menu

Sunday 3 June 2012

အော်ရန်အူတန်လူဝံတွေရဲ့ နေ့စဉ်ဘ၀ကို အဓိပ္ပာယ်ရှိသွားစေတဲ့ အိုင်ပက်ဒ် ပရိုဂရမ်


အိုင်ပက်ဒ်ကို စိတ်ဝင်တစားကြည့်ရှုနေကြတဲ့ အော်ရန်အူတန် တွေနဲ့အတူတွေ့ရတဲ့ Scott Engle။
လှောင်အိမ်ထဲက အော်ရန်အူတန် လူဝံငယ်လေး Mahal ဟာ အိုင်ပက်ဒ်ကနေ သူ့အကြိုက်ဆုံး အပလီကေးရှင်းကို ရွေးဖို့အတွက် သူ့လက်တံရှည်ကြီးကို ဆန့်ထုတ်ပြီး အိုင်ပက်ဒ် မျက်နှာပြင်ကို သူ့ လက်ကြီးနဲ့ တို့တို့ပြီးရှာနေပါတယ်။
ခဏနေတော့ သံဆန်ခါနား မျက်နှာကြီး ဖိကပ်ပြီး သူ့ရဲ့ ရှည်လျားလှတဲ့ လျှာနဲ့ သူ့အကြိုက်ဆုံး သီချင်း "Twinkle, Twinkle Little Star"
သီချင်းကို ရွေးနှိပ်လိုက်ပါတယ်။

Milwaukee က Wisconsin ခရိုင်တိရစ္ဆာန်ရုံက Mahal နဲ့ နောက်ထပ် လူဝံနှစ်ကောင်ဟာ မကြာခင်မှာ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ အစီ အစဉ်ဖြစ်တဲ့ တခြားတိရစ္ဆာန်ရုံတွေနဲ့ တောရိုင်းတိရစ္ဆာန်ကာကွယ် စောင့်ရှောက်ရေး ဘေးမဲ့တောတွေက အော်ရန်အူတန် လူဝံတွေနဲ့ play dates လုပ်ဖို့ အိုင်ပက်ဒ်ကို အသုံးပြု တတ်ကြတော့မှာပါ။
သူတို့ဟာ အော်ရန်အူတန် လူဝံ အကြောင်း ဗီဒီယိုကို ကြည့်ရတာ သဘောကျကြပါတယ်။
ဒါကြောင့် တိုက် ရိုက်အစီအစဉ်တွေဆို ပိုပြီး စိတ်ဝင် စားစရာကောင်းမယ်လို့ သူတို့ကို ထိန်း ကျောင်းပေးတဲ့ သူတွေက မျှော်လင့် ထားကြပါတယ်။
"ဒါက ဘယ်လောက်အထိ ဖြစ်လာမလဲ ကျွန်တော်တို့ အရမ်းသိချင်နေ ကြပါတယ်။သူတို့လုံးဝ စိတ်မ၀င်စားတာလည်း ဖြစ်နိုင်ပါ တယ်။ ဒါပေမယ့် ကျွန်တော့အထင် ဒါဟာ တကယ့် အစစ် အမှန်အချိန်မှာ ဖြစ်နေတာနဲ့ သူတို့ ဟာ တခြားလူဝံကို ကြည့်နေတယ်ဆို တာကို နားလည်နိုင်စွမ်းရှိမှာပါ" လို့ တိရစ္ဆာန်ရုံကအဆင့်မြင့်နို့တိုက်သတ္တ၀ါ အရေး ညှိနှိုင်းဆောင်ရွက်ပေးသူ ထရစ်ရှ်ခန်းက ပြောပါတယ်။
အိုင်ပက်ဒ်ကို တိရစ္ဆာန်ရုံမှာ စတင် အသုံးပြုစေတာ တစ်နှစ်နီးနီးလောက် ရှိလာတဲ့အခါ လူဝံတွေထားတဲ့ အဆောက်အအုံမှာ ၀ိုင်ဖိုင် စနစ်အတွက် ၀ိုင်ယာတွေတပ်ဆင်ပေးထားပါတယ်။
ဒါကြောင့် လူဝံတွေ play dates ကို သုံးနိုင်မှာ ဖြစ်သလို လူတွေကလည်း သူတို့ကို webcam ကနေ ကြည့်လို့ ရမှာပါ။
တခြား တိရစ္ဆာန်ရုံတွေမှာလည်း အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း Orangutan Outreach ရဲ့ အကူ အညီနဲ့ လူဝံတွေ အိုင်ပက်ဒ် အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။
ဒီအဖွဲ့အစည်းဟာ Milwaukee က အော်ရန် အူတန် လူဝံတွေ အိုင်ပက်ဒ်သုံးရတာ အရမ်းနှစ် သက်တာကို သိသွားပြီးတဲ့နောက်မှာ 'လူဝံတွေအတွက် အပလီကေးရှင်း' ဆိုတဲ့လှုပ်ရှားမှုကိုစတင်ပေးခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ အော်ရန်အူ တန်လူဝံတွေအတွက် ပိုမိုပြည့်စုံပြီး ပိုမို စိတ်ဝင်စားဖို့ကောင်းတဲ့ အခြေအနေ တွေဖန်တီးပေးဖို့နဲ့ မျိုးသုဉ်းပျောက် ကွယ်လုနီးဖြစ်နေတဲ့ မျိုးစိတ်တွေ ကာ ကွယ်ရေးလှုပ်ရှားမှုမှာ တိရစ္ဆာန်ရုံကို လာလည်ကြတဲ့ အများပြည်သူတွေ စိတ်ဝင်စားလာစေဖို့ပဲဖြစ်ပါတယ်။
"တောထဲမှာ သူတို့ကို တွေ့ရတဲ့ အရေအတွက်က နည်းလာနေပါပြီ။ ဒီမျိုးစိတ်က မျိုးသုဉ်းလုနီး ဖြစ်နေပါပြီ။ ဒါကြောင့် လူတွေ သူတို့နဲ့ အချိတ် အဆက်ရှိဖို့က တကယ့်ကို အရေးကြီးပါ တယ်"လို့ ခန်းက အေအက်ဖ်ပီကို ပြောပါတယ်။
"ကျွန်တော့အထင်တော့ ဒီလူဝံတွေ ဟာ အသိဉာဏ်ရှိတဲ့တိရစ္ဆာန်တွေ ဆို တာ လူတွေ သိဖို့ လိုပါတယ်။ သူတို့ ဟာ တကယ့်ကို အံ့ဩစရာကောင်း ပါတယ်။ သူတို့ရဲ့ သဘာဝဖြစ်စဉ်ကို အခြေအနေသစ်နဲ့အညီ ပြောင်းလဲနိုင် စွမ်းရှိသလို ဦးနှောက်ကလည်း သင်ယူ တတ်မြောက်နိုင်စွမ်းရှိပါတယ်" လို့ သူက ပြောပါတယ်။
ဒါကြောင့် သူတို့အစာစားတဲ့ သီး သန့်နေရာမှာ သူတို့ကစားဖို့စီစဉ်ပေး ထားတဲ့အပြင် အများပြည်သူ ကြည့်ရှု နိုင်တဲ့ နေရာတွေမှာ လည်း ဖျော်ဖြေ ရေးအဖြစ်အိုင်ပက်ဒ်ကို ဖြည့်စွက်ပေး ထားပါတယ်။
တိရစ္ဆာန်ရုံမှာ လုပ်အား ပေးနေတဲ့ Scott Engle က အများ ပြည်သူသွားလာ ကြည့်ရှုခွင့်ရတဲ့ နေရာ တွေမှာ လူဝံတွေအတွက် ဖန်သားပြင် ထူထူကနေတဆင့် ဗီဒီယိုဖွင့်ထားပေး ပါတယ်။
တိရစ္ဆာန်ရုံကို လာလည်ကြတဲ့ လူတွေဟာ သူ့ကို အော်ရန်အူတန် လူဝံ နဲ့ အိုင်ပက်ဒ်အကြောင်း စိတ်ဝင်တစား မေးမြန်းကြပါတယ်။
Mahal က ပင်ဂွင်အကြောင်း ဗီဒီယိုကို ကြိုက်ပြီး သူ့ရဲ့ မွေးစားအမေ အမ်ဂျေက David Attenborough ရဲ့ ဘီဘီစီ သဘာဝရှိုးကို ကြိုက်တယ်လို့ ပြောပြတဲ့အခါ လူတွေ သဘောကျ ပြီး ရယ်မောကြပါတယ်။
ဗီဒီယို ထပ် ကြည့်ချင်သေးတဲ့ အမ်ဂျေက ဖန်သား ပြင်နားလာပြီး Engle ကို အချက်ပြ တဲ့အခါ ပရိသတ်တွေက သူ့ကို အလု အယက် ဓာတ်ပုံရိုက်ကြပါတယ်။
အော်ရန်အူတန်တွေ ကျက်စားတဲ့ သဘာဝနေရာတွေဟာ ဆီအုန်းစိုက် ပျိုးရေးအတွက် အင်ဒိုနီးရှားက မိုး သစ်တောတွေကို မီးရှို့ ခုတ်ထွင်ရှင်းလင်း လိုက်ကြတာကြောင့် ပျောက်ဆုံးကုန် ပြီလို့ သူတို့ကို ပြောပြတဲ့အခါ အားလုံးက စိတ်ဝင်တစား နားထောင်ကြပါ တယ်။
Engle ဟာ အလွတ်တန်းဓာတ်ပုံ ဆရာတစ်ဦးပါ။
ဒီတိရစ္ဆာန်ရုံကို သူ လိုအပ်တဲ့ပုံရိုက်ဖို့အတွက် ရောက်ခဲ့တာ တော်တော်ကြာပါပြီ။
သူဟာ အပြောင် အပြက်အနေနဲ့ အွန်လိုင်းမှာ ဖြန့်ဖို့ အတွက် ဂေါ်ရီလာတစ်ကောင် အိုင်ပက်ဒ် သုံးနေတဲ့ပုံကို ဖန်တီးခဲ့ပြီးတဲ့နောက်မှာ ဒီအစီအစဉ်ကို စတင်ခဲ့တာပဲ ဖြစ်ပါ တယ်။
Milwaukee တိရစ္ဆာန်ရုံက ဂေါ်ရီလာ ထိန်းသိမ်းစောင့်ရှောက်သူတွေကို ဖေ့စ်ဘွတ်ခ်ကနေ ဆက်သွယ်ခဲ့ပြီး အိုင်ပက်ဒ်-၃ ထွက်လာ တဲ့အခါ သူ့ရဲ့ အရင် အိုင်ပက်ဒ်အဟောင်းကို တိရစ္ဆာန် ရုံကို လှူလိုက်ပါတယ်။
အခုတော့ အော်ရန်အူတန်တွေကို ဗီဒီယိုပြဖို့ တိရစ္ဆာန်ရုံကို ခဏခဏ သွားဖြစ်ပါတယ်။
သူပြတဲ့ ဗီဒီယို အများစုကတော့ သူကိုယ်တိုင်ရိုက်ထား တာတွေပါ။
"တိရစ္ဆာန်တစ်ကောင်နဲ့ အချိတ် အဆက်လုပ်ရတာ အရမ်းကို အံ့ဩစရာကောင်းပါတယ်။ သူတို့တွေက ကျွန်တော်တို့ကို တက်ကြွ ရွှင်မြူး စေပါတယ်"လို့ Engle က ပြောပြပါ တယ်။
Mahal ဟာ Engle ကို တွေ့တာနဲ့ သူ့လက်နှစ်ဖက်ကိုမြှောက်ပြီး လက် ခုပ်တီးပါလိမ့်မယ်။
သူကတော့ ပြတင်းပေါက် ပေါင်အောက်မှာ ကိုယ်ကိုကိုင်းပြီး 'တူး-၀ါ'ကစားရတာကို ကြိုက်ပါတယ်။
အမ်ဂျေကတော့ Engle ရဲ့ ခေါင်းပိုင်းကို ပြစေချင်ရင် သူ့နဖူးကို လက်နဲ့ပုတ်ပြပါတယ်။
မျက်လုံးကို ညွှန် ပြရင်တော့ မျက်နှာကိုပွတ်ပြရပါတယ်။
အထူးခြားဆုံးအချိန်ကတော့ သီးသန့် နေတတ်တဲ့ အသက် ၃၀ အရွယ် အော်ရန်အူတန်လူဝံထီးကြီးတော်မီ သူ့ကို နှုတ်ဆက်တဲ့ အနေနဲ့ သူ့ချောင်လေးထဲက ထွက်လာပြတာပါ။
သူကတော့ အပြင်ထွက်ခဲသလို ပြတင်းပေါက်ကို ကျောခိုင်းပြီး ထိုင်တတ်တဲ့သူပါ။
သူဒီလိုနေတာ နှစ်ပေါင်း တော်တော်ကြာပါပြီ။
ဒါပေမယ့် အိုင်ပက်ဒ်ကြောင့် သူပြောင်းလဲသွားပါပြီ။
သူ့ရဲ့ ရှည်လျားလှတဲ့ လိမ္မော်ရောင် အမွေး တွေနဲ့ အနက်ရောင်မျက်နှာပြားပြား ကြီးကို တွေ့ချင်လို့ စောင့်ကြည့်ကြတဲ့ လူတွေထက် သူ့ပြတင်းပေါက် အပြင် ဘက်မှာ လာရပ်နေတဲ့ Engle ကို ပိုပြီး စိတ်ဝင်စားတဲ့ပုံပေါ်ပါတယ်။
"သူ့အရင်ကလို ချောင်ထဲမှာ ကုပ်မနေတော့ဘဲ စိတ်ဝင်တစားနဲ့ အပြင်ထွက်လာတာကို တွေ့ရတာ ကျွန်တော်တို့အတွက် အားရ စရာပါ။သူက မယုံနိုင်လောက်အောင်ပါပဲ။ ကျွန်တော်တို့ကတော့ လူတွေသူ့ကို ကြည့်စေချင်ပါတယ်"လို့ ခန်းကပြောပါတယ်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis