menu

Sunday 3 June 2012

ချင်းတောင်တန်း က ချစ်တဲ့တောင် ဇလပ်နှင့် တောကျောင်းဆရာ(မိုးမြင့်မြတ်)


သူ၏ အထက်တန်း ကျောင်းဆီမှ ပတ်ဝန်းကျင်ကို မျှော်ကြည့်ချေလျှင် စိမ်းညို့မှိုင်းနှင့် အထပ်ထပ် တောင်တန်းများ၊ အနီးဆုံးရှိသော တောင်နံရံတွင် လှေခါးထစ် သဏ္ဌာန် ခါးစောင်းတင်ထားသော သူ၏ မြို့ကလေး။
မြို့ဟုဆိုသော်လည်း ရွာကြီး တစ်ရွာလောက်သာ ရှိသော တစ်ချိန် က အိမ်ခြေ သုံးဆယ်ခန့်ဖြင့် စတင် အခြေတည်ခဲ့သော မြို့တစ်ဖြစ်လဲ ကချင်ပြည်နယ်၏ အနောက် တောင်ဘက်၊ မြန်မာနိုင်ငံ၏ အစွန် အဖျား ချင်းပြည်နယ်၏ မြောက်ပိုင်း က တွန်းဇန်မြို့။ ချင်း လူမျိုးများ၏ အဆိုအရ တွန်းဇန်သည် ရေကြည် ရာမြက်နုရာ အတူတကွ သွားလာ နေထိုင် အခြေချခြင်း ဟူ၏။
ဆင့်ကဲ ပေါက်ပွား များပြားလာ သော မြို့ဟုခေါ်သည့် အရပ်က တောကျောင်းဆရာ။ သူ့ပုံပန်းက မပိန်မရှည်။ အသားညိုညို၊ မျက်မှန် ဝိုင်းထူထူကို မချွတ်တမ်း တပ် ထားလေ့ရှိသူ။ ကျောင်းဆရာဆို သော်လည်း စကားကို လိုအပ်သည် ထက်ပိုမပြောဘဲ များများ နားထောင် တတ်သူ။

ထို တောကျောင်းဆရာကို စတွေ့စဉ်က သူ့မြို့ကလေးနှင့် မိုင် သုံးဆယ်ဝန်းကျင် ဝေးသည့် ချင်း ပြည်နယ်မြောက်ပိုင်း၏ အထင်ကရ တီးတိန်မြို့ ကလေး၏ လက်ဖက် ရည် ဆိုင် တစ်ဆိုင်တွင် ဖြစ်သည်။
”ချင်းပြည်နယ်နဲ့ ဒီဒေသက ပြည်သူတွေအပေါ် ဘယ်လိုမြင် သလဲ”
စကား သုံးခွန်းခန့် နှစ်ဦးနှစ် ဖက် ပြောဆိုပြီးချိန်တွင် တော ကျောင်းဆရာထံမှ ထွက်ပေါ်လာ သော မေးခွန်းဖြစ်သည်။ ချက်ချင်း သူ၏ မေးခွန်းကို ပြန်မဖြေနိုင်ဘဲ တစ်ညနေနှင့်တစ်မနက် တွေ့ကြုံ မြင်ခဲ့ရမှု အပေါ် ကောက်ချက်ချ ဖြေ ကြားမှုကို တောကျောင်းဆရာ သဘောကျသွားသည်။
”ဒီဒေသမှာ ပညာတတ် တော်တော် များများ ရှိတာလည်း မှန်ပါတယ်။ အရမ်းကြီး ပူပင်ကြောင့် ကြပြီးမနေရဘူး ဆိုတာလည်း ဟုတ်သင့်သလောက် ဟုတ်ပါတယ်။ ဒါ ပေမဲ့ ကျွန်တော်တို့ ဒေသမှာ ဖွံ့ဖြိုးမှု က အရမ်းကို နောက်ကျနေတယ်” ဟု တောကျောင်းဆရာက ပြောသည်။
ထို့နောက်တော့ အင်္ဂလိပ် ခေတ်ကတည်းက ဖောက်ထားသော သူ့ဒေသက လမ်းတွေ ယနေ့ အချိန်အထိ မွမ်းမံမှု အနည်းငယ် ဖြင့်သာ ဆက်လက် သုံးစွဲနေရပုံ။ ဒေသ ခံပြည်သူတွေ ၏ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး အရေးတကာ့ အရေး စုံလင်စွာ ခရေစေ့တွင်းကျ ပြောပြသည်။
”ကျွန်တော်တို့ ဒီဒေသမှာ အေးချမ်းတယ် လို့ထင်ရတာက စစ် မဖြစ်ဘူးဗျာ။ လက်နက်ကိုင်အဖွဲ့ အစည်း မရှိဘူးဗျာ။ နောက်ချင်းလူ မျိုးတွေ အဆက်ဆက် မြန်မာ အစိုးရ အပေါ်မှာ သစ္စာရှိတယ်။ ဘာမှလည်း ကြီးကြီးကျယ်ကျယ် မတောင်းဆိုခဲ့ဘူး။ တစ်ခါတစ်ခါတော့လည်း ပြန်စဉ်းစားကြည့်တယ်။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ ဒေသ မဖွံ့ဖြိုးတာ များလားလို့ တွေးမိတယ်။ မြန်မာ တစ်နိုင်ငံလုံး လိုက်ကြည့်ဗျာ။ ကျွန်တော်တို့ ချင်းပြည်နယ်က ဖွံ့ဖြိုးမှု မရှိဆုံးပဲ။ ငိုပြီး ပူဆာတတ်တဲ့ ကလေးက မုန့်ရတယ် ဆိုတာ အမှန်ပဲဗျ။ ကျွန်တော်တို့ ဘာတောင်းဆို တောင်းဆို ပယ်ချခံရတာ များတယ်” ဟု တောကျောင်းဆရာက ချင်းသံဝဲဝဲဖြင့် ပြောရင်း ရေနွေးကြမ်း တစ်ခွက်ကို ကောက်သောက်ကာ သူ့ စကားစကို ဖြတ်သွားသည်။
ထိုသို့ပြောဆိုပြီး တီးတိန်မှ ကားဖြင့် နှစ်နာရီကြာ သွားရသော သူ့ မြို့ တွန်းဇန်ကို အချိန်ရက လာလည်ရန် ပြောပြီး လမ်းခွဲခဲ့ကြ သည်။
ရွှေပါရမီ ကျန်းမာရေး ဖောင် ဒေးရှင်း၏ တွန်းဇန်မြို့သို့ တစ်ရက် ကြာ ဆေးကုသသော ခရီးစဉ်ဖြင့် ရောက်သွားသည့် အချိန်တွင် အမှန် တကယ်ပင် တောကျောင်းဆရာ လာကြိုရှာသည်။ သူ့ကျောင်း၏ ဧည့်ခန်းတွင် ထိုင်၍ သူ့ကျောင်း၏ သမိုင်း။ သူ့ဒေသလူငယ်ထု အတွက် ပညာရေး မျှော်လင့်ချက်။ အခြား အခြားသော မျှော်လင့် ချက်ပေါင်း များစွာ။
”အဲဒီသင်ပုန်းမှာ ရေးထားတဲ့ လူစာရင်းထဲက နံပါတ် သုံးယောက် မြောက်။ ဦးဇံဆွန့်ပေါင် ဆိုတာ ကျွန်တော့်နာမည်ပေါ့”
ထိုအခါကျမှပင် တောကျောင်း ဆရာက သူ့နာမည်ကို မိတ်ဆက် တော့သည်။
”ကျွန်တော်က ဒီကျောင်းမှာ ပဲ မူလတန်းကနေ ကိုးတန်းအောင် တဲ့အထိ တက်ပြီး စစ်ကိုင်းကနေ ဘွဲ့ရတယ်။ ဘီအီးဒီ အောင်တယ်။ ချင်းပြည်နယ်ထဲမှာ ရှိတဲ့ နေရာ သုံး ခုမှာ မူလတန်း ကျောင်းအုပ်၊ အလယ်တန်း ကျောင်းအုပ်၊ အထက်တန်းပြ လုပ်ပြီးမှ ဒီ ကျွန်တော့်မြို့ ကျောင်းရဲ့ အထက်တန်းပြ ပြန်လုပ်တာ။ ကျွန်တော် ကျောင်းပြီးတဲ့ အချိန်မှာ နိုင်ငံခြားကို သတင်းစာ ဆရာသင်တန်း သွားတက်မယ် ဆို ပြီး လုပ်သေးတာ။ အိမ်ထောင် စောစောပြုမိတော့ လက်တွေ့ကျ ကျ ဒီကျောင်းဆရာ အလုပ်ကို ရွေး ချယ် လိုက်ရတာ”ဟု တောကျောင်း ဆရာ ဦးဇံဆွန့်ပေါင်က အလင်္ကာ မပါ သူ့ဘဝ ကောက်ကြောင်း ပြောပြသည်။
ဘဝတွင် ဖြစ်ချင်တာထက် ဖြစ် သင့်သည်ကို ရွေးချယ်ခဲ့သော တော ကျောင်းဆရာသည် သူ့မြို့၊ သူ့ ဒေသ၊ သူ့လူမျိုး အားလုံးအတွက် သူမျှော်လင့်သော ဘဝများမှာ ပညာ တတ် ရမည်။ အသိဥာဏ် ဗဟုသုတ ပြည့်စုံရမည်။ အမေ့ခံ ဘဝများ အဖြစ်ကို တောကျောင်းဆရာက မနှစ်သက်။
”ကျွန်တော့်ကျောင်းမှာ ကျောင်း သားဦးရေက နှစ်ထောင့်ငါးရာ လောက်ရှိတယ်။ စာသင်ဆောင် တွေ၊ စာသင်ခုံတွေ မလုံလောက် ဘူး။ ဒီ့အတွက် နိုင်ငံတော် ကလည်း မကူညီနိုင်ဘူး။ ကျွန်တော်တို့လည်း မတတ်နိုင်ဘူး။ တခြားသင်ထောက် ကူပစ္စည်းတွေ ဆိုတာထားဦး စာသင်စရာ နေရာတောင် မပြည့်စုံရင် ဒီဒေသ ဖွံ့ဖြိုးဖို့ အတော် လုပ်ယူ ရဦးမှာ”ဟု တောကျောင်းဆရာက မျှော်လင့်ချက် ယဲ့ယဲ့လေသံဖြင့် ပြော သည်။
တောကျောင်းဆရာ၏ မျက် မှန်ထူထူအောက်က မျက်ဝန်း တစ်စုံသည် ကျောင်းဆောင် ပြတင်းပေါက် မှတစ်ဆင့် အဝေးက စိမ်းစိမ်း ညို့ညို့ တောင်တန်းတွေ ဆီသို့ ရောက်သွားသည်။ မှန်ထူထူနောက် က သူ့ မျက်ဝန်းတစ်စုံ၏ အတိမ် အနက် အဓိပ္ပာယ်ကို အထင်းသား မတွေ့နိုင်သော်လည်း သူ၏ စကား လုံးတွေက မုသားမပါ ပကတိ သူ့ဒေသ ဖွံ့ဖြိုး တိုးတက်ဖို့ပင်။
”ကျွန်တော့် အသက် ၄၁ နှစ် ရှိပြီ။ သားသမီး ခုနစ်ယောက် ရှိတယ်။ ဇနီးကလည်း ကျောင်းဆရာမပဲ။ ကျောင်းဆရာ တစ်ယောက် စိုက်ပျိုးတဲ့ အသီးအပွင့်တွေက အကျိုး အမြတ်ရဖို့ အချိန်တွေ အများကြီး လိုတယ်။ သတင်းစာဆရာ တစ်ယောက်ရဲ့ လုပ်ဆောင်ချက်လို ချက်ချင်း မခံစားရဘူး။ အကျိုးဆောင် တာချင်း အတူတူ ခံစားမှု အနှေးအမြန် တော့ မတူဘူး” ဟု ဦးဇံဆွန့်ပေါင် က ကျောင်းဆရာ ဘဝနှင့် သူမရ ခဲ့သော သတင်းစာ ဆရာဘဝကို နှိုင်းယှဉ်ပြသည်။
သေချာပါသည်။ လျှပ်စစ်မီး အလုံအလောက် မရရှိသော သူ့မြို့။ စာသင်ဆောင် မလုံလောက် သော သူ့ကျောင်း၊ သင်ထောက်ကူ ပစ္စည်း မရှိသော သူ့စာသင်ခန်း။ တစ်နေ့ ထိုအရာတွေ ပြောင်းပြန် အချိုးကျ လိမ့်မည်ဟု သူ ယုံကြည်သည်။
တောင်ဇလပ်၊ ထင်းရှူးနှင့် ချယ်ရီပန်း တို့ဖြင့် သဘာဝအလှ စု ပေါင်းခနေသော ချင်းတောင်တန်း တွင် ၁၅ မိနစ်ခန့် လမ်းလျှောက် ရသည့် သူ၏အိမ်နှင့် ကျောင်းကြားရှိ တောင်စောင်းနေ တောကျောင်း ဆရာ၏ မနောအလှက ပို၍ ထင်း နေသည်။
မိုးမြင့်မြတ်
Popular myanmar news journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis