menu

Saturday 21 July 2012

မန္တလေးမြို့လယ်တွင် ဓာတ်ဆီဆိုင်ဖွင့်မည်ကို ကန့်ကွက်နေ


မြို့တွင်းတွင် ဓာတ်ဆီဆိုင်ဖွင့်လှစ်ရောင်းချမည့်အစီအစဉ်ကို
ကန့်ကွက်တားဆီးနေသူများအား တွေ့ရစဉ်။
ဓာတ်ပုံ - စည်သူလွင်
မန္တလေးမြို့လယ်တွင် ဓာတ်ဆီဆိုင်ဖွင့် လှစ်မည်ကို ပိတ်ပင်တားဆီး ကာကွယ် ပေးပါရန် သမ္မတကြီးထံ တင်ပြထားကြောင်း ဓာတ်ဆီဆိုင် ဖွင့်လှစ်မှုကို ကန့်ကွက်ကြသည့် သီရိမာလာ အနောက်အကွက် (၂၃၉) ရပ်ကွက်နှင့် အနီးရှိ ရပ်ကွက်သူရပ်ကွက်သားများက ပြောသည်။
"ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ဗဟို မီးသတ်ဌာနကိုလည်း အခု ဖြစ်နေတဲ့ အကြောင်းအရာတွေကို တင်ပြထားတယ်။ တစ်စုံတစ်ရာ အရေးယူ ဆောင် ရွက်ပေးခြင်း၊ တားဆီးပေးခြင်းလည်း မရှိပါဘူး။ "တိုင်းသံဃာ့ မဟာနာယကအဖွဲ့ တွေကိုလည်း တင်ပြအကြောင်း ကြားထားပါတယ်။ ဒီလ ၁၂ ရက်နေ့မှာ သမ္မတကြီးဆီကို ဆက်ပြီး စာတင်ထား ပါတယ်"ဟု ၂၆ ဘုရင့်နောင်လမ်းပွဲကုန် လမ်းမတန်းရပ်မှ ရပ်မိရပ်ဖတစ်ဦး ဦးကျော်ရွှင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

အဆိုပါ ဓာတ်ဆီဆိုင်ဖွင့်လှစ်ရောင်းချနိုင်ရန် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန၏ ဆောက်လုပ်မိန့် ကြေညာ စာအရသိရှိရကြောင်း၊ ဖွင့်လှစ်ရောင်းချပါက မီးဘေးအန္တရာယ်အတွက် စိုးရိမ် ရသဖြင့် ပူပင်သောက ရောက်နေရကြောင်း ဒေသခံများက ဆိုသည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီး အစီရင်ခံစာ ထဲမှာ ထည့်ရေးဖို့ ဆောင်ရွက်ပေးမှာပါ။ လွှတ်တော် ပြန်တက်ရတဲ့ အခါမှာလည်း ပြည်သူလူထုရဲ့ တောင်းတချက်၊ လိုလားချက်၊ ကန့်ကွက်ချက်တွေကို တင်သွင်းသွားမှာပါ။ လုပ်ပေးတာ မပေးတာကိုတော့ အတတ်ပြောလို့ မရပါဘူး"ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ချမ်းအေး သာစံမြို့နယ် မဲဆန္ဒနယ် (၂) မှ ဒေါ်တင်တင်မာက ပြောသည်။
မြို့တွင်း၌ ဖွင့်လှစ်ရောင်းချရန် စီစဉ်နေသော ဓာတ်ဆီဆိုင်၏ အခြေအနေနှင့် စပ်လျဉ်း၍ တိုင်းမီးသတ်ဦးစီးဌာနမှ ဦးစီးမှုးအား ဆက်သွယ်မေးမြန်းရာ "မြို့ထဲမှာ ဓာတ်ဆီဆိုင်ဖွင့်တာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်တို့က ဖွင့်မယ့် ဆိုင်ကို စည်းကမ်းချက်တွေနဲ့ ညီမညီကိုဘဲ စစ်ဆေးဆောင်ရွက်နေဆဲပါပဲ။ ဓာတ်ဆီဆိုင်ဖွင့်ဖို့ သတ္ထုတွင်းဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရမရကိုတော့ မသိသေးပါဘူး" ဟု ပြောသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis