောင်း ပါလာမယ်။ အဲဒါကြောင့် နိုင်ငံရေးဟာ မကောင်းဘူးလို့ ဆိုရတော့မှာလား။ ဥပမာတစ်ခု ပြောပါရစေ။ ဒီအဆောက်အအုံကြီးဟာ လူအများ စုဝေးဖို့ ဆောက်ထားတယ်။ အစောင့်အကြပ်ကင်းမဲ့ချိန်မှာ တစ်ခါတစ်ရံ ခွေးတွေ တက်အိပ်နေကြတယ်။ အဲဒီလို ခွေးတွေ တက်အိပ်နေတာကို ကြည့်ပြီး ဒီအဆောက်အအုံကြီးဟာ ခွေးအိပ်ဖို့ ဆောက်ထားပါတယ်လို့ဆိုရင် မှန်ပါ့မလား။ မမှန်ပါဘူး။ ဒါကြောင့် နိုင်ငံရေးဟာ ဒီလိုပဲ အင်မတန်မွန်မြတ်ပါတယ်။ ဒီအဆောက်အအုံကြီးပေါ်မှာ ခွေးတက်အိပ်သလို လူယုတ်မာတွေလည်း အလစ်မှာ နိုင်ငံရေးလောကထဲ ၀င်လာတတ်ပါတယ်။ အဲဒီလို ၀င်လာတဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံရေးသမားစစ်စစ်တွေက ဒီလူယုတ်မာတွေကို မျက်ခြည်မပြတ် ဟန့်တားဝိုင်းပယ်နိုင်သည်နှင့်အမျှ နိုင်ငံရေးလောကကြီးဟာ သန့်ရှင်းစင်ကြယ် မွန်မြတ်လာပါလိမ့်မယ်။ ဒါပါပဲ ကျုပ်ပြောချင်တာ”ဟုဆိုပြီး နေရာသို့ ခပ်တည်တည်ပြန်လာခဲ့၏။ ထိုစဉ် မောင့်ဘက်တန်က ထိုင်ရာမှ ရပ်လိုက်ပြီး လက်ခုပ်တီးလေသည်။ ထို့နောက်...

“ဒီနေ့ည စကားပြောကြတဲ့အထဲမှာ အစီအစဉ်ထဲမပါတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းဟာ အဖိုးတန်ဆုံးပါပဲ။ ကျွန်တော် ပြောမိတာကတော့ ထမင်းစားပွဲအပြီး ရယ်စရာမောစရာအနေနဲ့ ခပ်ပေါ့ပေါ့နိုင်ငံရေးလောကကို ပြက်ရယ်ပြုတဲ့စကား ပြောမိတာပါ။ အလွန်ဝမ်းနည်းပါတယ်။ ကျွန်တော်ပြောမိတဲ့ အချက်အလက်တွေကို ရုပ်သိမ်းပါတယ် ခင်ဗျာ”ဟု ဆိုရလေသည်။

(၄)

နောက်ဆုံးပြောခဲ့သော မြို့တော်ခန်းမ လူထုအစည်းအဝေး မိန့်ခွန်းမှာလည်း လူပြောသူပြော များခဲ့သည်။ ထို့နေ့က မိုးတဖွဲဖွဲ ရွာသွန်းနေသည့်ကြားထဲ လူထုပရိသတ် ထောင်ပေါင်းများစွာသည် မိန့်ခွန်းကို လာရောက်နားထောင်ခဲ့ကြသည်။ ထိုမိန့်ခွန်း၌ “ဗမာပြည်မှာ စားကုန်သောက်ကုန် စရိတ်ကြီးမြင့်နေခြင်းဟာ ခင်ဗျားတို့ ဘုံးဘောလအော သုံးစွဲမှုကြောင့် ဖြစ်တယ်။ ခြိုးခြံသင့်တဲ့နေရာကို ခြိုးခြံ။ ကိုယ့်အိမ်မှာ စိုက်စားသင့်တာ မစားဘဲ နိုင်ငံခြားသွင်းကုန်အပေါ် မှီစားတဲ့အတွက် ဈေးကြီးတယ်။ လွတ်လပ်ရေးလိုချင်ရင် လွတ်လပ်ရေးရတဲ့ စည်းကမ်းညီညွတ်မှုတွေကို ထိန်းသိမ်းပါ။ ထူထောင်မှုတွေကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေးအရသာ ကိစ္စအတွက် အလုပ်လုပ်တဲ့နေရာမှာ စည်းကမ်းရှိဖို့၊ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ဖို့၊ ခင်ဗျားတို့ စောက်ကျင့်တွေ ပြင်ဖို့လိုနေပြီလို့ ကျွန်တော်ပြောခဲ့မယ်”ဟု အနာဂတ်မြန်မာနိုင်ငံတော်သစ် တည်ထောင်ရေးအတွက် ပြင်းထန်သော စကားလုံးများဖြင့် ပြောခဲ့သည်။
နောက်တစ်နေ့တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ အစ်ကိုကြီးဦးဘ၀င်းအိမ်၌ ရောက်ရှိနေသော အစ်ကိုဦးအောင်သန်းအား သွားတွေ့ခိုက် အစ်ကိုနှစ်ယောက်လုံးက ထိုမိန့်ခွန်းနှင့်ပတ်သက်၍ ပြင်ပ၌ ဝေဖန်နေကြကြောင်း ပြောကြရာ “ကျွန်တော် တမင်ကြမ်းကြမ်း ပြောလိုက်တာပဲ။ ဒါမှ လူတွေမှတ်မိမယ်”ဟု ပြန်လည်ပြောဆိုခဲ့ပါသည်။

ထိုအတောအတွင်း ဒီးဒုတ်ဦးဘချိုက ဘရင်းဂန်း အလက် ၂၀၀ ပျောက်ဆုံးမှုကို သတိထားသင့်ကြောင်း၊ ၀န်ကြီးများရုံးကို အစောင့်အရှောက် ထူထပ်စွာ ချထားသင့်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းအား အလေးအနက် သတိပေးခဲ့ဖူးသည်။ ယင်းကိစ္စမျိုးနှင့် ပတ်သက်၍ မြန်မာပြည်ဘုရင်ခံဟောင်း ဆာဒေါ်မန်စမစ်ရှေ့၌ မျက်ရည်ကျခဲ့ဖူးပြီဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းက “ကျုပ်တို့ဟာ မြန်မာပြည်ကြီး ကောင်းစားအောင် ဒီလောက်ကြိုးစားနေတာပဲ။ ဒါကို မကျေနပ်လို့ သတ်ချင်လည်းသတ်ကြ”ဟု ပြန်ပြောခဲ့လေသည်။

(၅)

ကားသည် အတွင်းဝန်များရုံးထဲ ချိုးကွေ့ဝင်လိုက်သည်။ ဖြောင့်ဖြူးသော ကတ္တရာလမ်းအတိုင်း မောင်းနှင်လာခဲ့ပြီး စပတ်လမ်းဘက်ရှိ ဆင်ဝင်အောက် ထိုးရပ်လိုက်သည်။ ဗိုလ်ထွန်းလှက ကားပေါ်မှ ဦးစွာဆင်းသည်။ ဦးအောင်ဆန်းသည် ရွှေဖလားရောင် ဘန်ကောက်လုံချည်အား အသာမ၍ လှေကားပေါ် ဖြေးဖြေးမှန်မှန် တက်သွားသည်။ အစည်းအဝေးခန်းမထဲသို့ ၀င်လိုက်သည့်အခါ ၀န်ကြီးများ အစုံအညီရောက်ရှိနေကြပြီ။ ဦးအောင်ဆန်းက ဂငယ်ပုံသဏ္ဍာန် အစည်းအဝေးစားပွဲကြီး၏ထိပ်၌ ၀င်ထိုင်လိုက်သည်။ လက်ဝဲဘက်တွင် အတွင်းဝန်ဦးရွှေဘော်၊ ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြနှင့် မိုင်းပွန်စော်ဘွားကြီးတို့ အစဉ်အတိုင်းထိုင်နေပြီး လက်ယာဘက်တွင် သခင်မြ၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ ဦးဘ၀င်းနှင့် မန်းဘခိုင်တို့ နေရာယူထားကြသည်။ အလှည့်ကျ အစိုးရအတွင်းဝန် ဦးအုန်းမောင်က သူရေးဆွဲထားသည့် သယ်ယူပို့ဆောင်ရေး စီမံကိန်းအကြောင်း ရှင်းလင်းတင်ပြရန်လည်း ရောက်ရှိနေပါသည်။

အစည်းအဝေးစတင်သည်မှ မကြာသေး အပြင်ဘက်စင်္ကြံလမ်းတစ်လျှောက် လျှောက်လာသည့် ဖိနပ်သံများ၊ ရုတ်ခြည်းပင် တံခါးကို အတင်းတွန်းဖွင့်ဝင်လာသူ သုံးလေးဦး...အားလုံး စစ်ယူနီဖောင်းများ ၀တ်ထားကြသည်။

လက်ထဲတွင် သေနတ်ကိုယ်စီနှင့်၊ ...အခြေအနေအရပ်ရပ်ကို နားလည်သဘောပေါက်သွားချိန်မှာတော့ အရာအားလုံး နောက်ကျခဲ့လေပြီ။ နာရီလက်တံများက မနက် ၁၀ နာရီ ၃၇ မိနစ်ကို ညွှန်ပြနေသည်။ တိတိကျကျဆိုရပါလျှင် ၁၉၄၇ ဇူလိုင် ၁၉ ရက်၊ စနေနေ့ မနက်။

(၆)

မိုးကစိုစို၊ ကျီးအုပ်ပြို၍
ထိုမှ ဤမှ၊ တို့လမ်းမတွင်
ပျံကြ ၀ဲကြ၊ ငရဲထသို့
အုံကြွမြည်အာ၊ မသာယာကို
ငါကြားခဲ့၏၊ မှတ်မိ၏ ။

ထိုနေ့၌ပင်၊ ထိုချိန်ထင်၏
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏
မြေခသတင်း၊ မိုးကြိုးခွင်းသို့
အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌
မချင့်မရဲ၊ ၀မ်းနည်းခံခက်
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်
ရွာဦးပိုင်းမှ၊ သင်္ချိုင်းထိ။    ။

ရည်ညွှန်း -
(၁) ဗမာ့နိုင်ငံရေးသုခမိန်(မောင်ထင်)
(၂) နိုင်ငံတော်လုပ်ကြံမှု(ဒေါက်တာမောင်မောင်)
(၃) ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ
(၄) အောင်ဆန်း(အောင်သန်း)
(၅) အောင်ဆန်းတို့မိသားစု(အောင်သန်း)
(၆)ကျွန်ုပ်သိသောဗိုလ်ချုပ်(တက္ကသိုလ်နေ၀င်း)
(၇) အောင်ဆန်းဦးတို့အဖေ(တက္ကသိုလ်နေ၀င်း)
(၈)ပြောလိုက်ပါဘိ၊ဟောပါဘိ(ဇော်ဂျီ)
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis