menu

Saturday 3 March 2012

ရွှေတိဂုံတပေါင်းပွဲ(ဥက္ကာကိုကို၊ သန်းဌေး)


Photo

“တပေါင်းရယ်တဲ့ မိန်ရာသီ ရွက်ဟောင်းကို လေနှင်လို့ပန်တော်ဝင် ရွှေအင်ကြင်းငယ် သင်းပျံ့ခဲ့ပြီ”ရွှေတိဂုံစေတီတော်ကြီး၏ တပေါင်းလမြင်ကွင်းသည် ကြည်ညိုဝမ်းမြောက် ဖွယ်ရာ ရဟန်းတော်များ၊ ၀ပ်တွားရိုကျိုးစွာသွားလာနေကြသည့် ပြည်သူများဖြင့် သာယာလှပလျက်ရှိသည်။ သိဂုင်္တ္တရကုန်းတော်ပေါ်တွင် သောင်းပေါင်းများစွာသော ရဟန်းရှင် လူများဖြင့် ခြေချစရာ နေရာလပ် မရှိအောင် ပြည့်ကျပ်လျက်ရှိသည်။
ဆယ်စုနှစ်နှစ်ခုကျော် ကာလအတွင်း ဤသို့များပြားလှစွာသောရဟန်းတော်များနှင့်   ပြည်သူအပေါင်းတို့ကို  ရွှေတိဂုံစေတီတော်အနှံ့တွင်   တစ်စုတစ်စည်းတည်း တွေ့မြင်နေရခြင်းပင်ဖြစ်သည်။    လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးကို တည်ထားပူဇော်ခဲ့သည်မှာ ယခုနှစ်တွင် နှစ်ပေါင်း ၂၆၀၀ တိတိ ပြည့်မြောက်
ခဲ့ပြီဖြစ်သည်။ ရွှေတိဂုံစေတီတော် မြတ်ကြီးအား မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကာလမဟာသက္ကရာဇ် ၁၀၃ ခုနှစ်တွင် စတင်တည်ထားခဲ့ရာ ယခုသာသနာတော်
နှစ် ၂၅၅၅၊ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ တပေါင်းလတွင် နှစ် ပေါင်း ၂၆၀၀ ပြည့်မြောက်လာခဲ့ ခြင်းဖြစ်သည်။

ထိုသို့ နှစ်ပေါင်း ၂၆၀၀ ပြည့် မြောက်သည့် ရွှေတိဂုံစေတီတော် မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၇ ရက်အထိ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာစသည့် ပူဇော်ခြင်းများ ဖြင့် စည်ကားသိုက်မြိုက်စွာ ထူး ထူးခြားခြား ပူဇော်နေကြပြီ ဖြစ်သည်။  မြန်မာနိုင်ငံ ဗြိတိသျှတို့ လက်အောက်သို့ မရောက်မီ ရှေးပဝေ သဏီကပင် ဂျပန်ခေတ်မှတစ်ပါး နှစ်အဆက်ဆက် အစဉ်မပြတ်ရွှေတိဂုံတပေါင်းပွဲတော်ကို ကျင်းပခဲ့သည်။
၁၉၈၆ ခုနှစ် နောက်ပိုင်းမှစတင်ကာ ရွှေတိဂုံစေတီတော် တွင် အခြားပွဲတော်အသီးသီးကို အစဉ်အလာမပျက် ကျင်းပလာခဲ့သော်လည်း တပေါင်းပွဲတော်ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ခဲ့ခြင်း မရှိသည်မှာ ပြီးခဲ့သည့်နှစ် အထိပင်ဖြစ်သည်။ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့်ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် ရာဟုထောင့် အောင်မြေရှိ ဗဟိုမဏ္ဍပ်နှင့် မဟာပဋ္ဌာန်းမဏ္ဍပ်တို့တွင် ပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံ တော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊   မန္တလေးမြို့   ဗန်းမော်ကျောင်းတိုက် ဆရာတော် အမှူးပြုသော သံဃာတော်များကြွရောက်ကြပြီး    အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်နိုင်ငံတို့မှ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြသည်။ ဂေါပကအဖွဲ့ဝင်များက မြတ်စွာ
ဘုရားရှင်အား ပင့်ပန်လျှောက်ထားခြင်းနှင့် ကုသိုလ်တော်အတူပြုရန် နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် နိုင်ငံကျော်  ဓမ္မကထိက ဆရာတော်ကြီးများက ၁၅ ရက်တိုင် ထေရ၀ါဒတရားတော်များ ဟောကြားခြင်း၊ သံဃာတော်အရှင်မြတ်များက   အသံမစဲမဟာပဋ္ဌာန်းများ ရွတ်ဖတ်ပူဇော်ခြင်း၊ လူပုဂ္ဂိုလ်များက   ဓမ္မဒေသနာတော်များ ရွတ်ဖတ်ခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနှင့်    ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ လျှပ်စစ်မီးရောင် စုံပူဇော်ခြင်း၊ ဖူးပွင့်နေသောပန်းပင်ပေါင်း ရှစ်သောင်းလေးထောင်ကို ပူဇော်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်သည်။
ဖျော်ဖြေရေးအနေနှင့် လည်းစေတီတော်အောက်ပစ္စယံတွင်အငြိမ့်နှင့် ဇာတ်သဘင်များ၊ ရုပ်သေးပွဲ၊ ကွက်စိပ် ဟောပြောပွဲ၊ အိုးစည်ပွဲ၊ ဒိုးပတ်ပွဲ၊ ခြင်းလုံးခတ်ပွဲ၊ ဓာတ်ပုံပြပွဲများ ကိုပြုလုပ်နေပြီဖြစ်သည်။အလယ်ပစ္စယံတွင် နိဗာန် ဈေးတန်းကြီးကိုလည်း တည်ခင်း ရောင်းချလျက်ရှိရာ အားပေးဝယ်ယူကြသူများနှင့်  တိုးမပေါက် အောင်ပင်ဖြစ်သည်။ လက်ဆောင်ပစ္စည်းများရောင်းချခြင်းလည်းပါဝင်ရာ  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ  ရန်ပုံငွေအဖြစ်ဆိုင်ခန်း ၇ ခန်းရောင်းချလျက်ရှိပြီး တစ်ညလျှင် ကျပ်ငါးသိန်းဝန်းကျင်ခန့်ရောင်းချရကြောင်း  သိရသည်။
အထက်ပစ္စယံရှိ အရံစေတီ တော်အားလုံးအပြင် ရင်ပြင်တော်ပေါ်ရှိ ဆီမီးခုံစေတီတော်များတွင် ညပိုင်းလျှပ်စစ်ရောင်စုံမီးများကို ထိန်ထိန်ညီးအောင် ထွန်းညှိပူ ဇော်ထားသည်။ ရင်ပြင်တော်ပေါ် တွင် အနယ်နယ်အရပ်ရပ်မှ လာ ရောက်ဖူးမြော်ကြသည့် ဘုရားဖူးပရိသတ်များဖြင့်   ပြည့်လျက်ရှိသည်။ ရင်ပြင်တော်၊ စောင်းတန်းနှင့် အောက်ပစ္စယံရှိကွင်းများတွင် ဘုရားဖူးလာရောက်သူများအား စတုဒိသာကျွေးမွေးလျက်ရှိသည်။
ဆယ့်နှစ်ပွဲဈေးသည်များ ရောင်းချနေသော အစားအသောက်နှင့် အသုံးအဆောင် အမျိုးအမျိုး ဆိုင်ခန်းများ၊ စာအုပ် စာပေများ၊ လက်ဆောင်ပစ္စည်းဆိုင်များတွင် လည်း တိုးဝှေ့ဝယ်ယူနေကြသည့် ပရိသတ်မှာ ညဥ့်နက်သည်အထိ စည်ကားဆဲဖြစ်သည်။မြန်မာ့ ၁၂ လရာသီစလုံးတွင် ၁၂ လစလုံး ပွဲတော်များဖြင့် ပြည့်နှက်နေသည်။ ထိုကဲ့သို့ ၁၂ လပွဲတော်များတွင် နာမည်ကျော်ပွဲတော်များရှိရာသို့ တစ်နှစ်ပတ်လုံး လိုက်လံဈေးရောင်းချသူများကို ဆယ့်နှစ်ရာသီပွဲဈေးသည်များဟု ခေါ်ဝေါ်ကြသည်။
ယခု ရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင်လည်း ၁၂ရာသီပွဲဈေးသည်များ လာရောက် ရောင်းချလျက်ရှိသည်။ နိဗ္ဗာန်ဈေးတန်းတွင် ၀ယ်ယူသူအများဆုံးမှာ ယခုနှစ်မှ စတင်ရောင်းချခြင်းဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရန်ပုံငွေရှာဖွေရေးဆိုင်ခန်းများပင်ဖြစ်သည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုင်များတွင်အားပေး
ဝယ်ယူသူ    များပြားလွန်းသောကြောင့် အချို့သော  ဆယ့်နှစ်ရာသီပွဲဈေးဆိုင်ခန်းများမှာ ခြောက်ကပ်ကပ်ဖြစ်နေသည်ကိုတွေ့ရသည်။
ထိုဈေးသည်များထဲတွင် ထူးထူးခြားခြားမြင်တွေ့ရသည်ကလူမျိုးခြားဈေးသည်အချို့ဖြစ်သည်။ သူတို့သည် နားတွင် နားကျပ်များတပ်ဆင်ကာ အသံချဲ့စက်အသေးစား လေးများဖြင့်  မြန်မာစကား မပီကလာ  ပီကလာအော်ဟစ်ရောင်းချလျက်ရှိသည်။ ဆေးများ၊အိမ်သုတ်တံမြက်စည်းများစသည်တို့ကို    ရောင်းချလျက်ရှိသော အဆိုပါ နိုင်ငံခြားသားတရုတ်လူမျိုးများ၏ရှေ့တွင်  ၀ယ်ယူသူများထက် အထူးအဆန်းကြည့်ရှုနေကြသူများက ပိုမိုများပြားနေသည်ကို တွေ့ရသည်။
ယခုလ ၂၅ ရက်တွင် ရွှေ တိဂုံစေတီတော်ရင်ပြင်နှင့် စောင်းတန်းများ၌   ဗုဒ္ဓဘိသေကအနေ ကဇာတင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပခဲ့ရာ သံဃာတော်အပါး ၂၆၀၀ ကြွရောက်လာခဲ့ကြသည်။ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှလည်းကောင်း၊ လုပ်ငန်းရှင်များမှလည်း ကောင်း၊ ဘာသာရေးအသင်းအဖွဲ့များမှလည်းကောင်းလာရောက်လှူဒါန်းကြခြင်းဖြစ်သည်။
သံဃာတော်အပါး ၂၆၀၀ အတွက် ကားအစီးရေ ၂၃၀ အခမဲ့ကြိုပို့ပေးခဲ့သည်ဟုလည်း သိရသည်။   တပ်မတော်သားများစွာ ကလည်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် လုပ်အားဖြင့် ကုသိုလ်ယူခဲ့ကြသည်ကို တွေ့ရသည်။ရွှေတိဂုံစေတီတော် အနောက်ဖက်မုခ်ရှိ ပြည်သူ့ဥယျာဉ်၊ ရင် ပြင်ကြီးအတွင်း မြတ်ဗုဒ္ဓသာသနာတော်နှစ် ၂၆၀၀ ပြည့်အ
ထိမ်းအမှတ် တရားပွဲအား ဖေဖော်ဝါရီလ ၁၇ ရက်မှ  ၂၁ ရက်အထိ ခြိမ့်ခြိမ့်သဲသဲကျင်းပခဲ့သည်။ အဆိုပါတရား ပွဲတော်ကြီး ကျင်းပရာငါးရက်စလုံးတွင် တရားနာပရိသတ်
ပေါင်း   ငါးသိန်းခန့်လာရောက် နာယူခံကြသည်။ တရားပွဲအတွက် ကျပ်ငွေသိန်းပေါင်းကိုးရာခန့်နှင့် နိုင်ငံခြားငွေကြေးများလည်း အလှူခံရရှိခဲ့သည်ဟု သိရသည်။
ပြည်သူ့ရင်ပြင် တရားပွဲတော်ကြီးတွင် ယောဆရာတော်၊ ချမ်းမြေ့ဆရာတော်၊ သီတဂူဆရာ တော်၊ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်၊ ဗန်းမော်ဆရာတော်ကြီးတို့က   နိဗာန်ရောက်ကြောင်း တရားများဟောကြားခဲ့ကြသည်။တပေါင်းလသည် ဆောင်းကြွင်း နွေအ၀င်လဖြစ်သဖြင့် သစ်ပင်များရွက်ဟောင်းစွန့်၍ ရွက်သစ်လွန့်ကာ အညွန့် အညှောက်များ ပေါ်ထွက်ခြင်းဖြင့် တင့်တယ်လှပသာယာလှပေသည်။တပေါင်းလတွင် ကျင်းပခဲ့သော ရွှေတိဂုံစေတီတော်၏ နှစ်ပေါင်း ၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယပွဲ
တော်ကြီးမှာလည်း  သင်္ကန်းရောင်များ ထိန်ထိန်ညီးလျက် အံ့မခန်းပင် တင့်တယ်သာယာလှပါသည်။
7Day News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis