menu

Saturday 21 July 2012

တရုတ်ကောလိပ်ဝင်ခွင့်နှင့် ကိုယ်ကျင့်တရားပြဿနာ

တရုတ်နိုင်ငံ၏ ၀န်ထမ်းရွေးချယ်မှု သမိုင်းကို ပြန်ကြည့်ပါက အေဒီ (၆၁၈- ၉၀၇) ကာလတွင် အုပ်ချုပ်ခဲ့သည့် (Tang) မင်းဆက်ခေတ် ကတည်းက စာမေးပွဲစစ်သည့် စနစ်ဖြင့် ရွေးချယ်ခဲ့ကြောင်း တွေ့ရသည်။ ပြည်သူ့ဝန်ထမ်းအဖြစ် အရွေးခံလိုသည့် ကျောင်းသားသည် ကွန်ဖြူးရှပ်၏ အတွေးအခေါ် သဘောတရားများကို ကျက်မှတ် ဖြေဆိုရသည်။ (Tang) မင်းဆက်လက်ထက်တွင် ၀န်ထမ်း ရွေးချယ်ရာ တွင် အရာရှိကြီးများ၏ အဂတိ လိုက်စားမှုကို တိုက်ဖျက်နိုင်ရေးအတွက် ပြဌာန်းခဲ့သည့် ၀န်ထမ်းရွေးချယ်မှု စနစ်ဖြစ်သည်။

(Tang) မင်းလက်ထက်မှ စတင်ကာ တရုတ်နိုင်ငံ၏ ပြည်သူ့ဝန်ထမ်းများမှာ အရည်အချင်း ပြည့်မီသော ပြည်သူ့နီတိ ကျွမ်းကျင်သော ၀န်ထမ်းကောင်းများဖြင့် ပြည့်နှက်လာခဲ့သည်။
တရုတ်နိုင်ငံ တ၀ှမ်းရှိ ဆင်းရဲသော ပြည်သူများ အနေဖြင့် မိမိ၏ အရည်အသွေးကို အခြေခံကာ ရာထူး အဆင့်အတန်းများကို မှန်းဆနိုင်သော အခြေအနေကောင်းများကို ဖြစ်ပေါ်စေခဲ့သည်။
ခေတ်သစ်တရုတ်နိုင်ငံတွင်လည်း စာမေးပွဲစနစ်မှာ ခေတ်စားလျက်ရှိသေးသည်။ တရုတ်နိုင်ငံ တနံတလျားရှိ ဂုဏ်သိက္ခာရှိသော တက္ကသိုလ်၊ ကောလိပ်ကျောင်းများသို့ ၀င်ခွင့်ရရှိရေးသည် တရုတ် မိဘများ၏ အမြင့်မားဆုံး မျှော်လင့်ချက်ပင် ဖြစ်သည်။
တရုတ်နိုင်ငံတွင် တက္ကသိုလ် ကောလိပ်ဝင်ခွင့် စာမေးပွဲများကို ဇွန်လတွင် စစ်ဆေးလျက်ရှိသည်။ တက္ကသိုလ် ကောလိပ် ၀င်ခွင့် စာမေးပွဲသည် ငယ်ရွယ်သော တရုတ်လူငယ်များ၏ အရေးကြီးဆုံးသော စာမေးပွဲတခု ဖြစ်သည်။ တရုတ်ဘာသာဖြင့် (gaokao) ခေါ်ဆိုလေ့ရှိသည်။ အထက်တန်း အောင်မြင်ပြီးသော ကျောင်းသားများအနေဖြင့် တက္ကသိုလ်၊ ကောလိပ် တက်ခွင့်ရရှိရန်အတွက် နှစ်ရက်မှ သုံးရက်ထိ ဖြေဆိုရသော ၀င်ခွင့်စာမေးပွဲ ဖြစ်သည်။ အောင်စာရင်းများကိုလည်း ဒေသအလိုက် ထုတ်ပြန်ပေးသည်။
ယခုနှစ် ကောလိပ်ဝင်ခွင့် စာမေးပွဲကို ၀င်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား Yang Taoyuan သည် အထက်တန်းအောင်မြင်ပြီး အသက် ၁၈ ပြည့်ပြီးသူ ဖြစ်သည်။ ဇွန်လ ၂၃ ရက်နေ့က အောင်စာရင်းတွေ ထွက်တော့ ကျနော့်မွေးနေ့နဲ့ ထပ်တူ ဖြစ်နေတယ်၊ ကျနော့် မိသားစု တစ်စုလုံး ကျနော့်ရဲ့ ရမှတ်ကို သိဖို့အတွက် ရင်တမမနဲ့ စောင့်မျှော်ခဲ့ကြတယ်ဟုပြောဆိုခဲ့သည်။
ကောလိပ်ဝင်ခွင့် စာမေးပွဲသည် လူငယ်များ၏ ဂုဏ်သိက္ခာကို ဖေါ်ပြသောအရာ၊ ဂုဏ်သိက္ခာရှိသော တက္ကသိုလ် တက်ရောက်ခွင့် ရရှိသော အခွင့်အရေးတစ်ရပ် မဟုတ်ဘဲ မိမိဘ၀တလျှောက်လုံးအတွက် အသက်မွေးဝမ်းကျောင်း ပြုရမည့် ရှေ့အလားအလာကိုပါ ဖေါ်ပြခြင်းဖြစ်သည်။ တရုတ်လူ့အဖွဲ့အစည်း အတွက် အလေးပေး တန်ဖိုးထားသော အရာဖြစ်သည်။
တရုတ်နိုင်ငံ၏ ကောလိပ်ဝင်ခွင့် စာမေးပွဲနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်လာခဲ့သည်။ တရုတ်နိုင်ငံ၏ ၀င်ခွင့် စာမေးပွဲစနစ်သည် ဖန်တီးမှုနည်းပါးသော စနစ်တခုဖြစ်ကြောင်း ဝေဖန်မှုများ တိုးပွားလာခဲ့သည်။ အထက်တန်း နောက်ဆုံးနှစ်တွင် ပညာသင်ကြားနေသည့် ကျောင်းသားများ အပေါ် စိတ်ဖိစီးမှု ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေကြောင်း ထောက်ပြခဲ့ကြသည်။ သို့ရာတွင် တရုတ်နိုင်ငံ တနံတလျားရှိ မြို့ကြီးများနှင့် ကြေးရေတတ် မိသားစုများအတွက် ၄င်းဝင်ခွင့်စာမေးပွဲသည် နှစ်သက် အလေးထားစရာ ဖြစ်လာခဲ့သည်။
လက်ရှိဖြစ်ပေါ်နေသော ၀င်ခွင့်စာမေးပွဲစနစ်ကို နာမည်ကျော် ရုပ်သံလိုင်းမှ ဆွေးနွေးခန်း တစ်ခုတွင် ထုတ်လွှင့်သွားခဲ့သည်။ ရုပ်မြင် သံကြား ဆွေးနွေးခန်း ထုတ်လွှင့်သွားပြီးနောက် (gaokao) ၀င်ခွင့် စနစ်ကို ဆန့်ကျင်မှုများ ရှိလာခဲ့သည်။
တရုတ်နိုင်ငံတွင် အုတ်အော်သောင်းတင်း ဖြစ်စေခဲ့သော သတင်းတစ်ပုဒ်မှာ Shaanxi ခရိုင်မှ ကျောင်းသူတဦး၏ အဖြစ်အပျက် ဖြစ်သည်။ ကျောင်းသူ Liu Qing သည် ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်နေစဉ်အတွင်း သူမ၏ ဖခင်သေဆုံးခဲ့သည်။ မိသားစုနှင့် ဆရာများမှ ၄င်းသတင်းကို ကျောင်းသူမသိစေရန် ထိန်ချန်ခဲ့ကြသည်။ တရုတ်နိုင်ငံ သတင်းများတွင် သူမသည် ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေပြီးမှ ဖခင်သေဆုံးသည်ကို သိရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။ မိသားစုများနှင့် ဆရာများ၏ အကြောင်းပြချက် မှာ စာမေးပွဲမဖြေဆိုမှီ စိတ်ထိခိုက်မှာ စိုး၍ ဖခင်သေဆုံးမှုကို လျှို့ဝှက်ထား ခဲ့သည် ဟု အကြောင်း ပြခဲ့ကြသည်။
ဤမျှထိ အလေးပေးသော တရုတ်နိုင်ငံ၏ ကောလိပ်ဝင်ခွင့် ပညာရေးစနစ်သည် မေးခွန်း ထုတ်စရာ၊ အငြင်းပွားဖွယ်ရာ ဖြစ်လာခဲ့သည်။ ကျင့်ဝတ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍လည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
တရုတ်နိုင်ငံ၏ လက်ရှိ ကောလိပ်ဝင်ခွင့် ပညာရေးအကြောင်း တင်ဆက်သူ Mr. Zhong မှကျနော်တို့ရဲ့ အနာဂတ် မျိုးဆက်သစ် လူငယ်တွေကို ဒီလိုမျိုး ကြောက်မက်ဖွယ်ရာ၊ စိတ်ဓါတ် ကျဖွယ်ရာ လူ့ပတ်ဝန်းကျင်မျိုးကနေ ရှောင်ရှားနိုင်ဖို့ နည်းလမ်းတွေ မရှိတော့ ဘူးလားဟု မေးခွန်း ထုတ်သွားခဲ့သည်။
ကောလိပ်ဝင်ခွင့် စာမေးပွဲသည် ကမ္ဘာတခုလုံးတွင် တင်းကျပ်သော စနစ်ဖြစ်သော်လည်း အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့တွင် ရှိသော ကောလိပ်ဝင်ခွင့် စာမေးပွဲစနစ်သည် အာရှနိုင်ငံများတွင် ရှိသည့် စနစ်ထက် ပိုမိုလိုက်လျော ညီထွေမှု ရှိကြောင်း တွေ့ရသည်။ တရုတ်၊ တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံတို့ရှိ ကောလိပ်ဝင်ခွင့် စာမေးပွဲသည် ကျောင်းသားအများစုကို ကြောက်ရွံ့စေသည့်အတွက် ခေတ် ပညာတတ် မိသားစုများသည် သူတို့၏ သားသမီးများအား ပြည်ပနိုင်ငံများရှိ တက္ကသိုလ်များသို့ စေလွှတ်လေ့ရှိကြသည်။
တရုတ်နိုင်ငံတွင် ယခုကျင့်သုံးနေသော ၀င်ခွင့်စနစ်သည် ရှေးခေတ် တရုတ်ပညာရေးကို အခြေခံထားခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ တနံတလျားရှိ မည်သည့်ဒေသမှ ကျောင်းသားမဆို အရည်အသွေး ပြည့်မီပါက နိုင်ငံ့ဝန်ထမ်းအဖြစ် ရွေးချယ်နိုင်သည့် စနစ်ကို အခြေခံထားခြင်း ဖြစ်သည်။
သို့ရာတွင် ခေတ်သစ် တရုတ်နိုင်ငံ၏ ပညာရေးစနစ်တွင် ဆင်းရဲသော မိသားစုမှ ပေါက်ဖွားလာသည့် ကျောင်းသား (သို့) ကျေးလက် ဒေသမှ ကျောင်းသားများအနေဖြင့် ပီကင်းရှိ တက္ကသိုလ်များတွင် ၀င်ခွင့်ရရှိရေးမှာ အလွန်ခက်ခဲကြောင်း တွေ့ရသည်။ ပီကင်းနှင့် ရှန်ဟဲရှိ ကျောင်းသားများ အနေဖြင့် တရုတ်နိုင်ငံ၏ နာမည်ကျော် တက္ကသိုလ်များတွင် ၀င်ခွင့်ရရှိရန် အခွင့်အလမ်း ပို၍ ရှိသည်။ ကျေးလက်ဒေသမှ ကျောင်းသားများအနေဖြင့် ပီကင်းတက္ကသိုလ်ဝင်ခွင့် ရရှိရေးသည် ကျောင်းသား ဦးရေ ၇၈၂၆ ဦးတွင် တဦးသာရှိပြီး၊ ပီကင်းမှ ကျောင်းသားများအနေဖြင့် ကျောင်းသား ၁၉၀ ဦးလျှင် တဦးကျ ၀င်ခွင့် ရရှိစေသည်။ ဤကဲ့သို့ ကွာဟနေမှုသည် တရုတ်နိုင်ငံ တွင် ကျောင်းသားများအပေါ် နေရာဒေသကို လိုက်၍ ခွဲခြားဆက်ဆံသည့် မူ ရှိနေကြာင်းတွေ့ရှိရသည်။
ဆင်ဟွာ သတင်းဌာန၏ ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံတွင် ကောလိပ်နှင့် တက္ကသိုလ် ၀င်ခွင့် ဖြေဆိုသူပေါင်း ၉.၁၅ သန်း ရှိပြီး ၄င်း တို့အထဲမှ ကျောင်းသားဦးရေ () သန်းအောက်ရှိသည့် (သို့) ၇၅ ရာခိုင်နှုန်းကိုသာ ကောလိပ် (သို့) တက္ကသိုလ် တက်ခွင့်ရရှိမည် ဖြစ်သည်။
တရုတ်နိုင်ငံ၏ ကောလိပ်ဝင်ခွင့်စနစ် မည်သို့ပင် ခက်ခဲစေကာမူ တရုတ်ကွန်မြူနစ်ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များ၏ သားသမီးများနှင့် ချမ်းသာသော သားသမီးများအနေဖြင့် တရုတ်နိုင်ငံ၏ ထိပ်တန်း တက္ကသိုလ်များကို ၀င်ခွင့်ရရှိရေးအတွက် အောက်လမ်းနည်းများ လည်းရှိသည်။
တရုတ်နိုင်ငံ၏ တင်းကျပ်သော ကောလိပ်ဝင်ခွင့်ကို ရှောင်ရှားနိုင်ရေးအတွက် တရုတ်ပြည်မမှ ကျောင်းသားများသည် နိုင်ငံခြား တက္ကသိုလ်များတွင် ပညာသင်ကြားရန် ထွက်ခွာနှုန်း ပိုမို မြင့်လာကြောင်းတွေ့ရသည်။ တရုတ်အစိုးရ ပညာရေးဌာနမှ ထုတ်ပြန်ရာတွင် ၂၀၁၁ ခုနှစ်တွင် နိုင်ငံခြားတက္ကသိုလ်များတွင် ပညာဆည်းပူးရန် ထွက်ခွာသူ ဦးရေ ၂၀၀၈ ခုနှစ်ထက် ၂၀ ရာခိုင်နှုန်း များပြား လာကြောင်း ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံတွင် ကောလိပ်ဝင်ခွင့် စာမေးပွဲ တင်းကျပ်မှုနှင့်အတူ ကျောင်းသားများ၏ မသမာမှုပါ များပြားလာခဲ့သည်။ ငွေကြေးဖြင့် လူစားထိုး ၀င်ရောက် ဖြေဆိုမှုများကြောင့် လက်ဗွေရာကို စကန်ဖတ်သည့် စနစ်ကို ကျင့်သုံးလာခဲ့သည်။ လွန်ခဲ့သည့်နှစ် ကောလိပ် ၀င်ခွင့် စာမေးပွဲတွင် ခိုးချမှုများ၊  ကင်မရာ အသေးစားကို ဘရာစီယာအတွင်း ထည့်သွင်းလာသည့် ကျောင်းသူများကို တွေ့ရှိခဲ့ရသည်။ စာမေးပွဲစနစ် တင်းကျပ်မှုနှင့်အတူ ကျောင်းသားများ၏ ကိုယ်ကျင့်တရား ပျက်ပြား လာခဲ့သည်။
ရှေးခေတ် ကွန်ဖြူးရှပ် ပညာရေးစနစ်သည် ကိုယ်ကျင့်တရား ကောင်းမွန်ရေးနှင့် ထူးချွန် ထက်မြက်သော လူသားတဦးချင်းကို အသား ပေးသော စနစ်ဖြစ်သော်လည်း မျက်မှောက်ခေတ် တရုတ် လူ့အဖွဲ့အစည်းအတွင်း လူငယ်များ၏ စာရိတ္တ ပျက်ပြားမှုကို အနှံ့အပြား တွေ့ရှိလာခဲ့သည်။ ယနေ့ရှိနေသော တရုတ်လူငယ်များ၏ ကိုယ်ကျင့်တရားသည် တရုတ်နိုင်ငံ၏ အနာဂတ်ပင် ဖြစ်ကြောင်း ဟောင်ကောင်တက္ကသိုလ် ပါမောက္ခ Lee  မှပြောဆိုခဲ့သည်။
မောင်ရမ္မာ
Maukkha

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis