menu

Saturday 21 July 2012

တပ်မတော်သားများသည် လူဆိုးများမဟုတ်၊ စစ်သူရဲကောင်းများ ဖြစ်သည်ဟု ဦးအောင်သိန်းလင်း ဆို

လက်ရှိကာလတွင် ပြည်သူများအနေဖြင့် တပ်မတော်သားများ အပေါ်တွင် ယခင်က ချစ်ခင်ကြသလို မဟုတ်တော့ဘဲ အဆိုးမြင်အစွဲများ ရှိလာခဲ့သည်ဟု ပြည်ခိုင်ဖြိုးပါတီမှ ဦးအောင်သိန်းလင်းက ဆိုသည်။ တပ်မတော်သားများ အနေဖြင့် မိမိနိုင်ငံ သူ့ကျွန်ဘဝ မရောက်ရေး အတွက် ပေးဆပ်မှုများစွာဖြင့် ရပ်တည်နေကြကြောင်း ပြောကြားရာတွင်-
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း
““အရင်တုန်းကဆိုရင်တပ်မတော်သားတွေကို သောင်းသောင်းဖျဖျ ကြိုဆိုခံရတယ်၊ ရှေတန်းပြန် ဆိုပြီး ကြိုဆိုကြတယ်၊ တိုင်းပြည်ကိုဖြိုခွဲမယ့်သူ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ဖျက်စီးမယ့်သူတွေကို ကျွန်တော်တို့ ကာကွယ်တယ်။ ကျွန်တော်တို့ ရဲဘော်တွေ အသက်ပေးရတယ်။ မိသားစုနဲ့ တကွဲတပြားဖြစ်တယ်။ တိုက်ပွဲမှာ ရဲဘော် ကျသွားတယ်။ သူ့အိတ်ထဲမှာ စာလေး တွေ့ရတယ်။ “အကိုရေဒီတစ်ပတ်ပြန်လာရင်အကို့ သားလေးကရှင်ပြုပေးပါလို့ပြောနေတယ်”ဆိုတဲ့ စာမျိုးလေး တွေ့ရတယ်၊
အဲဒါကို အဲဒီလိုလူမျိုးတွေကို ဒီကနေ့ တိုင်းပြည်ရဲ့ ရန်သူတွေလို ဖြစ်အောင်ပုံသွင်းတဲ့သူ ပုံသွင်းနေကြတယ်။ သိပ်ဝမ်းနည်းစရာ ကောင်းတယ်။ ရှေတန်းမှာ တစ်ရက်နှစ်ရက်လောက် နေကြည့်စမ်းပါ။ ကျွန်တော်တို့ နှစ်နဲ့ချီပြီး နေဖူးတဲ့သူတွေ၊ အဲဒီလူတွေက ဒီနေ့မှာ တိုင်းပြည်ရဲ့ ရန်သူတွေ ဖြစ်အောင်လို့ ပုံသွင်းခံနေကြရပြီလေ။ ကျွန်တော်တို့နေရာက စာနာကြည့်စမ်းပါဗျာ။ ကျွန်တော်ဆိုရင် မျက်စိအရိုးဘေးကနေ နားထင်ကို ဖေါက်သွားတဲ့ ကျည်ဆံအမှန် ခံခဲ့ရတယ်။ နားရွက်ပြတ် ထွက်သွားတယ်။ အရှေ့မြောက်ပိုင်း စစ်ဒေသမှာ ရန်သူနဲ့ အနီးကပ် တိုက်တယ်။ နောက်တိုက်ပွဲတစ်ပွဲမှာ လည်ပင်းကို ဖြတ်ပြီးတော့မှ တစ်ချက်မှန်တယ်။ ပေါင်မှာ တစ်ချက် မှန်တယ်၊ နောက်တိုက်ပွဲတစ်ပွဲမှာ အကြွေစေ့ကို ထိပြီးတော့မှ ကျည်ဆံချော် ထွက်သွားဖူးတယ်၊ ဒါမျိုးတွေပေါ့၊ အဲဒီနေရာမှာသာ အကြွေစေ့မရှိခဲ့ရင် ဒီလွှတ်တော်မှာ ကျွန်တော်မပါနိုင်ဘူးလေ၊ ဒါပေမယ့် သေနတ်မှန်ပြီး ၁၃ချက် ချုပ်ရပေမယ့် လူဆိုးပုံ မပေါက်ဘူးမဟုတ်လား။ လူဆိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ လူဆိုးတွေ မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့က စစ်သူရဲကောင်းတွေပါ။ သူရဘွဲ့ နှစ်ခါရထားတာ တိုင်းပြည်အတွက် အမြင့်မြတ်ဆုံး စွန့်လွှတ်ခဲ့တဲ့သူတွေပါ။ အဲဒီလူတွေက ဒီကနေ့ လူဆိုးတွေလိုဖြစ်အောင် ပုံသွင်းနေကြတာကို အလွယ်တကူ မယုံကြပါနဲ့။ လူဆိုးတွေ ဖြစ်အောင် လူရိုင်းတွေ ဖြစ်အောင် ပုံသွင်းနေကြတယ်။ မယုံပါနဲ့။ တကယ်တန်း ကျွန်တော်တို့ လုပ်လာတာဟာ ကိုယ့်တိုင်းပြည် ကျွန် မဖြစ်အောင်လို့ ကျွန်တော်တို့ ဦးတည်ပြီးလုပ်ခဲ့တာ။ သူများ သြဇာခံ မရောက်ရေးကို ကျွန်တော်တို့ ဦးတည် ကြိုးစားခဲ့ကြတာ။ အခုလည်း တော်တော်လေး ရုန်းကန် နေကြရပါတယ်။ အခုပိုပြီးတော့ ရုန်းကန်နေရတဲ့ သဘောရှိတယ်”” ဟူ၍ တပ်မတော်သားဟောင်း တစ်ဦးဖြစ်သူ ဦးအောင်သိန်လင်းက သတင်းသမားများကို တွေ့ဆုံရာတွင် ပြောကြားသည်။
အနာဂတ် နိုင်ငံရေး အခြေအနေ သုံးသပ် ပြောကြားရာမှာ ““အနာဂတ် နိုင်ငံရေးကတော့ ဒီအထဲမှာပါတဲ့ လူတွေရဲ့စဉ်းစားတွေးခေါ်ပုံမှာပဲ မူတည်ပါလိမ့်မယ့်၊ စဉ်းစားပုံ စဉ်းစားနည်းမှာလည်း မှုတည်ပါလိမ့်မယ်၊ ဒီစဉ်းစားပုံ စဉ်းစားနည်းဟာလည်း အမျိုးမျိုး ရှိနိုင်ကြတာပေါ့၊ အဲဒီတော့ အားကြီးတဲ့အဖွဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ရဲ့ အခြေခံ စဉ်းစားနည်းပေါ်မှာ မူတည်ပြီးတော့မှ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ဖြစ်ပေါ်လာမှာပဲ၊ သို့သော်လည်း ဒီလွှတ်တော်ထဲမှာတော့ လွတ်လပ်မယ်၊ တရားမျှတမယ်၊ ပွင့်လင်း ထင်သာမြင်သာ ရှိတယ်ဆိုတဲ့ အချက်တွေကို ဖေါ်ဆောင်မှပဲ လွတ်လပ် တရားမျှတမှု၊ ပွင့်လင်းထင်သာမြင်သာရှိမယ်။ ပြီးတော့ ဒီမိုကရေစီ စံနှုန်းအရ အများဆုံးဖြတ်တဲ့ဟာတွေဟာ အတည် ဖြစ်မှာပေါ့၊ အနာဂတ်မှာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ကျွန်တော်တို့ ရောက်သွားတော့မှာပါပဲ၊ ဒါပေမဲ့ ဒီမိုကရေစီ လမ်းကြောင်း ရောက်ဖို့ ဆိုတာကလည်း ပြည်သူလူထုတွေရဲ့ ပညာရေး ရေချိန်ပေါ်မှာ အများကြီး မူတည်တယ်၊ သူတို့ရဲ့ စဉ်းစား တွေးခေါ်မှုတွေ မြင့်မားလာမှ၊ မှန်ကန်တဲ့ ရွေးချယ်မှုကို ဒီလိုပဲ လုပ်နိုင်မှာ၊ အဲဒီတော့ ပြည်သူလူထုတွေက စားဝတ်နေရေး ကြပ်တည်းတဲ့ အတွက်၊ ကလေးတွေ ကျောင်းမထားနိုင်ဘူး၊ ပညာရေးကို အားမပေးနိုင်တဲ့ အခါမှာ အဲဒီကလေးတွေ ကြီးလာတဲ့အခါ စဉ်းစားတွေးခေါ်မှု ရေချိန်မြင့်ပါ့မလားလို့ စဉ်းစားစရာ ဖြစ်လာပါတယ်၊ အဲဒီတော့ ပြည်သူလူထုက အားလုံးရဲ့ စဉ်းစားတွေးခေါ်မှု ရေချိန်မြင့်မားလာတာနဲ့ အမျှ၊ သူတို့က မှန်ကန်တဲ့သူတွေကို လွှတ်တော်ထဲကို ရွေးပြီးထည့်နိုင်မှာပေါ့၊ အဲဒီတော့ ဒီလွှတ်တော်ရဲ့  အနာဂတ်ဟာ တစ်တိုင်းပြည်လုံးရှိတဲ့ လူတွေအားလုံးရဲ့ စဉ်းစားတွေးခေါ်မှုရေချိန်နဲ့ မျိုးချစ် စိတ်ဓာတ်ပေါ်မှာ မူတည်လိမ့်မယ်လို့ ကျွန်တော် အဲဒီလို ထင်ပါတယ်”” ဟုဆိုသည်။
ဦးအောင်သိန်းလင်းသည် ရန်ကုန်မြို့တော်ဝန်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၁ ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပ မြို့နယ်တွင် ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားပြု ဝင်ရောက်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်သူလူထု ဆန္ဒဖြင့် ရွေးချယ်ခံရသည်။
Independent News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis