menu

Sunday 3 June 2012

လက်နှစ်ကမ်း အကွာ(ဂျူး)


တစ်၊ နှစ်၊ သုံး နံပါတ်စဉ်ဂဏန်းများသည် ငယ်ရွယ်စဉ်ကတည်းက ကျွန်မတို့ ကို လွှမ်းမိုးအုပ်စိုးခဲ့သည်။ ဂဏန်းတွေ ရေတွက်တတ်စအရွယ်ကဖြင့် မျက်စိအောက် မြင်တွေ့ လေရာမှာ ရေတွက်စရာ ဂဏန်းတွေချည်း ပြည့်နေခဲ့၏။ ဆက်ရက်လေး နှစ်ကောင်၊ ခိုလေး သုံးကောင်၊ ကြောင်လေးတစ်ကောင်။ ဇွန်းပန်းရုံမှာ ကုလားထိုင်ပေါ်တက် မတ်တတ်ရပ်ပြီး ပန်းခူးတာတောင်မှ တစ်ပွင့်၊ နှစ်ပွင့်၊ သုံးပွင့် ရေတွက်ပြီး ခူးသည်။ ဂဏန်းသိပ်မများလျှင်တော့ တစ်ခါတလေ မရေတော့ပဲ ချန်ပစ်လိုက်တာရှိတာပေါ့။ ကြယ်လေးတွေကို ရေသည့်အခါမှာတော့ ကိုယ့်မျက်စိကိုက ကြယ်ကို မြင်တာလား။ ဒါက ကြယ်ဟုတ်ရဲ့ လား မသိနိုင်ဘဲ ရေလိုက်၊ ပြန်ကြည့်တော့ ကြယ်မဟုတ်ဘဲ ဘာမှ မရှိသည့် နေရာကွက်လပ်လေး ဖြစ်နေလိုက်။ ကိုယ့်ဟာကိုယ် ရေတွက်ခြင်းဖြင့် မူးနောက်လာခဲ့ဖူးသော်လည်း ရေတွက်ခြင်းဖြင့် နေသားကျနေသည်။


ကျောင်းကိုရောက်တော့ ကျောင်းသည် ကျွန်မအား ဂဏန်းတွေကို သင်ပေးရုံမျှမက နံပါတ်အစီအစဉ် ရှေ့ နောက်တွေကို သတိထားမိအောင် တွန်းအားပေးသည်။

သင်္ချာ (၉၆)၊ သိပ္ပံ (၈၇)၊ အင်္ဂလိပ်စာ (၈၅)။

အတန်းထဲမှာ အမှတ်အများဆုံးက ပထမ၊ သူ့ ထက်နည်းတာက ဒုတိယ၊ ထိုထက်နည်းတာက တတိယတဲ့။ စတုထကျတော့ ဘာဖြစ်လို့  မထားတာလဲ။
သုံးယောက်ပဲ တော်သူစာရင်းဝင်လား။ သူတို့ ထက် နည်းနည်းပဲ အမှတ်နည်းသူမှာ ဘာနေရာမှ မသတ်မှတ်ခံရ။ ကျွန်မကို ထို ပထမ၊ ဒုတိယက လွှမ်းမိုးသွားသည်။
ကျွန်မ ပထမဖြစ်ချင်သည်။ ရောင့်ရဲတင်းတိမ်မှုဆိုတာ အဲဒီကတည်းက ကျွန်မနှင့် ဝေးခဲ့သည်။

ကလေးတစ်ယောက်လို ကလေးဆန်သော သူငယ်ချင်းက ကျွန်မကို မေးခဲ့ဖူးသည်။

" နင့်ရဲ့ ခင်မင်သူတွေထဲမှာ အရေးပါတဲ့ အစီအစဉ်အတိုင်းဆိုရင် ငါက နံပါတ်ဘယ်လောက်လဲ " တဲ့။ ချစ်ခင်မှုကို နံပါတ်စဉ်ဖြင့် တွက်ချက်နေရာချထားလို့  ရသတဲ့လား။
ကျွန်မ ရုတ်တရက် အတွေးခေါင်သွားလိုက်မိသော်လည်း ချက်ချင်းပင် ပြန်ဖြေလိုက်ခဲ့ဖူး၏။ နံပါတ် (၁၆) လောက်တော့ ရှိမယ်ထင်တယ် "

" ဟင် . . . နင်ကလည်း "

အေးလေ။ နံပါတ်စဉ်ကို သိချင်တယ်ဆိုတာကိုး။ ကျွန်မ ဘယ်တုန်းကမှ မစဉ်းစားမိခဲ့သည့်အတွေးကို သူကမေးတော့ စိတ်ပေါက်ပေါက်နှင့် အဲသည်လိုပဲ ဖြေပစ်လိုက်ဖို့  ကောင်းသည်မလား။

အပေါင်းဟု ကျွန်မတို့ ခေါ်သော ထည့်ပေါင်းခြင်းကို သိလာသည့်အခါ ပေါင်းရခြင်းသည် ပျော်စရာ

မောင်ဘမှာ ပန်းသီးနှစ်လုံးရှိသည်။ မလှမှာ ပန်းသီးသုံးလုံးရှိသည်။ သူတို့  မောင်နှမ နှစ်ယောက်ပေါင်းလျှင် ပန်းသီးမည်မျှရှိမည်နည်း။ အဖြေက ပန်းသီးငါးလုံးရမည်။
ပျော်စရာမကောင်းဘူးလား။ နှစ်ယောက်ပေါင်းလိုက်လျှင် ပန်းသီး (၅) လုံး ပိုင်ဆိုင်သွားပြီ။ ဒါဟာ ကောင်းသည့်အချက်ပဲ။ ဒါဟာ မင်္ဂလာပဲ။ အဲသည်လိုမဟုတ်ဘဲ အပိုထည့်ပေးလျှင်လည်း ဒါကပျော်စရာပဲ။ ကျွန်မ ပဲပြုတ် (၂၀) ကျပ်သားဝယ်သည်။ အင်ဖက်ဖြင့် ထုပ်ပိုးပေးလိုက်သည်။ ကျွန်မက ကလေးမို့  ကျွန်မအတွက် သီးသန့် ဖက်သေးသေးလေးနှင့် ပဲပြုတ်နည်းနည်းလေး ထပ်ထည့်ထုပ်ပိုးပေးလိုက်သည်။ အဲဒါကိုရတော့ ကျွန်မသိပ်ပျော်ခဲ့သည်။ အိမ်ရောက်တော့ ထိုပဲပြုတ်ထုပ်လေးကို လူကြီးတွေစီစဉ်သော ပန်းကန်ထဲသို့ ထည့်လိုက်ရတာ အရသာရှိသည်။ ကျွန်မ၏ ပဲပြုတ်ထုပ်သေးသေးလေးကြောင့် ပဲပြုတ်တွေ ပိုများပြီဟု ကျေနပ်နေခဲ့သည်။ အပေါင်းဆိုတာ အဲဒါပဲ။ မြမန်းသုပ်ဟု ကုန်းစောင်းကခေါ်ပြီး ကျွန်မတို့ ကလေးတွေက နားမလည်ပါးမလည်နှင့် လင်ပန်းသုပ်ဟု လိုက်ခေါ်သော သင်္ဘောသီးပေါင်းသုပ်ကို ကျွန်မကြိုက်သည်။
တို့ ဟူးချည်းလည်းကောင်းသည်။ သင်္ဘောသီးသုပ်ချည်းလည်း ကောင်းသည်။ နှစ်မျိုးသုပ်လိုက်တော့ ပိုကောင်းသည်။ အဲသည်အထဲမှာ အာလူးကို ပျစ်နေအောင် ကျိုချက်ထားသည့်
ဟင်းအနှစ်လေး ပေါင်းထည့်ဆမ်းပြီးသုပ်လိုက်တော့ ပိုကောင်းသွားသည်။ အဲသည်အထဲမှာမှ အပေါ်ကနေ ရွှေဝါရောင်သန်းနေသော ကြက်သွန်ကြော်ဖတ်လေးတွေ ထည့်ဖြူးပေးလိုက်တော့ အိုး . . . အရသာရှိမှရှိ။ အပေါင်းကို ကျွန်မသဘောကျ၏။


အနုတ်ကိုသိလာချိန် အနုတ်ဟာ လျော့နည်းသွားတာဟု ယေဘုယျသိရသော်လည်း တစ်ခါတစ်ခါကျတော့ နုတ်ကိုနုတ်ရမည့် အရာတွေရှိသည်။ မေမေ့ပိုက်ဆံသေတ္တာထဲမှာ ပိုက်ဆံ (၆၀) ရှိသည်။ မိုးမရွာခင် အိမ်အမိုးမိုးဖို့  စုထားသော ပိုက်ဆံတွေဖြစ်သည်။ (၆၀) အတိုင်းရှိနေဖို့  မျှော်လင့်သော်လည်း ဆန်နှင့်ဆီဝယ်ဖို့ ကျွန်မကို ငွေနှစ်ကျပ်ပေးလိုက်သည့်အခါ မေမေ့ပိုက်ဆံလျော့သွားသည်။ နုတ်လိုက်တော့ (၅၈) ကျပ်ပဲ ကျန်တော့သည်။ မနုတ်ချင်ပါ။ သို့ သော် နုတ်ကိုနုတ်ရမှာပဲ။ ဒါမှ ကျွန်မတို့ နေ့ လည်စာထမင်း စားရမှာပေါ့။ တချို့ နုတ်ယူခြင်းတွေကျတော့ ကိုယ့်အနားမှာ လျော့သွားပေမယ့် တစ်နေရာရာမှာ တိုးနေတာတွေရှိသည်။ ကျွန်မတို့ ထက် ချို့ တဲ့သော မိသားစုတစ်စုကို ကျွန်မတို့  မ၀တ်လည်းရသော အ၀တ်ဟောင်းတချို့ ကို ပေးဖို့ ထုတ်ယူရသည့်အခါ နှမြောတော့ နှမြောသား။ သို့ သော် ကိုယ့်ဆီက နုတ်ယူလိုက်သည့် ဂဏန်းသည် ဟိုဘက်မိသားစုမှာ အပေါင်းဂဏန်းဖြစ်သွားသည်။ ဆောင်းရာသီ သူတို့ မှာ အနွေးထည် လုံလောက်အောင်မရှိ။ ကျွန်မတို့ အနွေးထည်လေးတွေက သူတို့ အတွက် အသုံးဝင်သည်။ သူတို့ ကိုယ်ပေါ်မှာ နွေးထွေးစေမည်။ သူတို့ အတွက် ထည့်ပေါင်းလာသော ဂဏန်းဖြစ်သည်။ အဲဒါကောင်းသားပဲဟု ကျွန်မ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရသည်။

ကျွန်မတို့  မန်ကျဉ်းပင်ပေါ်မှာ ဆက်ရက်လေး (၅) ကောင် နားနေရာမှ (၂) ကောင် ပျံသန်းသွားသည်။ ကျွန်မတို့ ဆီမှာ (၃) ကောင်ပဲ ကျန်ရစ်သည်။ ဒါကို အနုတ်ဟု ခေါ်ရမှာပေါ့နော်။ သို့ သော် ထို (၂) ကောင်က ကျွန်မတို့ အိမ်၏ မြောက်ဘက်က အိမ်နီးချင်း၏ မဲဇလီပင်ဘက်ဆီ ပျံသန်းသွားတာမို့  ဒီကနေ နုတ်ယူခံရပေမယ့် ဟိုဘက်မှာတော့ အပေါင်းပေါ့။ အဲဒါလည်း ကောင်းသားပဲ။ ကိုယ့်ဆီကလျော့ပေမယ့် တခြားနေရာမှာ ပုံစံတစ်မျိုးမျိုးဖြင့် ရှိနေမှာတဲ့။ အပူစွမ်းအင်ကနေ အလင်းစွမ်းအင်သို့ ပြောင်းတာမျိုးပေါ့နော်။

တိုးပွားခြင်းဟု အဓိပ္ပါယ်ရှိသော အမြှောက်ကို သိလာသည့်အခါ လောကကြီးက အံ့မခန်းပါလား။

ကျွန်မတို့ အိမ်က ကြောင်မလေးသည် တစ်နှစ်ကို တစ်သားမွေးသည်။ တစ်ခါမွေးလျှင် သူက (၂) ကောင်ပဲ။ ဘယ်တော့မွေးမွေး (၂) ကောင်ပဲ။ သုံးနှစ်ရှိတော့
ကျွန်မတို့ မှာ ကြောင်လေး (၆) ကောင်ရလာသည်။ သူတစ်ယောက်တည်းကချည်း သားသမီး (၆) ကောင်။ ဒါဟာ အမြှောက်ပေါ့။ ကုန်းစောင်းအိမ်ရှေ့ က ဆည်လွှတ်ရေမြောင်းထဲတွင်
မိုးရာသီဆိုလျှင် ဖားလောင်းလေးတွေ ပွားနေကြတာ အများကြီးပဲ။ အနက်ရောင် ငါးမွှားမွှားလေးတွေလိုပဲ အမြီးလေးတွေ လှုပ်လှုပ် လှုပ်လှုပ်နဲ့  ဟိုဒီကူးခပ်နေလိုက်တာ ကျွန်မတို့  ရေတွက်ကြသည်။ ရေတွက်လို့  မနိုင်။ ဖားတစ်ကောင်တည်းက ပေါက်တာလား။ (၃) ကောင်က ပေါက်တာလား။ သူတို့ ဥဥနေသည့်အချိန်မှာ ကျွန်မတို့  မမြင်ရဘဲကိုး။ ဒါပေမယ့်
ဒါဟာ ဂဏန်းတွေကို မြှောက်ထားသည့် အမြှောက်ပဲ။ ငါးနှင့်တူသဖြင့် စိတ်ဝင်စားမိသည်။ သူတို့  ဘယ်လိုပြောင်းလဲလာမှာလဲဟု သိအောင် တစ်ချိန်လုံး ကျွန်မ ထိုင်စောင့်ကြည့်နေခဲ့ဖူးသည်။ ဒါပေမယ့် တကယ်ပြောင်းသည့်အချိန်မှာ ကျွန်မ မသိလိုက်တော့ပေ။

ကျွန်မက သုံး၊ လေးတန်းမှာကတည်းက အရုပ်ရေးရတာ ၀ါသနာပါသည်။ မိန်းမလှလေးတွေပုံပေါ့။ ဗလာစာအုပ် ကျောဖုံးနှင့်ကပ်လျက်နောက်ဆုံး စာမျက်နှာပေါ်မှာပဲ
ခဲတံဖြင့်ရေးခြယ်သည်။ ကျွန်မသူငယ်ချင်းတွေက ကျွန်မ၏ မိန်းမလှလေးများကို နှစ်သက်သည်။ ကျွန်မကို ရေးဆွဲခိုင်းသည်။ ကျွန်မမေမေက ကျွန်မတို့  ညီအစ်မတွေကို
မုန့် ဖိုးမပေးနိုင်ပါ။ သည်တော့ ကျွန်မ၏ ပန်းချီလက်ရာကို ၀ိုင်းဝိုင်းလည်လုလျက် စောင့်နေကြသည့် ပရိသတ်ထံမှာ တစ်ပုံလျှင် ဆယ်ပြားနှုန်းဖြင့် အခကြေးငွေယူသည်။

ပြီးတော့ ကျွန်မ၏ ညီမလေးနှစ်ယောက်ကို မုန့် ဝယ်ကျွေးသည်။ ကျွန်မကဖြင့် သည်ကလေးဘ၀အရွယ်ကတည်းက ညီမတွေကို လုပ်ကျွေးပြုစုဖို့  စိတ်အားထက်သန်နေခဲ့ပါလား။တစ်ခါတစ်ခါ ညီမတွေက ကျွန်မဆီက မုန့် ဖိုးလာတောင်းနေပြီ။ ကျွန်မက ဒီမှာပုံရေးလို့ မပြီးသေး။ ဒီတော့ ရေးလက်စပုံ ပိုင်ရှင်ဆီက ပိုက်ဆံကြိုယူလိုက်ပြီး ညီမတွေကို ပေးလိုက်သည်။ ကျွန်မက မုန့် စားကျောင်းဆင်းချိန် ပြီးသွားသည်အထိ အပြင်သို့ မထွက်လိုက်ရတော့ပေ။ အကြွေးကို လက်စသတ်နေခဲ့ရတာကိုး။ ကျွန်မ၏ မိန်းမလှလေးတို့ သည် ခါးထောက်လျက်တစ်မျိုး၊ လက်လေးပိုက်လျက်တစ်မျိုး၊ ထိုင်လျက်တစ်မျိုး၊ အလျားမှောက်လျက်၊ ဒူးကွေးကာ ခြေထောက်လေးတွေထောင်လျက်တစ်မျိုး။

အိုး . . .
အမျိုးမျိုးပါပဲ။ ငါ့ကို မင်းသမီးပုံဆွဲပေးဟု ပူဆာသူက ပူဆာသည်။ ငါ့ကို ဒေါက်မြင့်ဖိနပ်လေးနဲ့  ပိုက်ဆံအိတ်လေးနဲ့ ဆွဲပေးဟု ပူဆာသူလည်းရှိသည်။ တစ်နေ့ ကို (၅)ပုံပြီးလျှင် (၅) ရက်ဆိုတော့ (၂၅) ပုံပေါ့။ ကျွန်မ မြှောက်ကြည့်သည်။ တစ်ပုံကို ဆယ်ပြားဆိုတော့ (၂၅)ပုံအတွက် ပြား (၂၅၀)ပေါ့။ (၂) ကျပ်ခွဲပဲ။ အများကြီးပေါ့။ အမြှောက်လည်း ကျွန်မကို ရင်ခုန်စေခဲ့သည်။ ခုနစ်တန်းတုန်းကတော့ မှတ်မှတ်ရရ သူငယ်ချင်းတစ်ယောက်က သူ့ မိန်းကလေးကို ဇင်းမယ်ထဘီလေးဖြင့် ဆွဲပေးပါတဲ့။ ကျွန်မက ရေဆေးကို မသုံးတတ်သေးတော့ ရောင်စုံခဲတံဖြင့် ရေးဆွဲရသည်။ ကျွန်မမေမေမှာ ဇင်းမယ်ထဘီမရှိပါ။ ကျွန်မကြည့်ဖူးသည့် ပုံလေးတွေမှာလည်း ဇင်းမယ်ထဘီဆိုတာကိုမသိ။

သည်တော့ ကျွန်မ မသိသည့် ဇင်းမယ်ထဘီကို ကျွန်မ ဘယ်လိုလုပ်ဆွဲရပါ့မလဲ။ ထိုအချိန်မှာတော့ ကျွန်မသည် ငွေကြေးယူပြီး ပုံဆွဲသူ မဟုတ်တော့ပေ။ မေတ္တာသက်သက်ဖြင့် ပုံဆွဲပေးသူဖြစ်လာခဲပြီ။ သူငယ်ချင်းကိုပဲ မေးရသည်။ “ဇင်းမယ်ထဘီဆိုတာ ဘယ်လိုဟာမျိုးလဲ။ ဘယ်လိုဆွဲရမှာလဲ၊ ငါမသိဘူး” သူက “ထမီသားပေါ်မှာ အစင်းအစင်းလေးတွေ အောက်ခံမြင်နေရတယ်။ အပေါ်ကမှ ပန်းခက်တွေ ရက်ထားတာလေ။ ခပ်ပြောင်ပြောင်လေးဟာ” သူတတ်သလောက် သရုပ်ဖေါ်ပေးသည်။ ကျွန်မတစ်ခါမှ သတိမထားမိသော ဇင်းမယ်ထဘီကို သူ့ အပြောဖြင့် အာရုံထဲမှာဖေါ်လျက်ရေးခဲ့တာ အခုထိ မှတ်မိသည်။ သူက ဇင်းမယ်ဆိုတော့ တခြားသူတွေလည်း ဇင်းမယ်ဖြစ်သွားသည်။ အဲသည်တုန်းက ဇင်းမယ်ထဘီပေါင်း (၆) ခု ရေးဆွဲခဲ့ရသည်။ ထဘီအစင်းကို ပေတံနှင့်ရေးလျှင် တောင့်တောင့်ကြီးဖြစ်မှာစိုးလို့  ထဘီကပိုကရိုမှာ သူ့ အစင်းနှင့်သူ စိတ်ရှည်လက်ရှည်ရေးရတာမို့ 
(၆) ထည်အတွက် အစင်းပေါင်း (၁၀၀) ကျော် ရေးခဲ့ရတာ မြှောက်ကြည့်လို့ သိနေတာကို မှတ်မိနေခဲ့သည်။

ငယ်ငယ်တုန်းက “အစား” ဟု နုတ်ကျိုးခဲ့သော “ခွဲဝေခြင်း” ကို အသက်ပိုပိုကြီးလာသည့်အခါ ပိုနားလည်လာသည်။ (၂၀) ကို (၅) နဲ့ စားရင် (၄)ရသည်။ အကြွင်းမရှိ၊ပြတ်သည်။ ဒါက ကလေးဘ၀ကသိခဲ့သည့် ဂဏန်းသင်္ချာအသိ။ မြတ်လေးပန်းတွေကို ကျွန်မတို့ ညီအစ်မတွေ မနက် (၃) နာရီ၊ (၄) နာရီလျှင် ခူးကြရပြီ။ ပြီးတော့ ပန်းတွေကို ရေခပ်ချိုးသည့် ကြေးဖလားကြီးထဲကနေ အ၀တ်ဖြူခင်းပေါ်သို့ ပုံချလိုက်သည်။ ပြီးတော့ နောက်ထပ်ကြေးဖလားတစ်ဖလားစာ တပ်ခူးနေချိန်မှာ ကြိုးဖြင့် သီသူကသီနေပြီ။

ပထမခူးတုန်းကတော့ မြတ်လေးပန်းက အငုံလေးတွေ။ မနက်လင်းလျှင် ပွင့်မည့်အဖူးကို ကျွန်မတို့ သိနေပြီ။ ထိုအငုံလေးတွေကို အပ်ချည်ကြိုးဖြင့် သီသည့်အခါ မြတ်လေးသုံးပွင့်လျှင် တစ်စု၊ သုံးပွင့်လျှင်တစ်စုစုပြီး ကြိုးဖြင့်သီယူသွားသည်။ တစ်ကုံးလျှင် အစု (၆)စု ထည့်ရမည်။ (၅) စုပဲထည့်လျှင် ပန်းကုံးက ကျဲကျဲကြီး ဖြစ်သွားမည်။ (၃)ပွင့်စာအစု (၆)စုဆိုတော့ (၁၈)ပွင့်ပေါ့။ သီလို့ လွယ်အောင် တစ်ယောက်က (၁၈)ပွင့်အပုံလေးတွေ လိုက်ပြီး ပုံပေးထားသည်။ ပန်းပွင့် (၃၀၀) ရှိလျှင် ပန်းကုံးဘယ်နှကုံးစာ ရမှာလဲ။ ဒါက အစားသင်္ချာပေါ့။
ပန်းကုံးကို မူသေထားပြီး ခန့် မှန်းလျှင် ပန်းပွင့်ကို (၁၀၀)တို့ ၊ (၅၀) တို့  ထားလို့ မရ။ (၁၈) နှင့်စားပြီး အကြွင်းမကျန်မှ ပြတ်မှာ။ ဒါကြောင့် ပန်းဖူးတွေကို အကြွင်းအကျန်အောင်ခူးပေါ့။ အဲသည်လိုမှမဟုတ်လို့  ရှိသမျှအကုန်ခူးလိုက်လျှင်တော့ အကုံးမပြည့်တော့သည့် အကြွင်းကျန်ကိုကျန်မည်။ ဒါ နိယာမပဲ။ (၁၄)ပွင့်ပဲ ကျန်ချင်ကျန်မည်။

(၁၇)ပွင့်ပဲ ကျန်ချင်ကျန်မည်။ ကိုယ့်အိမ်က ဘုရားအတွက် ငါးစု (သို့ မဟုတ်) လေးစု လှလှပပ ဝေေ၀ဆာဆာ သီပြီးတင်လိုက်ပေါ့။ သီဖို့ မလိုဘဲ ပန်းကန်ပြားလေးဖြင့် သည်အတိုင်း ပုံပြီး တင်လျှင်လည်း လှတာပဲ၊ မွှေးတာပဲ။ အကြွင်းဆိုတာ မပြတ်တာ။ သင်္ချာမှာ ရှုပ်နေတာဖြစ်ကောင်းဖြစ်မည်။ သို့ သော် မကောင်းတာမှ မဟုတ်ဘဲ။ အကြွင်းဆိုတာ တစ်ခါတစ်ခါကျတော့ တော်တော်အသုံးတည့်သည်။ အကြွင်းလေးတွေဟာလည်း ကျွန်မတို့ အတွက် အဓိပ္ပါယ် ရှိနေတတ်ပါသည်။ ကျွန်မမှာ ချောကလတ် (၅၀)ရှိသည်။ တူ၊ တူမတွေက (၁၁)ယောက်ရှိသည်။ တစ်ယောက်ကို ဘယ်လောက်ပေးလို့ ရမလဲ။ (၅၀) ကို (၁၁) ဖြင့်စားလျှင် တစ်ယောက် (၄)ခုစီပေးနိုင်ပြီး (၆)ခုကြွင်းကျန်သည်။ ခွဲဝေဖို့  မလောက်လို့ ကြွင်းကျန်သည့် အကြွင်းဆိုတာလည်း အံ့သြစရာ။ ရင်ခုန်စရာပါပဲ။ အကြွင်းလေးကိုတော့ ကျွန်မ သိမ်းဆည်းခွင့်ရှိမှာပေါ့နော်။

ယူဇနာ (၃၀)ကွာဝေးသော ချစ်သူနှင့် ကိုယ်နှင့်နီးစပ်ဖို့  နှစ်ယောက်အတူ နီးရာသို့ လှမ်းလာကြလျှင် တစ်ယောက်ကို (၁၅)ယူဇနာ လှမ်းရမှာပေါ့။ အဲဒါ အစားသင်္ချာပဲ။ဒါပေမယ့် အရာရာကို ဂဏန်းသင်္ချာနှင့် ပုံသေတွက်လို့  ရနိုင်ပါ့မလား။ တစ်ယူဇနာကိုရောက်ဖို့  အချိန်ကာလ ဘယ်နှနှစ်ကြာမလဲဆိုတာ ခြေလှမ်းဘယ်လောက်လှမ်းရမှာလဲဟူသည့်အချက်ပေါ်မှာ မူတည်၏။ ထို့ ပြင် သူ့ ခြေလှမ်းကကျဲလျှင် သူက ပိုနီးနီးရောက်မည်။ ဆိုလိုတာက သူက ကျွန်မထက် ခရီးများများလှမ်းရမည်။ ခြေလှမ်းစိပ်သည့် ကျွန်မက
သူ့ လောက်မြန်မြန် နီးအောင် လှမ်းနိုင်မှ မဟုတ်။ ကျွန်မနှင့် သူ၏ဆုံမှတ်ကို (၁၅) ယူဇနာဟု အတိအကျ တွက်လို့ မရ။ ကျွန်မက (၁၀)ယူဇနာ လှမ်းပြီးချိန်မှာပင် ယူဇနာ (၂၀)လှမ်းလာပြီးခဲ့သူ သူနှင့် ကျွန်မဆုံမိသွားနိုင်သည်။ သို့ မဟုတ် သူ ကျွန်မအနားသို့  မရောက်လာခင်မှာ ကျွန်မ မြေပြင်ပေါ်မှာ ပုံလျက်လဲကျပြီးနေပြီလည်း ဖြစ်နိုင်သည်။
သို့ သော် ကျွန်မ မျက်စိမမှိတ်ခင်အထိ ကျွန်မ ယုံကြည်သွားမည်။ သူ ခြေလှမ်းတွေလှမ်းနေသည်။ အခုအခါ ကျွန်မဆီရောက်ဖို့  ခြေလှမ်း (၅၀)လောက်ပဲ လိုတော့မည်။ ကျွန်မ စောင့်မည်။ အားတင်းပြီး စောင့်နိုင်သည်။ သို့ သော် ကျွန်မ မှန်းဆကြည့်နိုင်သေးသည်။ သူ ကျွန်မဆီ အခုပဲရောက်လာတော့မည်။ အခု လက်နှစ်ကမ်းအကွာမှာ သူရောက်နေလောက်ပြီ။ ကျွန်မလက်ကို သူနွေးထွေးစွာ ဆုပ်ကိုင်လာတော့မည်။ ကျွန်မဘက်က ကြိုးစားအားတင်းပြီး တစ်ပြိုက်တည်း လက်ကမ်းလိုက်လျှင်တော့ သူနှင့် အခုပဲ လက်ချင်းထိတော့မည်။

ဂျူး
( Mary Cornish ၏ Numbers ကဗျာကို မှီးပါသည်။ )

(Fashion Image ၊ဇူလိုင်၊၂၀၁၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis