menu

Saturday 3 March 2012

ပူတင်ကိုလုပ်ကြံမည့် အစီအစဉ်ကို ရုရှားနှင့် ယူကရိန်းထောက်လှမ်းရေးများ ဖော်ထုတ်




လာမည့်အပတ် သမ္မတရွေး ကောက်ပွဲအပြီးတွင် ဗလာဒီမာပူတင်ကို လုပ်ကြံမည့်အစီအစဉ်အား ရုရှားနှင့်ယူကရိန်း ထောက်လှမ်းရေးများက ဖော်ထုတ်နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင် ရုပ်သံတစ်ခုက ထုတ်ပြန်ကြေညာသည်။ ရွေးကောက်ပွဲအပြီးတွင် သမ္မတပြန်ဖြစ်လာရန် သေချာသလောက်ရှိနေသည့် ပူတင်ကို လုပ်ကြံရန်အတွက် ချေချင်းညာသူပုန်များနှင့် ဆက်စပ်နေသူအချို့က စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယင်းအစီအစဉ်တွင် ပါဝင်သည်ဟု သံသယရှိသူနှစ်ဦးကို ယူကရိန်းနိုင်ငံ တောင်ပိုင်းရှိ သြဒက်ဆာမြို့တွင် ဖမ်းဆီးမိခဲ့ကြောင်း နိုင်ငံပိုင် ချန်နယ်ဝမ်းရုပ်သံက ကြေညာသည်။
ယခုသတင်းကို ပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ်၊ ယူကရိန်းနှင့် ရုရှားထောက်လှမ်းရေးများက အတည်ပြုခဲ့သည်။ သို့ရာတွင် လေ့လာသူများကမူ ရွေးကောက်ပွဲတစ်ပတ်မျှပင် မလိုတော့သည့်အချိန်တွင်မှ ယခုဖြစ် စဉ်ကို ဖော်ထုတ်နိုင်သည်ဆိုခြင်းအပေါ် သံသယရှိနေကြသည်။

ချန်နယ်ဝမ်းတွင် ပြသသော သတင်း၌ လူနှစ်ဦးက ချေချင်းအစ္စလာမစ် စစ်သွေးကြွ ဒိုကူအူမာရော့ဗ်၏အမိန့်ဖြင့် စီစဉ်နေခြင်းဖြစ်ကြောင်း ၀န်ခံမှုကို ထုတ်လွှင့်သွားခဲ့သည်။ အူမာရော့ဗ်သည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း မော်စကို၌ ဖြစ်ပွားခဲ့သည့် လေဆိပ်နှင့် ရထားဗုံးဖောက်ခွဲ မှုများကို ကြိုးကိုင်ခဲ့သူဟု စွပ်စွဲခံထားရသူဖြစ်သည်။
ယင်းလူနှစ်ဦးက သြဒက်ဆာတွင် တိုက်ခိုက်မှုအတွက် ကြိုတင်ပြင်ဆင်ပြီးနောက် ရွေးကောက်ပွဲအပြီးတွင် မော်စကို၌ ပူတင်ကို လာရောက်လုပ်ကြံရန် စီစဉ်ထားခြင်းဖြစ်သည်ဟု ၀န်ခံခဲ့သည်။ ချန်နယ်ဝမ်းတွင် ထုတ်လွှင့်မှုအရ လုပ်ကြံရန်အစီအစဉ်တွင် ပါဝင်မည့်သူသုံးဦးသည် အူမာရော့ဗ်၏ ကိုယ်စားလှယ်များထံမှ ညွှန်ကြားချက်ကိုရရှိပြီးနောက် အာရပ်စော်ဘွားများပြည်ထောင်စုမှတစ်ဆင့် တူရကီကိုတစ်ဆင့်ခံပြီး ယူကရိန်းနိုင်ငံအတွင်း ၀င်လာခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။
ဇန်န၀ါရီလ အစောပိုင်းက ပေါက်ကွဲမှုတစ်ခုတွင် ယင်းသုံးဦးအနက်မှတစ်ဦး သေဆုံးသွားခဲ့ခြင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာမှ ယခုအစီအစဉ်ကို ခြေရာခံမိခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ရုရှားထောက်လှမ်းရေး အရာရှိတစ်ဦးက ရုရှားသတင်းစာများကို ပြော ကြားခဲ့သည်။
နိုင်ငံပိုင်ရုပ်သံတွင် ထုတ်လွှင့်မှုအရ ဖမ်းဆီးခံရသူတစ်ဦး၏ လက်ပ်တော့ကွန်ပျူတာတွင် ပူတင်ကားအတွင်းဝင်နေပုံအပါအ၀င် ပူတင်၏လှုပ်ရှားမှုများကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖိုင်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
''အဓိက ရည်မှန်းချက်က မော်စကိုကိုလာပြီး ၀န်ကြီးချုပ်ပူတင် ကို လုပ်ကြံဖို့ပါ။ ရုရှားသမ္မတရွေး ကောက်ပွဲအပြီးမှာလုပ်ကြံဖို့ စီစဉ်ခဲ့ တာပါ''ဟု ဖမ်းဆီးခံထားရသူနှစ်ဦး အနက် အဒမ်အော့စမာယက်ဗ်က ပြောကြားခဲ့သည်။ ထောက်လှမ်းရေးများ၏  စစ်ဆေးမှုအရ ပူတင်အစိုးရအိမ်တော်ရောက်ရန် နေ့စဉ်ဖြတ်သန်းရသော ကူတူဇော့စကီးလမ်းအနီးတွင် ဖောက်ခွဲရေးပစ္စည်းများ ၀ှက်ထားပြီးဖြစ်သည်ဟု သိရသည်။
Ref;AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis