menu

Saturday 21 July 2012

“ပိတ်ထားတဲ့ အဖုံးကို လုံးလုံးလျားလျား ဖွင့်လိုက်တဲ့အခါမှသာ အားလုံး ထွက်လာလို့ ရမှာပါ” ပိတ်ဆို့မှုများ လုံးဝရုပ်သိမ်းရန် သမ္မတပြောကြား

မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်
တိုင်းပြည်အတွက် အထူးတလည် လိုအပ်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုများရရှိရေး အားပေး ထောက်ခံသည့် အနေဖြင့် အနောက်နိုင်ငံအစိုးရတို့က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ပယ်ဖျက်သင့်ကြောင်း၊    နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတိပေး ပြောကြားရင်း၊ နိုင်ငံပြုပြင် ပြောင်းလဲရေး အရှိန်အဟုန်ကိုလည်း ဆက်လက် တိုးမြှင့်သွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားလိုက်သည်။
တွေ့ဆုံခန်း၌ ဦးသိန်းစိန်က အဓိကကျသော အနောက်တိုင်း ရင်းနှီးမြှုပ်နှံမှုများသည် သူ့တိုင်းပြည်၏ မြန်ဆန်သော ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်တွင် အရေးပါလှသည် ဖြစ်သော်လည်း ပိတ်ဆို့အရေးယူမှုများ မရုပ်သိမ်းသရွေ့ အကောင်အထည် ပေါ်လိမ့်မည် မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။
““ပိတ်ထားတဲ့ အဖုံးကို လုံးလုံးလျားလျား ဖွင့်လိုက်တဲ့အခါမှသာ အားလုံးထွက်လာလို့ရမှာပါ””ဟု ဦးသိန်း စိန်က Financial Times သတင်းစာနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
““ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုတွေနဲ့ တခြားစီးပွားရေး   ပိတ်ဆို့မှုတွေ နှစ်မျိုးစလုံးကို ရုပ်သိမ်းလိုက်ဖို့ အင်မတန်ကို အရေးကြီးပါတယ်။ ဒါမှသာ တိုင်းပြည်က အခုအချိန်မှာ အကြီးအကျယ် လိုအပ်နေတဲ့ ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှု ဆိုတာမျိုးတွေ လုပ် နိုင်မှာပါ””ဟုလည်း သူကဆိုသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး လုပ်ငန်းစဉ် အတွင်းသို့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာခြင်း သည်လည်း နိုင်ငံ၏ အနာဂတ်အတွက် အရေးပါလှသည်ဟု ဦးသိန်းစိန်က ပြောကြားခဲ့ ပါသေးသည်။ ““စီးပွားရေး ပိတ်ဆို့မှုတွေ အားလုံးရဲ့ နောက်ကွယ်မှာ နိုင်ငံရေး အကြောင်းပြချက်တွေ ရှိပါတယ်””ဟု သူကဆို သည်။ ““ဒါဟာ နိုင်ငံရေးအရ ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ သူအပါအဝင် ဖြစ်စေဖို့နဲ့ ပတ်သက်ပြီး နားလည်စေဖို့ ဘယ်လောက် အရေးပါတယ်ဆိုတဲ့ အကြောင်းရင်းတွေထဲက အချက်တစ်ချက်ဖြစ်ပါတယ်”” ဟု လည်းဆိုခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့် ဒေသတွင်း နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်မည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ဇူလိုင် ၁၂ရက်  ခရီးစဉ်မတိုင်မီ အမေရိကန် ပြည်ထောင်စုက ယင်းတို့၏ ဘဏ္ဍာရေး နှင့် လုပ်ငန်းဆိုင်ရာ စီမံဆောင်ရွက်ချက်များအတွက် အသေးစိတ် လမ်းညွှန်ချက်များ ဖွင့်ဟခဲ့သည်။ သမ္မတ ဘားရက်အိုဘားမားက အမေရိကန် ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့် ပြုမည်ဖြစ်သော်လည်း ပိတ်ဆို့အရေးယူမှုများအား လုံးလုံးလျားလျား ပယ်ဖျက်ရေးမှာမူ ဖြစ်စေ ချင်သော်လည်း မဖြစ်နိုင်သေးကြောင်း     ပြောကြားခဲ့သည်။
မြန်မာသမ္မတဦးသိန်းစိန်၏ ဒီမိုကရေစီ လမ်းကြောင်းတစ်လျှောက်မှ ထူးခြားပေါ်လွင်လှသော တိုးတက် ဖြစ်ထွန်းမှုများကို အမေရိကန်သမ္မတ အိုဘားမားက ထုတ်ဖော်ချီးမွမ်းရင်း အခြားတစ်ဖက်တွင်လည်း မြန်မာစစ် တပ်၏ လုပ်ငန်းအင်ပါယာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပွင့်လင်းမြင်သာမှု အစရှိသည့် အရေးကိစ္စများအတွက် ဆက်လက် စိုးရိမ်နေရဆဲဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားခဲ့သည်။
မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လမ်းကြောင်းမှန်ပေါ်တွင် အသေအချာ တည်ရှိနေစေရန်ရည်ရွယ် ၍ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများအား လုံးလုံးလျားလျား ပယ်ဖျက်ခြင်းမပြုဘဲ၊ဆိုင်းငံ့ရုံသာ ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း၊ အမေရိကန် အရာရှိကြီးများအား အတည်ပြု ပြောကြားသွားသည်။ အမေရိကန် အောက်လွှတ်တော် အမတ်များကလည်း မြန်မာနိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများကို တားမြစ်သည့် ဥပဒေအား သက်တမ်း ထပ်မံတိုးမြှင့်ရန် ဆောင်ရွက်ခြင်းဖြင့် မြန်မာအစိုးရ အပေါ်သို့ ဖိအားဆက်လက်ပေးထား လိုသည့် ယင်းတို့၏ ရည်ရွယ်ချက်ကို အချက်ပေး ပြသခဲ့ပြီး ဖြစ်သည်။
ထိုသို့ ဖြစ်သည့်တိုင် ဦးသိန်းစိန်၏ ယမန်နှစ်အတွင်းက ပြုပြင်ပြောင်းလဲမှု များအတွက် ဝါရှင်တန်အစိုးရက ချီးမြှောက်လိုသည့် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြသခဲ့သည်။ ယင်းပြုပြင် ပြောင်းလဲမှုများတွင် နိုင်ငံရေးအကျဉ်း သားခန့်မှန်းခြေ ၇ဝဝ ခန့် အကျဉ်းမှ လွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ နိုင်ငံရေးပါတီအား ပါလီမန်အတွင်းသို့ ဆောင်ကြဉ်းပေးခဲ့သည့် ရွေးကောက်ပွဲများ ကျင်းပခဲ့ခြင်းတို့လည်း အပါအဝင် ဖြစ်သည်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်၏ ဒုတိယပိုင်းအဖြစ် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။
မြန်မာစစ်တပ်က အစိုးရအဖွဲ့ အပေါ် ယခုထိတိုင်၊ အာဏာဖြင့် ချုပ်ကိုင်ထားဆဲဖြစ်သည်ဆိုသော စွပ်စွဲ ချက်များကိုလည်း ဦးသိန်းစိန်က ပယ်ချလိုက်သည်။
မြန်မာစစ်တပ်နှင့်ပတ်သက်၍ ဦးသိန်းစိန်က““ဟိုးတုန်းကလိုပဲ တိုင်းတစ်ပါး ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့နဲ့ လုံခြုံရေးအတွက် နိုင်ငံတော်က တောက်လျှောက် အားကိုးအားထား ပြုခဲ့ရတာ၊ ဒီတပ်မတော်ကြီးပါပဲ။ ဒီတော့ ဒီလိုအခါမျိုးမှာ သူတို့ကို လုံးလုံးကြီး နောက်မှာ ချန်မထားခဲ့ဖို့ဟာ အရေးကြီးလှပါတယ်””ဟု ပြောကြားခဲ့သည်။
ပါလီမန်တွင် ၂၅ %သော နေရာ ယူထားသည့် မြန်မာစစ်တပ်၏ အခန်းကဏ္ဍကိုလည်း ဦးသိန်းစိန်က သတိကြီးစွာဖြင့် ကာကွယ် ပြောကြားခဲ့သည်။ ““အခြေခံဥပဒေအတွင်းမှာပဲ သူတို့ရဲ့ ကဏ္ဍကို ကန့်သတ်ထားပါ တယ်””ဟု သူက ဆိုခဲ့သည်။
အငြိမ်းစား ယူခဲ့ပြီး ဖြစ်သော်လည်း ကြိုးကိုင် လွှမ်းမိုးနေဆဲ ဖြစ်သည်ဟု အချို့က ပြောကြားကြသည့် စစ်အစိုးရ အကြီးအကဲဟောင်း ဦးသန်းရွှေနှင့် ပတ်သက်၍လည်း ဦးသိန်းစိန်က လက်ရှိအစိုးရ၏ အရေးကိစ္စများတွင် ပါဝင်ပတ်သက်မှု လုံးဝမရှိကြောင်း၊ သို့ရာတွင် ယင်းသည် သူ၏ ယခင်က ဆရာသမားတစ်ဦးဖြစ်ပြီး ကြည်ညို လေးစားရသူလည်း    ဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။
မြန်မာနိုင်ငံ အနောက်ပိုင်း ကျေးလက်ဒေသရှိ ဆင်းရဲနွမ်းပါးသော မိဘနှစ်ပါးမှ ပေါက်ဖွားလာခဲ့သော ဦးသိန်းစိန်သည် တပ်မတော်အရာရှိ ငယ်ဘဝတွင် ငှက်ဖျားထူထပ်သော တောတောင်ဒေသအတွင်း လက်နက် ကိုင်ရန်သူများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရာမှနိုင်ငံတော်ကို ဦးစီးပဲ့ကိုင်ရသော သမ္မတအဖြစ် ရောက်ရှိသည်တွင် တစ်ချိန်က ရန်သူဟု မြင်ခဲ့သော သူတို့ကို အမြင်သစ်ဖြင့် မြင်တွေ့တတ်လာပြီ ဖြစ်သည်။
““ဘဝတစ်လျှောက်လုံး စစ်သားလုပ်၊ လက်နက်ကိုင် အုပ်စုတွေနဲ့ တိုက်လာတာဆိုတော့ သူတို့တွေကို ရန်သူလို့ပဲ    မြင်ခဲ့တာပေါ့။ ဒါပေမဲ့ သမ္မတဖြစ်လာတဲ့အခါကျတော့၊ ကချင်စစ်သား တစ်ယောက် သေဆုံးမှုဟာ တပ်မတော်သား တစ်ယောက် သေဆုံးမှုနဲ့ အတူတူပဲလို့ မြင်တတ်လာတယ်။ ဒါဟာမြန်မာနိုင်ငံသား တစ်ယောက် သေဆုံးတာပဲ၊ ဒီတော့ နိုင်ငံတော်ရဲ့ ဆုံးရှုံးမှုပဲပေါ့””ဟု ဦးသိန်းစိန်က Financial Times သတင်းစာကို ပြောကြားခဲ့သည်။ ““အခုဆိုရင် ကျွန်တော် သူတို့ကို ရန်သူ့အစိတ်အပိုင်းလို့ မမြင်တော့ဘူး၊ အဖြေတစ်ရပ်ရဲ့ အစိတ်အပိုင်းလို့ပဲ မြင်တော့တယ်””ဟု သူက ဆိုလေသည်။
““စနစ်ကတော့ ပြောင်းခဲ့ပြီးပြီ”” ဟု သူက အလေးအနက် ဆိုသည်။ ““ဒါပေမယ့် အရာအားလုံးဟာ ဖြစ်စေချင်တဲ့အတိုင်း    ဖြစ်မလာနိုင်ဘူးဆိုတာ နားလည်ထားရတယ်။ ဒီအပြောင်းအလဲအတွက် လိုအပ်ချက်တစ်ရပ်က ရှိနေတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထားခဲ့တာကလည်း ဒီစနစ်ကို ထူထောင်ဖို့ပဲ။ အခုဆို ရှေ့ဆက် ချီတက်ကြဖို့ ကြိုးစားနေတဲ့ ဒီအစိုးရအဖွဲ့နဲ့ ကျွန်တော်တို့ဟာ ဟောဒီ ခေတ်သစ်ကြီးထဲမှာ ရောက်နေပြီလေ””ဟု ဦးသိန်းစိန်က ပြောကြားခဲ့သည်။
လုပ်ဆောင်ရန်တို့မှာမူ အမြောက်အမြား ကျန်ရှိနေသေးကြောင်း၊ ဦးသိန်းစိန်က Financial Times နှင့်    တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ တရားရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ ဒုတိယပိုင်းအစီအစဉ်ဖြစ်သော စီးပွားရေး ပြုပြင်ပြောင်းလဲရေးတို့မှသည် ကျန်းမာရေး စောင့်ရှောက်မှုနှင့်ပညာရေး ဖွံ့ဖြိုး တိုးတက်မှုအထိ များပြားလှသော လုပ်ဆောင်ရန် စာရင်း၏ ထိပ်ဆုံးတွင် နေရာယူထားသည်က ဆင်းရဲနွမ်းပါး မှု လျော့ပါးရေး၊ အလုပ်အကိုင်အခွင့် အလမ်း ဖန်တီးရေးနှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်သည်။
““ကိုယ်တိုင်လည်း နွမ်းပါးတဲ့ အသိုင်းအဝိုင်းက လာတာဆိုတော့ ဒီနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုအကြောင်း လက်ဦးကတည်းက ကြုံတွေ့ခဲ့ရပြီးပါပြီ။ ဒါဟာ ကိုယ့်ဆန္ဒ သက်သက်နဲ့ တော့ မဆိုင်ပါဘူး။ သမ္မတဖြစ်လာတဲ့ အချိန်မှာ နိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးကို ဦးစားပေးလုပ်ဖို့ပါ””ဟုလည်း သူကဆိုခဲ့သည်။
သူ၏ နောက်ပိုင်းရည်မှန်းချက်သည် ပြည်သူတစ်ရပ်လုံးကို စေ့ဆော် တိုက်တွန်းဖို့ ဖြစ်ရန်  အလွန်အကျွံ မြင့်မား   လှသော မျှော်မှန်းချက်များ ချမှတ်ထားသည့် စာမေးပွဲအတွက် ပြင်ဆင်နေသော ကျောင်းသား တစ်ယောက်နှင့်ပင် တူနေတော့သည်။
သို့ရာတွင် ဦးသိန်းစိန်က သူ၏ ပြုပြင် ပြောင်းလဲရေး အစီအစဉ်များကို ဖိအားပေးရာ၌ အထူးဂရုပြုဆောင် ရွက်ခဲ့သည်။ လာမည့် သီတင်းပတ်အတွင်း ပါလီမန်သို့ တင်သွင်းမည့် ဖွဲ့စည်းပုံ အပြောင်းအလဲများ ရာထူးဌာန အပြောင်းအရွှေ့  များသည် နောင်လာမည့် အပြောင်းအလဲမြင်ကွင်းများကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ ဦးအောင်မင်းကဲ့သို့သော ပြုပြင်ပြောင်းလဲရေး လိုလားသည့် ဝန်ကြီးများအား နေရာပေး မြှောက်စားခြင်း၊ ဝန်ကြီးဌာန အချို့အား ပြန်လည်ဖွဲ့စည်းခြင်း၊ ယဉ်ကျေးမှု ဝန်ကြီးဌာနတွင် အစိုးရအဖွဲ့၏ ပထမဆုံးသော အမျိုးသမီးဝန်ကြီး တစ်ဦးခန့်အပ်ခြင်း အစရှိသည့် ဆောင်ရွက်ချက်များကို မြင်တွေ့ရ ပေသည်။ ““အစိုးရအဖွဲ့ထဲက တချို့ဟာ    နှေးကွေး လေးလံကောင်း လေးလံနေမယ်။ တချို့ကတော့လည်း အစိုးရ အဖွဲ့ကချမှတ်ထားတဲ့ ရည်ရွယ်ချက်တွေကို နားလည်အောင် ကြိုးစားရမယ့်ဟာကို ကောင်းကောင်း လိုက်မလုပ်နိုင် တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်””ဟု ဦသိန်းစိန်က ဆိုသည်။ ““အဲဒါဘာဖြစ်လို့လဲဆိုတော့ အပြောင်းအလဲတွေ လုပ်ဖို့ရာ လိုအပ်ချက် ရှိနေနိုင်လို့ပဲ””ဟု ဦးသိန်းစိန်က အစိုးရ အဖွဲ့ဝင် အချို့၏ အနေအထားကို ထုတ်ဖော် ပြောကြား သွားခဲ့ပါသေးသည်။
ကိုးကား ။  Gwen Robinson/ Financial Times
Independent News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis