menu

Tuesday 5 June 2012

စစ်တွေမြို့ အမှတ် (၁) ရဲစခန်းရှေ့၌ အဓိကရုဏ်းဖြစ်ပွား၊ စက်ရုံစုဈေး၏ ဈေးသူဈေးသားများ၏ ဆန္ဒကို ပြည်နယ်အစိုးရထံ တင်ပြပေးခဲ့သူ ပျောက်ဆုံးရာမှ စတင်ခဲ့ခြင်းဖြစ်




rakhine1
ရဲစခန်းရှေ့တွင် လာရောက် တောင်းဆိုနေကြသော စစ်တွေ ဒေသခံများကို တွေ့ရစဉ်
စစ်တွေမြို့ အမှတ် (၁) ရဲစခန်းရှေ့၌ ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့ ညပိုင်းတွင် အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ပြီး စက်ရုံစုဈေး၏ ဈေးသူဈေးသားများ၏ ဆန္ဒကို ပြည်နယ်အစိုရထံ တင်ပြပေးခဲ့သူ ဦးအောင်သန်းဝေ ပျောက်ဆုံးရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ဇွန်လ (၃)ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် စစ်တွေမြို့ နာဇီရပ်ကွက်မှ  ဦးအောင်သန်းဝေ ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ၄င်း၏မိသားစုနှင့် ဆွေမျိုးများသည် အမှတ် (၁) ရဲစခန်းရှေ့သို့ သွားရောက်တိုင်တန်းခဲ့ပါသည်။

rakhine4
ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူများအား တွေ့ရစဉ်
ပျောက်ဆုံးနေသော ဦးအောင်သန်းဝေသည် စစ်တွေမြို့ရှိ စက်ရုံစုဈေး (ယခင်အခေါ် နာဇီဈေး)တွင်  ကောက်ခံသည့် အခွန်ကောက်ခံမှုနှုန်း များပြားမှုနှင့် ပတ်သက်၍ ဈေးသူဈေးသားများ၏ ဆန္ဒကို ပြည်နယ်အစိုးရထံ တင်ပြပေးခဲ့သူ ဖြစ်ကြောင်း သိရသည်။ အဆိုပါ စက်ရုံစုဈေး (နာဇီဈေး)သည် ဇွန်လ (၂)ရက်နေ့မှတွင်  ပုဂ္ဂလိကသို့ လေလံဖြင့် လုပ်ကိုင်ခွင့် ပေးခဲ့သောဈေးဖြစ်ကြောင်းလည်း သိရသည်။ ဇွန်လ (၃) ရက်နေ့တွင် စက်ရုံစုဈေးတွင် ဈေးကောက် ကောက်ခံမှုနှင့် ပတ်သက်သည့် ပြသနာတစ်ခုကို ဦးအောင်သန်းဝေက ဖြေရှင်းပေးခဲ့ကြောင်း၊ ညနေပိုင်းတွင် ဦးအောင်သန်းဝေရှိနေသည့် လက်ဘက်ရည်ဆိုင်သို့ စက်ရုံစုဈေး လေလံလုပ်ခွင့်ရထားသော အဖွဲမှ အချို့က လာရောက်ပြီး ရန်လိုသည့် အပြုအမူများ ပြုခဲ့ကြကြောင်း ဦအောင်သန်းဝေ၏ ပြောကြားချက်အရ သိရသည်။
"ကျွန်တော်က မေလ ၆ ရက်နေ့တုန်းက နာဇီဈေး ဈေးကောက်တဲ့နှုန်း များလို့ ခံနေရတဲ့သူတွေကို အင်တာဗျူးဗီဒီယို ရိုက်ပြီးတော့ ပြည်နယ် အစိုးရအဖွဲ့ကို တင်ပါတယ်။ အဲ့ဒီအခါမှာ ပြည်နယ် အစိုရက လေလံရထားတဲ့သူတွေနဲ့ ဈေးသူဈေးသားတွေကို ခေါ်စစ်ပါတယ်။ လေလံရထားတဲ့ သူတွေက မတရားကောက်တယ်ဆိုတဲ့ အဖြေက ပေါ်သွားတဲ့အတွက် သူတို့ကို လေလံကောက်ခံခွင့်ကို အစိုးရက ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ စည်ပင်က သက်သာတဲ့ဈေးနှုန်းနဲ့ အခွန်ပြန်ကောက်တယ်။ ဇွန်လ ၂ ရက်နေ့မှာ အစိုးရ အဖွဲ့က နောက်ထပ်တစ်ယောက်ကို ပြန်ပြီးတော့ လေလံ ပြန်ပေးလိုက်ပါတယ်။ လေလံပြန်ရသွားတဲ့သူတွေကလည်။ အခွန်ကောက်တဲ့နှုန်း များတဲ့နှုန်းထားနဲ့ ပြန်ကောက်တယ်။ ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းမှာ ဈေးကောက်နှုန်း အရင် ၅၀၀ ကျပ် ကောက်ခံနေရာကနေ အခု ၇၀၀ ကျပ် ကောက်တော့ ကောင်လေးတစ်ယောက်က ၆၀၀ ကျပ် ပဲ ပေးတဲ့အတွက် သူ့ကို ၀ိုင်းလုပ်လို့ အဲ့ဒီကောင်လေးက ကျွန်တော့်ဆီ ပြေးလာခဲ့တယ်။ ဒါနဲ့ ကျွန်တော်က ပိုက်ဆံတစ်ရာလေးနဲ့ မလုပ်ပါနဲ့လို့ ဖြေရှင်းပေးခဲ့တယ်။ ညနေ ၅ နာရီလောက်မှာ ကျွန်တော် လဘက်ရည်ဆိုင်ထိုင်နေတဲ့ နေရာကို
အခု လေလံကောက်ခွင့် ရနေတဲ့သူတွေနဲ့ အရင်တုန်းက လေလံကောက်ခွင့်ရတဲ့ သူတွေအဖွဲ့ အယောက် ၂၀ လောက်က ကားနဲ့ ရောက်လာတယ်။ ပြီးတော့ ကျွန်တော်ကို ၀ိုင်းလုပ်ဖို့ ရွယ်နေတဲ့အချိန်မှာ လဘက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီက သူဆိုင်အရှေ့မှာ မလုပ်ဖို့ ပြောတဲ့အတွက် သူတို့ အကုန်လုံး ပြန်သွားတယ်။ အဲ့ဒီ ဖြစ်စဉ်ပေါ်ကို ကျွန်တော်လုံခြုံရေး စိုးရိမ်တဲ့အတွက် ကျွန်တော့်ရဲ့ ညီအိမ်ကို ညနေ ၆ နာရီ ကျော်ကျော်မှာ ရှောင်တိမ်းခဲ့ပါတယ်။ " ဟု ဦးအောင်သန်းဝေက Eleven Media Group သို့ ပြောပြခဲ့ပါသည်။
ဦးအောင်သန်းဝေ ရှောင်တိမ်းနေစဉ်အတွင်း  ဦးအောင်သန်းဝေ၏ မိသားစုဝင်များသည် ၄င်းပျောက်ဆုံးနေသည်ဟု ယူဆကာ ပျောက်ဆုံးနေမှုအပေါ် စုံစမ်းဖေါ်ထုတ်ပေးရန် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ဦးအောင်သန်းဝေ၏ မိသားစုနှင့် ဆွေမျိုးများသည် ည (၉) နာရီ အချိန်အထိ အဆိုပါ ရဲစခန်းရှေ့တွင် ထိုင်ပြီး စောင့်နေကြရာ လူအုပ်မှာ တစ်ဖြေးဖြေးများလာပြီး ည ၁၀နာရီ ခွဲအချိန်တွင် လူ ၇၀၀ ခန့် အထိ ရှိလာခဲ့ကြောင်း မျက်မြင်များ၏ ပြောကြားချက်အရ သိရသည်။
ထို့နောက် ဦးအောင်သန်းဝေအား ရှာဖွေ အပ်နှံပေးရန် တောင်းဆိုရာ အဆိုပါ ရဲစခန်းမှ ရှာဖွေပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း၊ လူအုပ်ကြီးမှာ များပြားလာပြီး အော်ဟစ်၍ တောင်းဆိုမှုများ ပိုမိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ယင်းအချိန်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင်၊ ဦးအောင်မြတ်ကျော်တို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် လာရောက်တွေ့ဆုံပြီးနောက် တောင်းဆိုသူများကိုလည်း သက်ဆိုင်ရာမှ ရှာဖွေပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ထို့နောက် ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပျောက်ဆုံးနေသော ဦးအောင်သန်းဝေသည် ရဲစခန်းရှေ့တွင် ၄င်းသည် ဦးအောင်သန်းဝေဖြစ်ကြောင်း အမျိုးသားမှတ်ပုံတင် ပြ၍ လူအုပ်ကို ရှင်းပြခဲ့ကြောင်း သိရသည်။
"ည ၁၁ နာရီ ၄၅ လောက်မှာ ကျွန်တော်ရဲစခန်းရှေ့ရောက်သွားပါတယ်။ အဲ့ဒီအချိန်မှာ လူအုပ်ကြီးက ရဲစခန်းရှေ့မှာ ရှိနေပါတယ်။ ကျွန်တော် ဦးအောင်သန်းဝေ ဖြစ်ကြောင်း မှတ်ပုံတင်ပြပြီး လူအုပ်ကြီးကို ပြောပြခဲ့ပါတယ်။ ပြီးတော့ ကျွန်တော် ရဲစခန်းထဲမှာ ပြန်ဝင်သွားပါတယ်" ဟု ဦအောင်းသန်းဝေက ပြောပြခဲ့ပါသည်။ ထို့ကြောင့် တောင်းဆိုသူများမှ ဦးအောင်သန်းဝေကို  ဖမ်းဆီးခေါ်ဆောင်သွားသူများကို ရှာဖွေ၍ စစ်ဆေးပေးရန် ရဲစခန်းရှေ့တွင် ဆက်လက် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ည၁၂ နာရီကျော် အချိန်ခန့်တွင် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် မိုးပေါ်ထောင်ပစ်၍ လူစုခွဲခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် မိုးပေါ်ထောင်ပြစ်ခတ်မှုကြောင့် တောင်းဆိုသူများက ရဲစခန်းသို့ ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်ဟု မျက်မြင်များက ဆိုပါသည်။
ထို့နောက် ရဲတပ်ဖွဲ့ဝင်များက ရဲစခန်းအတွင်းမှ သေနတ်ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်များ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ပစ်ခတ်မှုများ ဖြစ်ပွားနေချိန်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင် နှင့် ဦအောင်သန်းဝေတို့ ရဲစခန်းထဲတွင် ရှိနေကြောင်း ဦးအောင်သန်းဝေ၏ ပြောကြားချက်အရ သိရသည်။
"သေနတ်နဲ့ပစ်လို့ ဒေါသထွက်နေတဲ့ လူအုပ်ကလည်း အော်ဟစ်ပြောဆိုကြ၊ ခဲနဲ့ပြန်ပစ်ကြတယ်။ ရဲတွေကလည်း ရဲစခန်းထဲကနေ ပြန်ပစ်တယ်။ ကျွန်တော်သိသလောက် ရဲစခန်းဝင်ပေါက်နေရာကနေ ခဲနဲ့ ပစ်တဲ့သူတွေ ထိကုန်တယ်။ အခြေအနေက တော်တော်ရှုပ်ထွေးသွားပါတယ်။ ဒဏ်ရာရတဲ့သူတွေကို စစ်တွေဆေးရုံကို ပို့ကြပါတယ်။ မနက် ၃ နာရီလောက်မှာ ရဲတွေက မျက်ရည်ယိုဗုံးတွေ ပစ်ပြီး လူစုခွဲတယ်။ မနက် ၄ နာရီ ၅ နာရီလောက်မှာ ဖြေးဖြေးချင်း လူစုကွဲသွားတယ်" ဟု ဖြစ်စဉ်အား မျက်မြင် တွေ့ရှိခဲ့သော စစ်တွေ မြို့ခံတစ်ဦးက ပြောပြပါသည်။
ထိုသို့ ပစ်ခတ်မှုများကြောင့် လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ ဒဏ်ရာရရှိသူများအား စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။
ဒဏ်ရာရရှိသူများစာရင်း
၁။ ကိုမောင်မြဟန် (၂၃ နှစ်) (ခြေသလုံးတွင် ဒဏ်ရာရရှိ)
၂။ ဦးမောင်ကျော်လှ (၄၃ နှစ်) (ဒူးတွင် ဒဏ်ရာရရှိ)
၃။ ကိုမျိုးအောင် (၂၉ နှစ်) (လက်မောင်း ဒဏ်ရာရရှိ)
၎။ ကိုခင်မောင်ကျော် (၂၈ နှစ်) (ပေါင် ဒဏ်ရာရရှိ)
၅။ ကိုနီထွန်း (၂၈ နှစ်) (ပေါင် ဒဏ်ရာရရှိ)
၆။ ကိုကျော်ရဲအေးနိုင် (၂၃ နှစ်) (ခြေဖနောင့် ဒဏ်ရာရရှိ)
၇။ အရှင်ဝဏ္ဏသာမိ (၁၁ နှစ်) (ခြေသလုံး ဒဏ်ရာရရှိ)
၈။ ကိုညီညီမောင် (၃၁ နှစ်) (ဘယ်ဖက်လက်မောင်း ဒဏ်ရာရရှိ)
၉။ ကိုအောင်ရှိန် (၂၉ နှစ်) (ယာဖက်ပါး ဒဏ်ရာရရှိ)
၁၀။ ကိုကျော်သူမင်း (၂၅ နှစ်) (ဘယ်ဖက်လက်မောင်း ဒဏ်ရာရှိ)
၁၁။ ဦးသန့်မောင်လှသိန်း (၄၈ နှစ်) (နားရွက် ဒဏ်ရာရရှိ)
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis