menu

Wednesday 18 July 2012

နတ်မောက်မြို့ကောင်းကင်ယံက အလျှံတညီးညီးကြယ်တစ်ပွင့်(ရေးသားသူ-မောင်သာချို)

 (တစ်)

ကမ္ဘာကျော်ရုပ်ရှင်ဒါရိုက်ကြီး တစ်ယောက်ရှိပါသည်။ သူ့နာမည်က စတီဗင်စပီးလ်ဘာ့ဂ် (Steven Spielberg)။ E.T ဆိုသည့် ရုပ်ရှင်ကား၊ Jaws ဆိုသည့် ရုပ်ရှင်ကား၊ Jurassic Park ဆိုသည့် ရုပ်ရှင်ကား၊ Schinler's List ဆိုသည့် ရုပ်ရှင်ကားစသည်ဖြင့် ပရိသတ်အသည်းစွဲ ရုပ်ရှင်ကား တော်တော်များများကို ရိုက်ကူးခဲ့သော ဒါရိုက်တာကြီးလည်း ဖြစ်ပါ၏။

တပ်သားရမ်းကို ကယ်တင်ခြင်းဟု ဘာသာပြန်ဆိုနိုင်သည့် Saving Private Ryan ရုပ်ရှင်ပြသ၍ အပြီးတွင်ကား အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က စတီဗင်စပီးလ်ဘာ့ဂ်ကိုခေါ်ကာ ဧည့်ခံပါသည်။ Distinguished Public Service ဆုတံဆိပ်ကိုလည်း တပ်ပေးခဲ့ပါသည်။

ဘာဖြစ်လို့ လွန်လေပြီးသော အကြောင်းအရာများကို ရုပ်ရှင်ရိုက်ခဲ့ရပါသလဲ ဟူသောအမေးနှင့် ပတ်သက်၍ သူက...

“ကျွန်တော့် သားသမီးတွေ အတိတ်ကို အလေးထားလာစေဖို့”ဟု ဖြေဆိုသွားခဲ့ပါသည်။


အတိတ်။ အတိတ်ကို အလေးထားရလေမတဲ့။ မှန်ပါသည်။ လူ၌ အတိတ်ရှိပါသည်။ အနော်ရထာသည် အတိတ်။ သီပေါမင်းသည် အတိတ်။ သခင်ကိုယ်တော်မှိုင်းသည် အတိတ်။ ဘာတွေလုပ်ခဲ့သလဲ ဘာတွေဖြစ်ခဲ့သလဲသည် အတိတ်။ လူမှန်လျှင် အတိတ်ကို ပြန်ကြည့်ကြစမြဲပဲ ဖြစ်ပါသည်။ တိရစ္ဆာန်တို့၏ ကမ္ဘာ၌ကား အတိတ်မရှိပါလေ။

(နှစ်)

မြန်မာနိုင်ငံ၏ အတိတ်စာမျက်နှာတချို့ကို ပြန်ငဲ့ကြည့်လိုက်သောအခါ အာဇာနည်နေ့ဆိုတာ ပါလာပါသည်။ ယင်းနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် ဒီးဒုတ်ဦးဘချို၊ မှိုင်းပွန်စော်ဘွားကြီး၊ ဦးရာဇတ်၊ သခင်မြ၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့လည်း ထိုအတိတ်စာမျက်နှာထဲ၌ ပါဝင်လာကြရပါသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ မနက် ၁၀ နာရီ ၃၇ မိနစ်သည် ထိုအာဇာနည်များကို ရန်ကုန်မြို့ အတွင်းဝန်များရုံးထဲ၌ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ပစ်လိုက်သည့် အတိတ်စာမျက်နှာတစ်ခုပဲ မဟုတ်ပါလား။

သြော်...တပည့်ရင်းတွေမို့
က၀ိ မတင်းနိုင်ဘူးကွဲ့
သတိကင်းကာ
မျက်ရည်ကျကျပြီး

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကဖြင့် သူ့မဟာလေးချိုးကြီး တစ်နေရာမှာ သည်လိုပဲ ဖွဲ့ဆိုခဲ့ပါလေသည်။

(သုံး)

ကျွန်တော်တို့သည် ဗိုလ်ချုပ်အောင်ဆန်းကို ငါတွေ့ တွေ့ခဲ့ကြရသူများ မဟုတ်ပါ။ စာတွေ့ဖြင့်သာ တွေ့ခဲ့ကြရသူများ ဖြစ်ပါသည်။

ဦးဖာနှင့် ဒေါ်စုတို့၏ သား။ နတ်မောက်ဇာတိ။ ၁၉၁၅ ဖေဖော်ဝါရီ ၁၃ မွေး။ ဇာတာဖွဲ့သူက စနေသားဖြစ်၍ မောင်ထိန်လင်းဟု မှည့်ခေါ်သည်ကို မည်သူကမှ မခေါ်ကြ။ ထို့ကြောင့် ငယ်ငယ်ကတည်းကပင် မောင်အောင်ဆန်း။ စက်ဘီးမစီးတတ်သော မောင်အောင်ဆန်း။ ရေမကူးတတ်သော မောင်အောင်ဆန်း။ အသက် ၇ နှစ် ၈ နှစ်အထိ ကျောင်းမနေခဲ့သော မောင်အောင်ဆန်း။ နတ်မောက်မြို့ ဦးသောဘိတ၏ ဒီပင်္ကရာကျောင်းမှာ စာစသင်ခဲ့သော မောင်အောင်ဆန်း။ ဆယ်တန်းစာမေးပွဲကို ရေနံချောင်း အမျိုးသားကျောင်းကနေ အောင်တော့ ပါဠိနှင့် မြန်မာစာ ဂုဏ်ထူးပါခဲ့သော မောင်အောင်ဆန်း။ မိန့်ခွန်းထဲမှာ အာလူးကလေးတစ်လူးဟု ထည့်ပြောခဲ့သော ဗိုလ်ချုပ်အောင်ဆန်း။

ထိုဗိုလ်ချုပ်အောင်ဆန်း၏ စရိုက်တွေကို ပြန်ကြည့်လိုက်တော့ ဗိုလ်ချုပ်အောင်ဆန်း မဟုတ်ဘဲ အာဇာနည်ခေါင်းဆောင် မဟုတ်ဘဲ သာမန်ရပ်ကွက်ထဲက လူတစ်ယောက်ဖြစ်နေလျှင်လည်း အံ့သြတကြီး လေးစားလောက်စရာ လူတစ်ယောက်ဖြစ်နေသည်ကို တွေ့မြင်နိုင်ပါသည်။

လူတိုင်းလောက်နီးပါး သိပြီးသားဖြစ်နေသည့် အကြောင်းအချက်လေး တချို့ကို စားမြုံ့ပြန်ပါရစေ။

(လေး)

ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ရဲဘော်သုံးကျိပ်တို့ ဂျပန်၌ စစ်ပညာသင်ကြားရန် ရောက်နေကြစဉ် တစ်နေ့ တိုကျိုမြို့တွင် နေကြစဉ်အခိုက် ကာနယ်ဆူဇူကီးခေါ် ဗိုလ်မိုးကြိုးက ပြည့်တန်ဆာနှင့် ပျော်ပါးဖို့ ဗိုလ်ချုပ်အောင်ဆန်းကို စကားခေါ်ပါသည်။ ကာနယ်ဆူဇူကီးသာမက ဂျပန်ထောက်လှမ်းရေး အချို့ကလည်း လာ၍လာ၍ ခေါ်ပါသည်။ ဟင့်အင်းတဲ့။ တစ်ဆက်တစ်စပ်တည်း ပြောပါရစေ။

၁၉၄၅ ခု ဖက်ဆစ်ဂျပန်တော်လှန်ရေးအပြီး အင်္ဂလိပ်ပြန်အ၀င် ဖ.ဆ.ပ.လ ခေတ်၌ ဖ. ဆ.ပ.လ စည်းရုံးရေးအတွက် ရွှေဘိုမြို့သို့ ရောက်သွားခဲ့ကြရာ ရွှေဘို၌ ရွှေဘိုသူ ညိုညိုစိန်၏ အငြိမ့်ဧည့်ခံပွဲအပြီး အငြိမ့်မင်းသမီးအား မြို့မိမြို့ဖများက ဗိုလ်ချုပ်အောင်ဆန်းကို လက်ဆွဲပြီး ကိုယ့်လင်ကိုယ့်သားလို ပရောပရည်လုပ်ဖို့ ဆုငွေပေးပြီး ခိုင်းပါသည်။ ဗိုလ်ချုပ်အောင်ဆန်းက နောက်ဆုတ်ကာ ဟင့်အင်းပြီး ငြင်းဆန်ပုံက “ကျုပ်မှာ ကာမပိုင်နဲ့”တဲ့။ ကိုယ်ကျင့်တရား ထိန်းသိမ်းမှုနှင့်အတူ ဇနီးသည်အပေါ်၌ သစ္စာစောင့်သိပုံများကို တွေ့နိုင်ပါ၏။

ဗိုလ်ချုပ်တို့မိသားစု ကန်တော်ကြီးစောင်း တာဝါလိန်းအိမ်၌ နေကြစဉ် တစ်နေ့နံနက် အတွင်းဝန်များရုံးသို့ ကားဖြင့်ထွက်အလာ ကန်စောင်းတစ်နေရာ၌ အကြော်တဲတစ်တဲကိုတွေ့ရာ အကြော်သည်ယောက်ျား၌ အနွေးအင်္ကျီမရှိသည်ကို တွေ့သောအခါ ဆောင်းတွင်းကြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးပါလျက် ဘာကြောင့် မ၀တ်လေသလဲဟု လေးငါးခြောက်ရက် စဉ်းစားပြီးဖြစ်နေသော ဗိုလ်ချုပ်သည် ကားကို ထိုးရပ်ခိုင်းပြီး အကြော်တဲရှိရာဆီသို့ ဆင်းသွား၊ သူဝတ်ထားသည့် အနွေးအင်္ကျီကို အတင်းချွတ်ပေးခဲ့သဖြင့် အကြော်သည်လင်မယားခမျာ မျက်ရည်လည်ရွဲနှင့် ကျန်ရစ်ခဲ့ရလေသတဲ့။ ကရုဏာကြီးသော ယောက်ျားတစ်ယောက်၏ ပုံရိပ်ကို ဖမ်းယူနိုင်ပါ၏။

ဂျပန်ခေတ် မြန်မာ့တပ်မတော်ကို ဗမာ့လွတ်လပ်ရေးတပ်မတော် (B.I.A)မှနေ၍ ဗမာ့ကာကွယ်ရေးတပ်မတော် (B.D.A)သို့ ပြောင်းပေးခဲ့ရပြီး ဗိုလ်ချုပ်သည် ဗိုလ်မှူးကြီးအဆင့်အတန်းဖြင့် တပ်မတော်အကြီးအကဲဘ၀ ပျဉ်းမနားစစ်ဌာနချုပ်၌ နေရစဉ် တပ်မတော်သားအချို့က ဗိုလ်ချုပ်မရှိဘူးအထင်နှင့် ယူနီဖောင်းများက ညံ့ဖျင်းကြောင်း၊ လူပုံအလယ်တွင် သားသားနားနား ကြွားကြွားရွားရွား မရှိကြောင်း ရှုံ့မဲ့ပြောဆိုလျက်ရှိကြရာ ဗိုလ်ချုပ်ကြားလေသော် သူ့ရုံးခန်းထဲသို့ အားလုံးကိုခေါ်ပြီး သူကိုယ်တိုင် စုတ်ပြတ်သတ်နေသည့် ၀တ်စုံဖြင့် အလုပ်လုပ်နေရသည်ကို ပြကာ ပြည်သူလူထု ဒုက္ခရောက်နေချိန်တွင် ကြွကြွရွရွ ၀တ်စားမော်ကြွားချင်သည့် စိတ်ကို ရှုတ်ချလျက် တပ်ကထွက်သွားကြဖို့ ပြောခဲ့လေသတဲ့။ တစ်ဆက်တစ်စပ်တည်း ပြောရလျှင် ဂျပန်ခေတ် ဂျပန်သံအမတ်အိမ်က ထမင်းစားဖိတ်၍ ဗိုလ်ချုပ်တို့ သွားရောက်စားသုံးကြရသည်။ ၀တ်စုံပြည့်ဝတ်ကာ သုံးဆောင်ကြစဉ် ပူအိုက်လှသောကြောင့် ချွေးများရွှဲနစ်နေအောင် ထွက်လာကြရာ အင်္ကျီချွတ်ကာ လွတ်လွတ်လပ်လပ်စားကြဖို့ ခွင့်ပေးသဖြင့် ချွတ်လိုက်ရာ စစ်ဝတ်စုံအောက် ဗိုလ်ချုပ်၏ စွပ်ကျယ်အင်္ကျီမှာ မြင်၍မကောင်းအောင် အစုတ်စုတ်အပြတ်ပြတ်တဲ့။ ဖ.ဆ.ပ.လ ခေတ် လွတ်လပ်ရေးရလုလုအချိန် အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုရန် အင်္ဂလန်သို့အသွား နယူးဒေလီရှိ ၀န်ကြီးချုပ်မဖြစ်သေးသူ နေရူးထံသို့အ၀င် နေရူးက လန်ဒန်တွင် အ၀တ်အစားအနေအထိုင် စနစ်တကျရှိစေဖို့ အပါးတော်မြဲ ဗိုလ်ထွန်းလှကို မှာရပါသည်။ ဂျော့ဘုရင်၏ ထမင်းစားပွဲကိုတက်ဖို့ ဘဏ္ဍာစိုး ဆာစတက်ဖို့ခရစ်ထံမှတစ်ဆင့် ဖိတ်ကြားလာသောအခါ လည်စီးကအစ စနစ်တကျ စည်းရနှောင်ရ ၀တ်စားပြင်ဆင်ရလေသောအခါ  ဗိုလ်ချုပ်အကြီးအကျယ် စိတ်ပျက်နေခဲ့လေသတဲ့။ အဆောင်အယောင် ပကာသနတွေကြားမှာ မွေ့လျော်မှု မရှိသော သူ၏စိတ်ကို အကဲခတ်နိုင်ပါ၏။

၁၉၄၅ ခု ဖက်ဆစ်တော်လှန်ရေးအပြီး တပ်မှထွက်၍ ဖ.ဆ. ပ.လ ခေါင်းဆောင်အဖြစ်ရှိနေစဉ် တစ်နေ့တာ ၀ါလိန်းအိမ်တွင် ရှိနေခိုက် ရှမ်းအမျိုးသားကြီးတစ်ယောက် ရောက်လာကာ မိသားစုသုံးဖို့ ရွှေချောင်းများ လာပေးပါသည်။  ဖ.ဆ.ပ.လ သို့ သပ်သပ်လှူဒါန်းခဲ့ပြီးဖြစ်၍ ပုဂ္ဂိုလ်ရေးပေးခြင်းကို လက်ခံရန် တောင်းပန်နေရာ ဗိုလ်ချုပ်က ယင်းကိုလက်ခံပြီး အလှူရှင်ပြန်သွားသော် ဖ.ဆ.ပ.လ ဘဏ္ဍာရေးမှူး မြန်မာ့အလင်းဦးတင်ထံသို့ ပို့ဆောင်လိုက်ပါသည်။ ကိုယ်ကျိုးမရှာ အတ္တနည်းပါးလှစွာသော လူတစ်ယောက်၏ စိတ်ထားအကြည်ကို မယုံကြည်လောက်စရာ အံ့သြမှုနှင့် တွေ့နိုင်ပါ၏။

အာဏာရ ဖ.ဆ.ပ.လ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်မှာပဲ ရုပ်ရှင်ကြည့်ဖို့ အပါးတော်မြဲ ဗိုလ်ထွန်းလှကို ခေါ်ကာ ယခုကုန်သည်ကြီးများဟိုတယ် နေရာက ပလေဒီယမ်ရုံသို့ သွားပါ၏။ တစ်မတ်တန်း၊ ငါးမူးတန်း၊ တစ်ကျပ်တန်း၊ နှစ်ကျပ်တန်းဟူ၍ရှိရာ ပိုက်ဆံမရှိ၍ ငါးမူးတန်းက ၀င်ကြည့်ကြပါ၏။ ရုံမန်နေဂျာ ဦးမြဟန်သိသော် သီးသန့်အခန်းထဲကနေ လာကြည့်ဖို့ ဖိတ်ခေါ်ပါ၏။ ဗိုလ်ချုပ်က တွန့်ဆုတ်တွန့်ဆုတ်။ သူတောင်းကိုယ်ဆို၊ ဆန်ပေးဆေးယူ အမူအကျင့်တွေကို စိုးရိမ်လို့တဲ့။ အဂတိတရားလေးပါး မဖြစ်အောင် ကင်းကင်းနှင့်ရှင်းရှင်း နေလိုသော စိတ်ဓာတ်ကို သတိပြုမိနိုင်ပါ၏။

သမီးကို နားကပ်ကလေး ပန်ပေးချင်လို့ အမေစုဆီပြန်ကာ အမွေတောင်းသည်ဆိုသော ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်နှင့်တကွ မိမိတို့ပါ ဆန်ကောင်းကောင်း စားရဖို့ ရဲဘော်တို့က ဆန်အိတ်များ အလှူခံထားသည်ကို သိသွားလေရာ ထိုဆန်အိတ်များ အိမ်မှာမထားဖို့ အမိန့်ပေးလေသော ဗိုလ်ချုပ်အောင်ဆန်း စသည်စသည်ဖြင့် ဗိုလ်ချုပ်၏ ပုံရိပ်များကို စာရေးဆရာပေါင်းများစွာ စာမျက်နှာပေါင်းများစွာပေါ်မှာ စာဖတ်ပရိသတ်အပေါင်းက ကောင်းကောင်းကြီး ဖတ်ရှုထားကြပြီးသား ဖြစ်ကြပါလိမ့်မည်။

(ငါး)

ဆရာတက္ကသိုလ်ဘုန်းနိုင်၏ နာမည်ကျော် “သူ့ကျွန်မခံပြီ” ၀တ္ထုအဆုံးသတ်တွင် သီပေါမင်းပါတော်မူပြီးနောက် သူ့ကျွန်ဘ၀မှ လွတ်မြောက်အောင် ရုန်းကန်ကြပုံများအကြောင်း ရေးဖွဲ့ရင်း ဗိုလ်ကျော်ခေါင်နှင့် ဗိုလ်သူရိန်တို့ စကားပြောခန်းဖြင့် အဆုံးသတ်ထားခဲ့ရာ ဤသို့ဖြစ်ပါသည်။

“နောက်ကို ပြန်မတွေးနဲ့တော့ သွေးသောက်ရယ်...ရှေ့ကိုသာ ချီကြစို့ရဲ့...ဟော...ဟိုနတ်မောက်ဆီက...ထွန်းတောက်လာတဲ့ ကြယ်တစ်ပွင့်ဟာ သွေးသောက်တို့ ကျုပ်တို့ရဲ့ အနာဂတ်ကြယ်မင်းပင် မဟုတ်လေလော”တဲ့။

အော်...နတ်မောက်ဆီက ထွန်းတောက်လာတဲ့ ကြယ်တစ်ပွင့်တဲ့။ တောင်တွင်းကြီး-ကျောက်ပန်းတောင်း ရထားနဲ့ နတ်မောက်မြို့ကို ဖြတ်သန်းရလေတိုင်း မကွေး-ပျော်ဘွယ်ကားလမ်းကနေ နတ်မောက်ကို ဖြတ်ရလေတိုင်း အတိတ်လည်း ရှိခဲ့၊ ရှိသော အတိတ်ကလည်း လှခဲ့သည့် မြို့ကလေးကို ကျွန်တော်ဦးညွှတ်မိပါကြောင်း။         ။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis