menu

Sunday 3 June 2012

မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ပြုလုပ်နေမည်ဆိုပါက နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ရေး ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပြောကြား




အမေရိကန် ကာကွယ်ရေးဝန်ကြီးအား စင်ကာပူနိုင်ငံတွင် ကျင်းပသည့် အာရှလုံခြုံရေး ထိပ်သီးဆွေးနွေးပွဲတွင် ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ် Photo: AFP
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးနှင့် လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်နေမှုကို ဆက်လက်ပြုလုပ်နေမည်ဆိုပါက မြန်မာနိုင်ငံနှင့် အမေရိကန်နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်နိုင်မည့် အလားအလာများနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta က စင်ကာပူနိုင်ငံတွင် ဇွန်လ ၂ ရက်နေ့က ပြောကြားခဲ့ကြောင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။


အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta က စင်ကာပူနိုင်ငံတွင် ကျင်းပသည့် အာရှလုံခြုံရေး ထိပ်သီးဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်သည် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်နေသည့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ဖြေလျော့ဆိုင်းငံ့ ပေးနေသည့် အမေရိကန်ပြည်ထောင်စု အိုဘားမားအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း ထင်ဟပ်နေသည်။
မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန် အပါအ၀င် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ဖြေလျော့ဆိုင်းငံ့မှုများ ပြုလုပ်ခဲ့ကြသည်။

ထိုကဲ့သို့ ဖြေလျော့ဆိုင်းငံ့မှုများ ပြုလုပ်ခဲ့ကြသော်လည်း ပြုပြင်ပြောင်းလဲရေးများ ဆက်လက်ဖြစ်ပေါ်စေရေးကို အထောက်အကူပြုရန်နှင့် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို နောက်ပြန်လှည့်ခဲ့ပါက အရေး ယူပိတ်ဆို့မှု အချို့ကို ပြန်လည်ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း ၎င်းတို့က ထုတ်ဖော်ပြောကြားထားသည်။

ယနေ့ကမ္ဘာကြီးတွင် အမေရိကန်အနေဖြင့် အခြားနိုင်ငံများနှင့် ၎င်းတို့၏ ကိုယ်ပိုင်စစ်ရေးစွမ်းရည် တိုးမြှင့်ရာတွင် ကူညီနိုင်ရန် ထိတွေ့ဆက်ဆံနေရကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် ၎င်းတို့အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta က ပြောကြားခဲ့သည်။
''ကျွန်တော်တို့အနေနဲ့ မြန်မာအပါအ၀င် ဒီဒေသတွင်းမှာ  ကျွန်တော်တို့ ဆက်ဆံနေတဲ့ နိုင်ငံတိုင်းနဲ့ ဒီလိုဆက်ဆံရေးမျိုးကို အားပေးသွားမှာ ဖြစ်ပါတယ်''ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta က စင်ကာပူနိုင်ငံတွင် ကျင်းပသည့် အာရှလုံခြုံရေး ထိပ်သီးဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ ထိပ်သီးဆွေးနွေးပွဲသည် ထင်ရှားသည့် ကာကွယ်ရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတစ်ခုဖြစ်ပြီး စင်ကာပူနိုင်ငံတွင် ကျင်းပသည့် အာရှလုံခြုံရေး ထိပ်သီးဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
၎င်း၏ ပြောကြားချက်သည် အမေရိကန်ပြည်ထောင်စု၏ အာရှ- ပစိဖိတ်ဒေသအပေါ် စစ်ရေးနှင့် သံ တမန်ရေးအရ ပိုမိုအာရုံစိုက်အလေး ထားလာမှုကို အားဖြည့်ရာလည်း ရောက်သည်။

ထို့ပြင် ၎င်းက ပစိဖိတ်ဒေသတွင် အမေရိကန်ရေတပ်၏ ၆၀ ရာခိုင်နှုန်းကို ထားရှိသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသွားမည့် လမ်းစဉ်ကို ကျင့်သုံးလာခဲ့သည်။ အမေရိကန်-မြန်မာ သံတမန်ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်က စတင်ခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis