menu

Sunday 3 June 2012

နိုင်ငံတော်သမ္မတကြီးခင်ဗျား(ဆရာဝန်တစ်ဦး)


နိုင်ငံတော်သမ္မတကြီးခင်ဗျား။ ရေ ကြည်ရာ မြက်နုရာဆိုတဲ့ စကား အတိုင်း ရေကြည်မြက်နုရှိတဲ့ ပြည်ပမှာ ခေတ္တအလုပ်လုပ်နေရပေမယ့် သမ္မတကြီးရဲ့ ကောင်းသတင်းများဟာ ပြည်ပနိုင်ငံများအထိ ပျံ့လွင့် ကြားသိနေရပါကြောင်း ဦးစွာတင်ပြပါရစေ။
မြန်မာနိုင်ငံကို ခေတ္တပြန်လာတဲ့အခါများမှာလည်း ဒီမိုကရေစီရဲ့ အငွေ့အသက်တွေ ရှူရှိုက်ရလို့ အားအင်တွေတောင် ပြည့်ဖြိုးလာပါ တယ်။
မီဒီယာတွေမှာလည်း ဒီမိုကရေစီ သတင်းတွေနဲ့ ဖုံးလွှမ်းလို့နေပါတယ်။
နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် သမ္မတကြီးတတ်နိုင်သလောက် ဆောင်ရွက်ပေးနေတယ်ဆိုတာ ပြည်သူလူထုကြီးကလည်း သိမြင် လာကြပါပြီ။
ခေတ်အဆက်ဆက်မှာ မပြောဝံ့မဆိုဝံ့နေခဲ့ရသမျှ အခုအချိန်မှာ ဒီမိုကရေစီရဲ့ အလင်းရောင်ကို စတင်မြင်ဖူးလာကြပါပြီ။

လွှတ်တော်အရပ်ရပ်မှာလည်း အရင်တုန်းက လက်ဖက်ရည်ဆိုင်မှာတောင် ကျယ်ကျယ်မပြောဝံ့တဲ့ ကိစ္စတွေကို ခေါင်းပေါင်းစ တလူလူနဲ့ ပြောဝံ့ဆိုဝံ့ရှိ လာကြပါပြီ။
ပြည်ထောင်စုဝန်ကြီးတချို့ကလည်း ဒီမိုကရေစီစကားတွေ ရဲရဲဝံ့ဝံ့ပြောလာကြပါပြီ။
မျက်မှန်စိမ်းနဲ့ ပုဂ္ဂိုလ်တချို့ တွေ့မြင်နေရသေးပေမယ့် ပြည်သူတို့ရဲ့စစ်မှန်သော သဘောထား ဆန္ဒများကို မထီမဲ့မြင်ပြုသူများ အတွက်တော့ တဖြည်းဖြည်း နေရာတွေ ကျဉ်းမြောင်းလာမှာ ဖြစ်ပါတယ်။
သမ္မတကြီးခင်ဗျား။
သမ္မတကြီးရဲ့ ၀န်းကျင်မှာ အင်မတန်မှ အရည်အချင်း ပြည့်ဝတဲ့ အကြံပေးပုဂ္ဂိုလ်တွေ ၀န်းရံနေတာဟာလည်း ပြည်သူတွေအတွက် အလွန်အားတက်ဖွယ်ရာပါပဲခင်ဗျား။
သန်းပေါင်း ၆၀ ကျော်သော ပြည်သူ အများစုအတွက် လိုအပ်ချက်များကို အဲဒီ ပုဂ္ဂိုလ်များဟာ ကြားနိုင်မြင်နိုင်စွမ်းရှိကြပါတယ်။
သမ္မတကြီးအတွက် အဖိုးတန်တဲ့ အကြံကောင်း၊ ဉာဏ်ကောင်းများစွာကို ပေးနိုင်ကြမယ့် ပုဂ္ဂိုလ်ကြီးများဖြစ်ကြပါတယ်။
ဒီမိုကရေစီအပြည့်အ၀ရှိတဲ့ နိုင်ငံကြီးတွေမှာ သမ္မတသစ်တစ်ဦးရဲ့ လုပ်ဆောင်ချက်တွေ၊ မူဝါဒသဘောထားတွေကို ရက်ပေါင်း ၁၀၀ စွမ်းဆောင်ချက်တွေနဲ့ လေ့လာဝေဖန်ကြပါတယ်။
သမ္မတသစ်တွေကလည်း ဒီပထမရက်ပေါင်း ၁၀၀ အတွင်းမှာ မိမိတို့အစိုးရအဖွဲ့ရဲ့ မူဝါဒ ရှေ့လုပ်ငန်းစဉ်တွေကို ကြေညာပြီး လုပ်နိုင်သလောက်လည်း လုပ်ပြကြတယ်။
သမ္မတကြီးရဲ့ အစိုးရသစ်တက်လာပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာ ဘာမှထူးထူးခြားခြားဖြစ်မလားဘူးလို့ ဝေဖန်သူတချို့က ဆိုကြပါတယ်။
ကျွန်တော့အမြင်တော့ ဒါဟာ အဆိုးမြင် ၀ါဒီတချို့၊ ဒါမှမဟုတ် တိုင်းပြည်ကို တိုးတက်ချင်တဲ့ဆန္ဒတွေ သိပ်စောနေတဲ့ လူတချို့ရဲ့ ဝေဖန်ချက်လို့ပဲ ထင်မိပါတယ်။
တိုက်ကြီးအပေါ် အဆင်သင့် တက်ထိုင်တဲ့အခြေအနေနဲ့ အခုမှ ခြံစည်းရိုးခုတ်၊ တဲထိုးနေရတဲ့အခြေ အနေကို နှိုင်းယှဉ်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါလိမ့်မယ်။
ကျွန်တော်တို့နိုင်ငံလို အခုမှ ဒီမိုကရေစီလမ်းဖွင့်ပြီး ကုန်းရုန်းထနေရတဲ့နိုင်ငံမှာ ရက်ပေါင်း ၁၀၀ ဟာ ဘာမှသိသာလာစရာအကြောင်း မရှိပါဘူး။
ဒီတော့ ပြည်သူလူထုကြီးကို ကျွန်တော်မေတ္တာရပ်ခံချင်တာကတော့ ကျွန်တော်တို့ငါးဆလောက် စိတ်ရှည်ရှည်ထားပြီး ရက်ပေါင်း ၅၀၀ လောက် စောင့်ကြည့်ပြီးမှ အဆိုးအကောင်း ဝေဖန်ကြတာပေါ့ ခင်ဗျား။
သမ္မတကြီးခင်ဗျား။
သိပြီးသားဖြစ်သော်လည်း သည်းခံပြီးနားထောင်ပါဦး ခင်ဗျား။
ကျွန်တော်တို့နိုင်ငံဟာ အင်မတန် သယံဇာတ ပေါကြွယ်ဝတယ် ဆိုတာ သမိုင်းအဆက်ဆက်ကစပြီး ယနေ့အထိ ကမ္ဘာအသိပါပဲ။
သဘာဝ ဓာတ်ငွေ့၊ ဆန်းစပါး၊ ပဲမျိုးစုံ၊ ကျွန်းသစ်၊ ကျောက်စိမ်း၊ ပတ္တမြား အပါအ၀င် ကျောက်မျက်ရတနာမျိုးစုံ ဒီလောက် ကြွယ်ဝတဲ့ တိုင်းပြည်မှာ ပြည်သူတွေ ဆင်းရဲတွင်း နက်သထက်နက်ခဲ့ကြပါတယ်။
ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခုခံနိုင်စွမ်းမရှိတဲ့ ၀န်ထမ်းအားလုံးလိုလိုဟာ လာဘ်စားမှုနဲ့ပဲ အသက်ဆက်ခဲ့ကြ ရပါတယ်။
ကြာတော့ ၀န်ထမ်းလာဘ်စားတယ်ဆိုတာ မြန်မာနိုင်ငံရဲ့ ပုံမှန်ကိစ္စ တစ်ရပ်လိုဖြစ်ခဲ့ပါတယ်။
လာဘ်မရတဲ့ ၀န်ထမ်းက လာဘ်ရဖို့အတွက် နည်းပေါင်းစုံနဲ့ ကြိုးစားကြပါတော့တယ်။
လွယ်တဲ့အလုပ်တွေမှန်သမျှကို ခက်ခဲနိုင်သမျှ ခက်ခဲအောင် ပြုလုပ်ကြပါတယ်။
အဲဒီတော့တိုင်းပြည်ဟာ ရှေ့မတိုးဘဲ နောက်ကိုသာ ဆုတ်သထက်ဆုတ်ခဲ့ရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သလို သူများခြေတစ်လှမ်း လှမ်းရင် ကိုယ်က ခြေဆယ်လှမ်း လှမ်းရမယ်ဆိုတဲ့စကားကို တစ်သဝေ မတိမ်း လိုက်နာပြီး နောက်ပြန် ဆယ်လှမ်းလှမ်း ခဲ့ကြပါတယ်။
ဝန်ထမ်းတွေဟာ ကြီးငယ် အလတ်မရွေး လိမ်နိုင်သမျှလိမ်၊ ကောက်နိုင်သလောက်ကောက်၊ ကျစ်နိုင်သမျှ ကျစ်ခဲ့ကြပါတယ်။
အဲဒီဒဏ်ကို ပြည်သူတွေက အလူးအလဲလှိမ့်လှိမ့်ပြီး ခံစားခဲ့ရပါတယ်။
ခေါင်မိုးက မလုံရုံတင်မကဘူး၊ သွပ်ပြားကြီးပါ အချပ်လိုက်ကွာနေတော့ အပေါ်က အောက်ကို လက်ညှိုးထိုး၊ အောက်က အပေါ်ကို လက်ညှိုးထိုး၊ အပေါ်က တာဝတိံသာကို လက်ညှိုးထိုးနဲ့ တိုင်းပြည်ကြီးဟာ မရိုသေ့စကား ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလို "... နိုင်ငံကြီး" ဖြစ်ခဲ့ရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း မူလမိန့်ကြားခဲ့စဉ် အဓိပ္ပာယ်က တစ်မျိုးဖြစ်သော်လည်း အဲဒီလိုနိုင်ငံမျိုးဖြစ်ခဲ့တာ အမှန်ပါပဲ။
ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို မခံနိုင်လို့၊ မိသားစုငတ်နေတာကို မကြည့်ရက်လို့ အရွယ်ကောင်း သမီးပျိုလေးတွေဟာ ကိုယ့်ဘ၀ကို စတေးပြီး ငွေရှာတဲ့ အလုပ်ကို လုပ်ကြရပါတယ်။
အနိမ့်ဆုံး စင်တင်တေးဂီတ၊ ကာရာအိုကေ၊ အနှိပ်ခန်း၊ အဲဒီကမှတစ်ဆင့် တက်လှမ်းပြီး မထူးဇာတ်ခင်းကြတဲ့ သမီးပျိုကလေးတွေ၊ သူတို့ပို့ပေးတဲ့ ၀င်ငွေလေးနဲ့ အသက်ဆက်နေရတဲ့ မိသားစုတွေက အများကြီးပါပဲ။
သားသမီးချင်း ကိုယ်ချင်း စာကြည့်ရင် အင်မတန်မှ ရင်နာဖို့ ကောင်းလှပါတယ်။
သမ္မတကြီးခင်ဗျား။
မိန်းမပျိုကလေးတွေ ဒီဘ၀ရောက်သလိုပဲ၊ အားကောင်း မောင်းသန် ယောက်ျားတွေ ကျပြန်တော့ သူများနိုင်ငံ၊ အဓိကအားဖြင့် ထိုင်းနဲ့ မလေးရှားကို တရားမ၀င်ရော၊ တရားဝင်ရော သွားပြီးကျွန်ခံကြရပြန်ပါတယ်။
ကျွန်သပေါက်သာသာ ပေးတာယူ၊ ကျွေးတာစား၊ ထားရာမှာနေ၊ မော်မကြည့်နဲ့ ဆိုတဲ့ ဘ၀မျိုးမှာ နေကြရပါတယ်။
ကိုယ်က မဟုတ်တော့ သူများနှိပ်စက်တာ ခံကြရရှာပါတယ်။
ကွာလာလမ်ပူလို မြို့လယ်ကောင် နေပူကျဲကျဲ ပလက် ဖောင်းမှာ မြန်မာ Without တွေကို ဆောင့်ကြောင့်ထိုင်ခိုင်းထားပြီး ရဲတွေက ဖမ်းဆီးစစ်ဆေးနေတဲ့ မြင်ကွင်း၊ စိတ်မထင်ရင် မထင်သလို ဆောင့်ကန်ပစ်လိုက်တဲ့ မြင်ကွင်းတွေဟာ ရိုးလှပါပြီ။
အဲဒီတော့ သမ္မတကြီးက မေးပါလိမ့်မယ်။ ဒီကလေးတွေ ကိုယ့်တိုင်းပြည် ကိုယ်ပြန်လာပြီး လုပ်စားကြပါလားကွာ။
ငါလည်းအခုပြန်ခေါ်နေတာပဲလို့။
ဟုတ်ကဲ့ပါခင်ဗျား၊ ဒါပေမယ့် သူတို့ ပြန်မလာနိုင်ကြသေးပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီကျွန်ဘ၀သာသာနဲ့ ရတဲ့ ၀င်ငွေဟာ မြန်မာပြည်မှာ အဲဒီ ကလေးတွေ ရှာနိုင်စွမ်းရဲ့ သုံးဆနဲ့ငါးဆကြား လောက် ရပါတယ်။
စားပြီးသောက်ပြီး တစ်လကို တစ်သိန်း၊ တစ်သိန်းခွဲလောက် စုမိကြတော့ ကျွန်ဖြစ်ကာမှဖြစ်စေတော့ ဆိုပြီးနေကြရပါတယ်။
အမေကျော် ဒွေးတော်လွမ်းတာမျိုး မဟုတ်ကြရှာပါဘူး။
နိုင်ငံတော်မှာ ရေကြည်တွေ မြက်နုတွေပေါများအောင် သမ္မတကြီး လုပ်ပေးနိုင်တဲ့ တစ်နေ့မှာ သူတို့ကလေးတွေ ပြန်လာကြပါ လိမ့်မယ်။
ဝန်ထမ်းခြစားမှုပြဿနာဟာ နိုင်ငံတစ်နိုင်ငံမှာ အဆိုးဝါးဆုံးကိစ္စပဲဖြစ်ပါတယ်။
တစ်နွယ်ငင် တစ်စင်ပါဆိုသလို ဘာကိစ္စမှ ဖြောင့်ဖြောင့်ဖြူးဖြူးဆောင်ရွက်လို့မရတော့ပါဘူး။
ပြည်သူရဲ့ ၀န်ကို ထမ်းရမယ့် ပြည်သူ့ဝန်ထမ်းက ပြည်သူကို သဟောက်သဟမ်းလုပ်ပြီး 'လာဘ်ပေး လာဘ်ယူ တို့ကြည်ဖြူ' ဆိုနေ မှတော့ တိုင်းပြည်ပျက်ပြီပေါ့ခင်ဗျာ။
ရိုးရိုး သားသားလုပ်ကိုင်နေကြတဲ့ ၀န်ထမ်းတွေကိုတော့ ခွင့်လွှတ်ဖို့ တောင်းပန်ပါရစေ။
ထိုသူများကိုတော့ လေးစားဂုဏ်ပြုပါတယ်ခင်ဗျား။
ကျောင်းဆရာ/ဆရာမတွေ ထမင်း မ၀တဲ့အခါကျတော့ ကျူရှင်ပြစားကြရပါတယ်။ ကျူရှင်ပြစားတဲ့အခါကျတော့ ကိုယ့်ကျူရှင် လူလာအောင်တော့ လုပ်ကြရပါပြီ။
အဲဒီကစလို့ တဖြည်းဖြည်းနဲ့ ပညာရေးစနစ်ကြီးတစ်ခုလုံး ယိုယွင်းလာလိုက်တာ၊ အခုလက်ရှိအနေအထားအတိုင်း ဖြစ်လာကြတော့ တာပါပဲ။
စနစ်ကိုယ်၌ကိုကလည်း အရည်အချင်း ထက် အရေအတွက်ကို ဦးစားပေးပြီး အရင်တုန်းက တစ်နှစ်ကို လူ ၅၅၀ လောက်ပဲခေါ်တဲ့ ဆေးတက္ကသိုလ်တွေမှာ လူပေါင်း ၂,၀၀၀-၃,၀၀၀ လောက် ခေါ်တဲ့အခါ ဆေးကျောင်းသားတွေ၊ ဆရာဝန်ပေါက်စတွေရဲ့ အရည် အချင်းတွေ အောက်ကို ဇောက်ထိုးဆိုက်ဆင်းခဲ့ ရပါတယ်။
ပညာရေးလောကမှာ ထိပ်ဆုံးက ပညာရှင်တွေလို့ မြန်မာပြည်မှာ သတ်မှတ်ခံရတဲ့ ဆေးတက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ တောင် ဒီလိုစာ ကောင်းကောင်းမတတ်၊ စိတ်မပါ လက်မပါ ကျူရှင်ပတ်လည်ဝိုင်းလို့ နေရတဲ့ ခေတ်မှာ ကျန်တဲ့ဘာသာရပ်တွေဆို ပြောဖို့တောင်မလိုတော့ပါဘူး။
English Major နဲ့ ဘွဲ့ရသူတွေဟာ Internet Chatting မှာ Myanglish တွေနဲ့ပဲ ပြောနေကြပါတယ်။
ဓာတုဗေဒ၊ ရူပဗေဒဘွဲ့ရ သူတွေဟာ သူတို့ ဘာသာရပ်ဆိုင်ရာမှာ ဘာမှထူးထူးခြားခြား တတ်ကျွမ်းမှုတွေ မရှိကြပါဘူး။
ရှိဖို့လည်းမလိုပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဘွဲ့တစ်ခုရပြီးတာ နဲ့ အဲဒီဘွဲ့နဲ့ ဘာမှပတ်သက်မှုမရှိတဲ့ လာဘ်လာဘ ပေါများတဲ့ နေရာတွေမှာပဲ အလုပ်ရှာကြ ပါတယ်။
ဆရာဝန်တောင် ၀က်သားတုတ်ထိုး ရောင်းနေမှတော့ တိုင်းပြည်ရဲ့ ပညာရေး စနစ်ကြီးဟာ ဘယ်လောက်ယိုယွင်း ပျက်စီးနေလဲ ဆိုတာ မှန်းဆလို့ရပါတယ်။
တစ်ချိန် တုန်းက အရှေ့တောင်အာရှမှာ နာမည်ကြီးခဲ့တဲ့ ရန်ကုန်နဲ့ မန္တလေး ၀ိဇ္ဇာသိပံ္ပ တက္ကသိုလ်ကြီးတွေဟာ အခုဆို ကျီးနှင့် ဖုတ်ဖုတ်ပါပဲ။
သမ္မတကြီးခင်ဗျား၊ ဒါတွေဟာ ဘယ်သူ့ကိုမှ အပြစ်တင်နေခြင်းမဟုတ်ဘဲ ဖြစ်ခဲ့ရတဲ့ အခြေအနေဆိုးတွေကို တင်ပြခြင်းသာ ဖြစ်ပါတယ်။
တစ်နည်း အားဖြင့် တိုင်းပြည်ရဲ့ အဖြစ်မှန်တွေကို ဒီမိုကရေစီမီးမောင်းနဲ့ ထိုးပြနေခြင်းသာ ဖြစ်ပါတယ်။
လစာနဲ့ ဘယ်လိုမှ စားလို့ မလောက်နိုင်တဲ့ခေတ်မှာ ၀န်ထမ်းတွေ လာဘ်ပေးလာဘ်ယူမှုတွေဟာ လူမျိုးရဲ့ စရိုက်ကိုတောင်မှ အသွင် ပြောင်းလာခဲ့ပါတယ်။
အဆင့်အသီးသီး၊ နယ်ပယ် အသီးသီး၊ နေရာအသီးသီးမှာ ထိပ်ဆုံးက ဆောင်ရွက်ရမယ့် ကိစ္စဟာ အပေးအယူပဲဖြစ်ပါတယ်။
အဲဒီကိစ္စပြီးမှ နောက်တစ်ဆင့် အလုပ်လုပ်လို့ရပါတယ်။
သမ္မတကြီးရဲ့ လက်ထက်မှာ Clean Government လို့တရားဝင် ကြေညာခဲ့ပြီးတဲ့နောက် ဒီကိစ္စတွေမှာ အနည်းငယ် တုံ့ဆိုင်းသွား ကြောင်း ကြားသိရပါတယ်။
အမြစ်ပြုတ်တိုက်ဖျက်ဖို့ ဆိုတာကတော့ အချိန်ယူရဦးမှာဖြစ်ပါတယ်။
အနိမ့်ဆုံးဝန်ထမ်းတစ်ယောက်ရဲ့ လစာဟာ သူ့မိသားစုအတွက် ၀မ်းဝ၊ ခါးလှနိုင်တဲ့ အချိန်ကျမှ အမြစ်ပြုတ်သုတ်သင်လို့ ရပါ လိမ့်မယ်။
မလေးရှားမှာ အနိမ့်ဆုံးအလုပ်သမားရဲ့ လစာဟာ ရင်းဂစ်ငွေ ၁,၀၀၀-၁,၅၀၀ လောက်ရှိပါတယ်။
မြန်မာငွေ နှစ်သိန်းခွဲ၊ သုံးသိန်း လောက်ဖြစ်တဲ့အတွက် မိသားစု ဖူလုံပါသေးတယ်။
စင်ကာပူမှာဆို ပိုတောင်မှ များပါသေးတယ်။
အဲဒီတော့ လာဘ်ပေး လာဘ်ယူလုပ်သူဟာ မသမာသူလို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး အရေးယူကြပါတယ်။
သမ္မတကြီးခင်ဗျား။
ဝန်ထမ်းတွေကို ၀ိသမလောဘသားတချို့ကလည်း ဖျက်ဆီးပါတယ်။
လာဘ်ပေးလာဘ်ယူ ဆိုတာ ပေးသူရော ယူသူပါတာဝန်ရှိ ပါတယ်။
ဆတူလောက်အပြစ်ရှိပါတယ်။
ဒါကြောင့် ဒီမိုကရေစီနိုင်ငံကြီးတွေမှာ လာဘ်ပေးသူကိုလည်း အရေးယူပါတယ်။
ဒီမှာတော့ လာဘ်ပေးရတဲ့ ပြည်သူကလည်း ပြောပါလိမ့်မယ်။ မပေးရင် အဆင်မပြေတော့ ပြေအောင် ပေးရတာပဲလို့။ အဲဒီတော့ ၀န်ထမ်းဟာ လစာနဲ့ မလုံလောက်သရွေ့ကတော့ ကြက်ဥနဲ့ ကြက်မ ဘယ်ကစသလဲဆိုတဲ့ Chicken and Egg ဇာတ်လမ်းမျိုး၊ ဘယ်သူ့ကို အရေးယူမလဲ မဆုံးဖြတ်တတ်အောင် ဖြစ်ကြရပါတယ်။
သမ္မတကြီးခင်ဗျား။
သမ္မတကြီး လက်ထက်မှာ ပထမဦးဆုံး ကျက်သရေ မင်္ဂလာနဲ့ ပြည့်ဝတဲ့ ကိစ္စတစ်ရပ်ကတော့ ပင်စင်လစာတွေ တိုးမြှင့် ပေးလိုက်ခြင်း ပဲဖြစ်ပါတယ်။
ဝန်ထမ်းတွေအနေနဲ့ ကြံလို့ဖန်လို့ရသေးပေမယ့် ပင်စင်စားများမှာတော့ ရာဂဏန်း၊ ထောင်ဂဏန်း အသေးလေးတွေနဲ့ အင်မတန် ခဲရာ ခဲဆစ် အသက်ဆက်နေရတဲ့ ဘ၀ကနေ နတ်ရေကန်ထဲ ပစ်ချလိုက်သလို နေ့ချင်း ညချင်း စားနိုင်သောက်နိုင်ရုံမက လှူနိုင် တန်းနိုင်တဲ့အဆင့်ထိ ရောက်ခဲ့ကြတာ သမ္မတကြီးဦးဆောင်တဲ့ အစိုးရအဖွဲ့၊ အဆင့်ဆင့်သော လွှတ်တော်အသီးသီးမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ မှန်ကန်တဲ့ စေတနာကို အထင်းသား မြင်လိုက်ကြရပါတယ်။
နတ်လူ သာဓု ခေါ်ကြပါတယ်။
ဒီကိစ္စကို ပင်စင်စားကြီးများ သာမက တစ်တိုင်းပြည်လုံးက ၀မ်းသာ ပီတိ ဖြစ်ကြပါတယ်။
နိုင်ငံတော်ရဲ့ ဘဏ္ဍာတွေတော့ ကုန်ပါပြီဗျာလို့ ဝေဖန်သူတစ်ဦးတလေမှတောင် မကြားရပါဘူး။
တစ်နည်းပြောရရင်တော့ ခေတ်စနစ်ကြောင့် ယိုယွင်းပျက်စီးနေတဲ့ စိတ်ဓာတ်တွေကြားထဲက တကယ့် ဗုဒ္ဓဘာသာတို့ရဲ့ စိတ်ရင်း အမှန်တွေကို ဖျတ်ခနဲ တွေ့လိုက်ရပါတယ်။
သမ္မတကြီးခင်ဗျား။
မြစ်ဆုံရေကာ တာစီမံကိန်းကို သမ္မတကြီးအမိန့်နဲ့ ရပ်ဆိုင်းလိုက်တာဟာလည်း တိုင်းပြည်အတွက် အင်မတန်ကျက်သရေရှိတဲ့ လုပ်ရပ်တစ်ခုပါပဲခင်ဗျား။
ပြည်သူလူထု ကြီးရဲ့အသံဟာ သမ္မတကြီးရင်ထဲ ရောက်သွားတယ်ဆိုတာ ထင်ရှားလှပါတယ်။
ဒီအတွက်သမ္မတကြီးမှာ ပြည်တွင်း ပြည်ပဖိအားပေးမှုတွေဟာ ဆုံးဖြတ်ချက် မချခင်ရော၊ ချပြီးချိန်ရော ရင်ဆိုင် ကြုံတွေ့ခဲ့ရမှာ အမှန်ပါပဲ။
သမ္မတကြီးဟာ နိုင်ငံတော်မှာ တရားဝင်အမြင့်မား ဆုံးရာထူး တာဝန်ထမ်းဆောင်နေသော်လည်းပဲ ကျွန်တော်တို့မသိနိုင်တဲ့ ဖိအား ပေးမှုတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။
မြန်မာလူမျိုးတွေရဲ့ အသည်းနှလုံး ဖြစ်တဲ့ ဧရာဝတီကို သမ္မတကြီးက ကယ်တင်ပေးခဲ့တဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်။
တိုင်းပြည်အတွက် အရေးကြီးဆုံးဖြစ်နေချိန်မှာ တည်ငြိမ်စွာ နဲ့ ပြည်သူ့ဆန္ဒကို အလေးထားပြီး ဆုံးဖြတ်ချက်ချပေးခဲ့တဲ့ သမ္မတကြီးရဲ့ စွမ်းရည်ကို တစ်တိုင်းပြည်လုံးက လေးစားခဲ့ရပါတယ်။
သမ္မတကြီးခင်ဗျား။
သမ္မတကြီးဟာ အကျဉ်းသားထောင်ပေါင်းများစွာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။
ထို အထဲကမှ ယုံကြည်ချက်ကြောင့် အကျဉ်း ချခံထားရသူ တချို့လည်း ပြန်လည်လွတ် မြောက်လာကြပါတယ်။
အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး ကျန်တဲ့ယုံ ကြည်ချက်ကြောင့် ကျခံနေရတဲ့ အကျဉ်း သားတွေကို သမ္မတကြီးက နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်ပေးလိမ့်မယ်လို့ ကျွန်တော်ယုံကြည်မိပါတယ်။
ပြည်သူလူထုကြီးကလည်း နည်းနည်းလောက်တော့ စိတ်ရှည်ပေးစေချင်ပါတယ်။ သမ္မတကြီးမှာလည်း သူ့အတိုင်း အတာအလျောက် ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရမယ်ဆိုတာလည်း နားလည် ပေးစေချင်ပါတယ်။
အခုဆိုရင် အရင်က ယောင်လို့တောင် မပြောဝံ့ခဲ့တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ချီတက်ခွင့် ဥပဒေတောင် ပေါ်ထွန်းလာပြီဆိုတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေအဖို့ လွတ်လပ်ခွင့်နီးကပ်နေပြီလို့ ထင်မိပါတယ်။
သမ္မတကြီးရဲ့ အစိုးရကို အသိအမှတ် ပြုတဲ့အနေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံကို နေ့စဉ်နဲ့အမျှ ရောက်နေကြတာကို သတင်းစာတွေမှာ တွေ့မြင်နေရပါ တယ်။
အထူးသဖြင့် တစ်ချိန်လုံး မြန်မာ နိုင်ငံအစိုးရကို ဆန့်ကျင်ခဲ့တဲ့ အမေရိကန် နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဟီလာရီ ကလင်တန် ကိုယ်တိုင် သမ္မတအိုဘားမားရဲ့စာကို ကိုင်ပြီး ရောက်ရှိလာခဲ့တာကတော့ အင်မတန် ထူးခြားကောင်းမွန်တဲ့ ကိစ္စပါပဲ။
မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ကြိုးစားပြီး စွဲတင်နေတဲ့ သမ္မတကြီးရဲ့ လုပ်ရပ်တွေကို အပြည့်အ၀ ထောက်ခံကြောင်း အိုဘားမားရဲ့ စာထဲမှာဖတ်ရတော့ အထူးပဲ ဂုဏ်ယူမိ ကြောင်းပါ ခင်ဗျား။
သမ္မတကြီးခင်ဗျား။
သမ္မတကြီးရဲ့ လက်ထက်မှာ မီဒီယာတွေသည် စတုတ္ထ မဏ္ဍိုင်၊ ပြည်သူလူထုသည် ပဉ္စမမဏ္ဍိုင် လို့ အဆိုရှိခဲ့ပါတယ်။
အခုဆိုရင် Media တွေမှာ လွတ်လပ်ခွင့်များစွာ ရနေပါပြီ။ ဘယ်တုန်းကမှ မပြောဝံ့၊ မရေးဝံ့တာတွေကို ရေးဝံ့ပြောဝံ့လာကြပါပြီ။
မရဲတရဲပြော ခွင့်ရမယ်ဆိုရင်ဖြင့် ဒီကနေ့မီဒီယာတွေ အနေနဲ့ကလည်း မိမိတို့ရဲ့ ကလောင်သွားတွေကို ထိန်းသိမ်းကြဖို့တာဝန် ရှိပါတယ်။
ဒီမိုကရေစီရပြီဆိုတိုင်းလည်း စည်းဘောင်ကျော်တာမျိုးတော့ မဖြစ်သင့်ပါဘူး။
ပြည်သူတွေကို မှန်ကန်တဲ့သတင်း အချက်အလက်ပေးဖို့ တာဝန်ရှိပါတယ်။
တိုင်းပြည်တစ်ခုမှာ မီဒီယာတွေရဲ့ အခန်း ကဏ္ဍဟာ အင်မတန်အရေးကြီးသလို အင်မတန်တာဝန် ကြီးမားလှပါတယ်။
မီဒီယာလွတ်လပ်ခွင့်မရှိစဉ်ကာလက မသိသာပေမယ့် လွတ်လပ်ခွင့်ရပြီဆိုတဲ့ အချိန်မှာ တာဝန်အလွန်ကြီးလာပါပြီ။
တချို့နိုင်ငံတွေမှာ မီဒီယာတွေရဲ့ ဖိအား ပေးမှုကြောင့် နိုင်ငံ့အကြီးအကဲတွေ၊ အစိုးရအဖွဲ့တွေတောင် အပြောင်းအလဲ ဖြစ်ခဲ့ဖူးတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။
တန်ရင်ဆေး လွန်ရင်ဘေးဆိုတာလေးတော့ သတိပြုကြစေချင်ပါတယ်။
သမ္မတကြီးခင်ဗျား။
တိုင်းပြည်ရဲ့ ဂုဏ် သိက္ခာညှိနွမ်းစေမယ့် ကားအိုကား ဟောင်းတွေကိုလည်း သမ္မတကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့က လမ်းပေါ်က နေ မှန်ကန်စွာ ရှင်းထုတ်ပစ်တာကို တွေ့မြင်နေရပါပြီ။
အမှန်တော့ ဒီကားတွေကို လက်ရှိပေါက်ဈေး သိန်းနှစ်ဆယ် အစိတ်နဲ့ နိုင်ငံတော်ကဈေးဖြတ်ပြီး သုတ်သင်ရှင်းလင်းနိုင်သော်လည်းပဲ သမ္မတကြီးရဲ့ စေတနာကြောင့် သိန်း ၈၀ မှ ၁၀၀ ကျော်လောက် ပါမစ်ဈေးရကြပါတယ်။
အဲဒီမှာလည်း ထုံးစံအတိုင်း အကျင့်ပါနေကြတဲ့ မြန်မာ့ဈေးကွက် စနစ်အတိုင်း ကားအိုကားဟောင်းတွေက ဈေးတွေ သိန်း ၈၀၊ ၁၀၀ ကျော်ဖြစ်၊ ကားသွင်းတဲ့သူတွေ အလုအယက်သွင်း၊ ကားဟောင်းတွေ အောက်ဈေးနဲ့ရနိုင်သမျှ ၀ယ်တဲ့သူက ၀ယ်နဲ့ကြီးပွားသူတွေ ကြီးပွားကုန်ကြပါတယ်။
အပေါ်ကားဈေးတွေလည်း ဇောက်ထိုးကျဆင်းခဲ့ပါတယ်။
အရင်ကကား ပါမစ်ဆိုတာ အခွင့်ထူးခံ လက်တစ်ဆုပ်စာ လူတစ်စုအတွက်သာ ဖြစ်ခဲ့ပေမယ့် ဒီနေ့အဖို့ကတော့ ကားအို၊ ကားဟောင်း ရှိသူတိုင်း ပါမစ်ကိုင်နိုင်တဲ့ ဘ၀ရောက်ကြရပါပြီ။
ကားကောင်း ကောင်းတွေအတွက် လမ်းကောင်း ကောင်းလည်း လိုအပ်လာပါပြီ။
သမ္မတကြီးခင်ဗျား။
အခြေခံဥပဒေ ပုဒ်မ ၅၇ မှာ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်လို့ အတိအကျဖော်ပြထားတဲ့အတွက် သမ္မတကြီး ဟာ နိုင်ငံကိုယ်စားပြုတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပါတယ်။
ထိုသို့သော ပုဒ်မနဲ့ လျော်ညီစွာ သမ္မတကြီးဟာ တိုင်းပြည်အတွက် မင်းကျင့်တရားဆယ်ပါးနဲ့ လျော်ညီစွာ အုပ်ချုပ်နေတာကို ပြည်သူ တွေ သိမြင်ကြပါပြီ။
ရှေ့ဆက်လက်ပြီးလည်း သမ္မတကြီးဟာ တိုင်းပြည်အတွက် မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ ဆောင်ရွက်မယ်လို့ ပြည်သူများကလည်း ယုံကြည်ကြပါတယ်။
အဆင့်ဆင့်သောလွှတ်တော်များကလည်း တိုင်းပြည်အကျိုးအတွက် အကောင်းဆုံးညှိနှိုင်းဆွေးနွေးပြီး ဆုံးဖြတ်ချက်တွေ ချမှတ် အကောင် အထည်ဖော်မယ်လို့ ပြည်သူများက အားကိုးယုံကြည်ကြပါတယ်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis