menu

Sunday 3 June 2012

မြန်မာ-အမေရိကန် ကုန်သွယ်မှုပမာဏ ၁၀ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်ထိုးတက်လာ




မြန်မာ-အမေရိကန်ကုန် သွယ်မှုမှာ အစိုးရသစ်လက်ထက်တွင် ယခင်နှစ်များကထက် သိသိသာသာ ပြန်ထိုးတက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ထုတ်ပြန်ထားချက်များအရ သိရသည်။
ပုံမှန်ကုန်သွယ်မှု မရှိခဲ့သည့် မြန်မာ-အမေရိကန် ကုန်သွယ်မှုမှာ ၁၉၈၅ ခုနှစ်မတိုင်မီနှင့် ၁၉၈၅ ခုနှစ်နောက်ပိုင်းနှစ်များတွင် ကုန်သွယ်မှုမှာ အနည်းငယ်သာရှိခဲ့သည့် အနေအထားမှ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂ ခုနှစ်များတွင် အနည်းငယ် မြင့်တက်ခဲ့မှု ရှိခဲ့သည်။


ယင်းနောက် ၂၀၀၃ ခုနှစ်မှစကာ ၂၀၁၀-၂၀၁၁ ခုနှစ်အထိ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပမာဏပင် မပြည့်သည့်အနေအထားဖြင့် ကုန်သွယ်ခဲ့ပြီးနောက် ယခုအစိုးရသစ်လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ၀န်းကျင်ဖိုးအထိ ကုန် သွယ်ခဲ့သည်ဟု ထုတ်ပြန်ထားချက်များအရ သိရသည်။

အမေရိကန်နိုင်ငံမှ ယခုနှစ်တွင် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ထားမှုအချို့ကို ဆိုင်းငံ့ထားခြင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲခြင်းများကြောင့် ယခုကဲ့သို့ တိုးတက်လာခြင်းဖြစ်ကြောင်း၊ ယခုကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါးသာရှိသည့် အတွက် နည်းပါးသည့် ပမာဏဟု ပြောနိုင်သော်လည်း မြန်မာ-အမေရိကန် ကုန်သွယ်မှု အသက်ဝင်လာနိုင်ခြင်းကို အဓိကတွေ့ရမည်ဟု လုပ်ငန်းရှင်များကလည်း သုံးသပ်ခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် တာဝန်ရှိသူတစ်ဦးက''မြန်မာ-အမေရိကန် ကုန်သွယ်မှုက တစ်ကယ်တမ်းကျတော့ စိတ်ဝင်စားစရာ ပမာဏကို မရှိဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်လောက်မှာ သန်း ၂၀ ဖိုးလောက် ပဲကုန်သွယ်ရာကနေ အခု သန်း ၃၀၀ ဖိုးကုန်သွယ်တယ်ဆိုတာ တိုးတက်တာကိုပြတာ။ လက်ရှိ အမေရိကန်ဒေါ်လာသန်း ၃၀၀ အနေနဲ့ပဲ ကြည့်မယ်ဆိုရင်တော့ ဘာမှမရှိပါဘူးလို့ ပြောလို့ရတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ကုန်သွယ်မှု သေနေခဲ့တဲ့ အနေအထားကနေ အခုပြန် စအသက်ဝင်လာပြီလို့ မြင်လိုက်မယ်ဆိုရင်တော့ အနောက်တံခါး ပွင့်တာနိုင်ငံအတွက် ကောင်းတဲ့ အလားအလာလို့ ပြောချင်တာပါ။ လာမယ့်နှစ်တွေအတွက်လည်း ပြင်ဆင်လို့ရတာပေါ့။ မြန်မာနိုင်ငံရဲ့ ပို့ကုန်သွင်းကုန်မှာ ၉၀ ရာခိုင်နှုန်းကျော် အဓိက အားထားနေရတာက အာရှ နိုင်ငံတွေ ချည်းပဲ။ အိမ်နီးချင်း နိုင်ငံချည်းပဲအားထားနေရတာ။ အနောက်တံခါးပွင့်လာတာကောင်းတဲ့ လက္ခဏာပါ''ဟု သုံးသပ်ခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis