menu

Saturday 3 March 2012

နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ရဲ့ ကချင်ပြည်နယ်ခရီး(ရွှေယင်းမာဦး)

တိုင်းရင်းသားတွေကြားမှာ ငြိမ်းချမ်း ရေးရအောင် ဘယ်ဘက်က ပိုပြီး သဘောထားကြီးတယ်၊ ဖြူစင်တယ်၊ စစ်မှန်တဲ့ ပြည်ထောင်စုစိတ် မွေးတယ် ဆိုတာ ပြရမယ်။


ကချင်ပြည်နယ် ခရီးစဉ်တွင် ဗန်းမော်မြို့သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ဒေသခံများက ကြိုဆိုနှုတ်ဆက် နေစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
"ကျွန်တော် ဒီကိုလာတာ အင်န်အယ်လ် ဒီကို ထောက်ခံလို့လာတာ မဟုတ်ဘူး" မြစ်ကြီးနားမြို့ မနောကွင်းထဲက ထောင်ချီတဲ့ လူတွေရဲ့ ရှေ့ဆုံးတန်း မှာ ရပ်နေရင်း ချွေးသံတရွှဲရွှဲကြားထဲက ပြောနေတဲ့ ကိုရဲသီဟရဲ့ မျက်နှာမှာ စိတ်အားထက်သန်မှုတွေကို အတိုင်းသား တွေ့နေရတယ်။ "ကျွန်တော် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တစ်ယောက်ကို လာတွေ့တာ။ ငြိမ်းချမ်းရေးနိုဘယ်ဆုရထားတဲ့ လူတစ်ယောက်က စစ်ဖြစ်နေတဲ့နေရာမှာ သူ့ အမြင်ဘယ်လိုရှိမလဲ လာကြည့်တာပါ" လို့ ဆိုတဲ့ ကိုရဲသီဟက မြစ်ကြီးနားမြို့ခံ တက်ကြွလှုပ်ရှားသူ လူငယ် တစ်ယောက်ပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို နားထောင်ဖို့အတွက် မြစ်ကြီးနားမြို့ခံ လူထုကြီးဟာ စီတာပူရပ်ကွက် မနော ကွင်းထဲမှာ မနက်စောစောကတည်းက စုဝေးရောက်ရှိ နေကြပါတယ်။

ထုံးစံ အတိုင်း အင်န်အယ်လ်ဒီအလံရဲ့ အရောင်အနီရဲရဲဟာ တစ်ကွင်းလုံးကို ဖုံးလွှမ်းနေတယ်။ စင်ရဲ့ရှေ့တည့်တည့် ရှေ့ဆုံးတန်း မှာရပ်နေတဲ့ ကိုရဲသီဟက "ကျွန်တော် တို့ကို ကူညီပါ။ ကချင်မြေကို ငြိမ်းချမ်း ရေးဆောင်ကြဉ်းပေးပါ"လို့ အဓိပ္ပာယ် ရတဲ့ အင်္ဂလိပ် စာတန်းပါတဲ့ ဗီနိုင်းပိုစတာ အဖြူရောင်ကို ကိုင်ထားပါတယ်။

"ကျွန်တော်တို့ကို ကူညီပါ။ ကချင်မြေကို ငြိမ်းချမ်းရေးဆောင်ကြဉ်း ပေးပါ" ဟူသည့် စာတန်းဖြင့် ကြိုဆိုနေသည့် ဒေသခံများအား မနောကွင်းတွင် တွေ့ရစဉ်။
ဓာတ်ပုံ-ရွှေယင်းမာဦး
"စစ်ဖြစ်တယ်ဆိုတာ ပါးစပ်နဲ့ ပြောလို့ ရတာမဟုတ်ဘူး။ သူ့မှာ ဘယ်လောက် အထိလုပ်ကိုင်ဖို့ အခွင့်အရေးရတယ်ဆိုတာ ကျွန်တော်တို့ မသိရသေးဘူးလေ။ "အထူးသဖြင့် ကချင်ပြည်နယ်မှာရှိ တဲ့ လူတွေအပေါ်မှာနဲ့ ကချင်ပြည်နယ် မှာဖြစ်တဲ့ စစ်ပွဲတွေအပေါ်မှာ သူဘယ် လောက်အထိ အကျိုးသက်ရောက်နိုင် မလဲဆိုတာကတော့ သူ့ခရီးစဉ်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့သိရမှာ ပေါ့နော်" လို့ ကိုရဲသီဟက ဆက်ပြော ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ် ခရီးတွေကို ဇန်န၀ါရီလကုန်ပိုင်းက တည်းက ဆက်တိုက်ဆိုသလို ထွက်ခဲ့ရာမှာ ပထမဆုံးပြည်နယ်ခရီးစဉ်အဖြစ် ဖေဖော်ဝါရီ လ ၂၃ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနား မြို့ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ရောက်ရောက်ချင်းမှာပဲ ကြားဖြတ် ရွေး ကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်တစ်ခုဖြစ်တဲ့ မိုးကောင်းမြို့နယ်ကို ခရီးဆက်ခဲ့ပြီး နမ္မတီး ဘောလုံးကွင်းနဲ့ မိုးကောင်းမြို့လယ်က အိုးတန်း ရပ်ကွက် ဘောလုံးကွင်းတွေမှာ လူထုကိုမိန့်ခွန်း ပြောခဲ့ပါတယ်။
အင်န်အယ်လ်ဒီဟာ ကချင်ပြည်နယ်မှာ လစ်လပ်နေရာသုံးနေရာဖြစ်တဲ့ ဖားကန့်၊ ဗန်းမော်နဲ့ မိုးကောင်း မဲဆန္ဒနယ်တွေမှာ ၀င် ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မိုးကောင်းမြို့နယ်မှာ အမျိုးသမီး ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်ခင်ကြည်က ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
အဲဒီ မိုးကောင်းမြို့နယ်မှာပဲ အရင်ကေအိုင်အိုခေါင်း ဆောင်ဟောင်း ဒေါက်တာ မနမ်တူးဂျာက တစ်သီးပုဂ္ဂလအနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၄၈ ဦး ၀င်ရောက်ယှဉ်ပြိုင်မယ့်အနက် ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် အမျိုးသမီးကိုယ်စား လှယ်လောင်း ၁၃ ဦးပါဝင်မှာ ဖြစ်ပါတယ်။
အင်န်အယ်လ်ဒီ ရွေးကောက်ပွဲဝင်ရတဲ့ အဓိက အချက်သုံးချက်ထဲမှာ ပြည်တွင်း ငြိမ်းချမ်းရေးလည်းပါဝင်သလို ကချင်ပြည် နယ်ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်တဲ့ အချိန်ဟာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့အချိန်ဖြစ် တာကြောင့် ဒီဖြစ်ရပ်ပေါ်မှာ ဘယ်လောက် အထိ အကျိုးသက်ရောက်မှုရှိမယ်ဆိုတာ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၀၃ ခုနှစ်မှာ တစ်ကြိမ် ကချင်ပြည် နယ်ကို လာရောက်ခဲ့ဖူးပါတယ်။
တက်ကြွတဲ့ လူငယ်တစ်ယောက်အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မဲဆွယ်မိန့်ခွန်းကို တက်ရောက် နား ထောင်ရာမှာ နိုင်ငံရေး မပါဘဲ ငြိမ်းချမ်းရေးကိုပဲ တောင်းဆိုမယ်ဆိုတဲ့ ကိုရဲသီဟက မငြိမ်မသက်၊ မငြိမ်းမချမ်းဖြစ်နေတဲ့နေရာမှာ လာရောက်တဲ့ သူ့ရဲ့အမြင်၊ ရည်ရွယ်ချက်တွေကို သိချင်တယ် လို့ ဆိုပါတယ်။
"သူ့ကို ငြိမ်းချမ်းရေးအတွက် အားမကိုးပါ ဘူး။ ငြိမ်းချမ်းရေးဆိုတာ တစ်ယောက်တည်း လုပ်ယူလို့ရတာမဟုတ်ဘူး။ (သူ့ကို) အားမပေး တာမဟုတ်ဘူး။ အားပေးမယ်။ အားကိုးရမှာက ကိုယ်ကိုယ်တိုင်လုပ်ရမှာပေါ့။ အဓိက ကချင် ပြည်နယ်သူ ပြည်နယ်သား တွေက အဓိကဆိုင် တယ်။ ကိုယ်ငြိမ်းချမ်းရေးရချင်တာ ကိုယ်လုပ်ရ မှာပေါ့။ သူတို့က အပြင်က လူတွေလေ။ "ဒါပေမယ့် ကချင်မှာ မငြိမ်းချမ်းရင် မြန်မာ တစ်ပြည်လုံး မငြိမ်းချမ်းတာပဲ။ ကျွန်တော်တို့ က အားကိုးတာတော့မဟုတ်ဘူး။ ဒါပေမယ့် ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒေါ်အောင် ဆန်းစုကြည်ရဲ့နေရာကနေ ဆောင်ရွက်မယ်။ ငြိမ်းချမ်းရေး လုပ်တဲ့လူက လုပ်တယ်။ ဆုတောင်းပေးတဲ့သူက ဆုတောင်းပေးမယ်။ စစ်ဘေးဒုက္ခသည်ကို ကူညီတဲ့သူကလည်း ကူညီ မယ်ပေါ့။ အားလုံးပေါင်းလိုက်ရင်တော့ ဖြစ်သွား နိုင်ပါတယ်" လို့ ကိုရဲသီဟက ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မိုးကောင်းမြို့ နယ်ကအပြန် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ညက အဲဒီမနောကွင်းထဲ က မိုးလုံလေလုံ ခန်းမထဲမှာပဲ ကချင်ပြည်နယ်က တိုင်းရင်းသားလူမျိုး ဘာသာ ရေး၊ လူမှုရေးခေါင်းဆောင်တွေနဲ့ ညစာ အတူ စားခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ သက်ဆိုင်ရာ ကချင်မျိုး နွယ်စုတွေ၊ ဘာသာရေး၊ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတွေကို ကိုယ်စားပြုတဲ့ ခေါင်း ဆောင်တွေနဲ့အတူ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်နဲ့လုံးခင်းမြို့နယ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေ စုစုပေါင်းလူဦးရေ ၁၅၀ ခန့် တက်ရောက်ခဲ့ တယ်လို့ ညစာစားပွဲကိုစီစဉ်သူတစ်ဦးဖြစ်တဲ့ ဦးသန်းဆွေက ပြောပြပါတယ်။
ညစာစားပွဲစီစဉ်သူ နောက်တစ်ဦးဖြစ်တဲ့ ဒေါက်တာခက်အောင်က ဒီလိုတွေ့ဆုံမှုက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အထောက်အပံ့ဖြစ်မယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
"အရမ်းဝမ်းသာတယ်။ အင်န်အယ်လ်ဒီ ခေါင်းဆောင်ကြီး လာတယ်ဆိုတော့" လို့ မြစ်ကြီးနားမြို့ခံဖြစ်တဲ့ ဒေါက်တာခက်အောင်က ပြောတယ်။
ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့သူ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဒိန်ရဒ်သာရဲ့ သားဖြစ်သူ ဦးဒိန်ရဒ်အဖုံက "ရင်းနှီးမှုတစ်ခုအနေနဲ့ (ဒေါ်အောင်ဆန်းစု ကြည်ကို) တွေ့ချင်တာပါ။ သူ့အဖေတို့၊ ကျွန်တော်တို့ အဖေတို့ဆိုတာ မြန်မာပြည် လွတ်လပ်ရေးအတွက် တွေ့ဆုံလာရပြီး သား သမီးတွေလက်ထက်မှာ ပြန်တွေ့ရတယ်ပေါ့" လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ကို လာရောက်တာဟာ ထင်သာမြင်သာရှိတဲ့ လက္ခဏာအဖြစ်မြင်တယ်လို့ မြန်မာအစိုးရ နဲ့ ကေအိုင်အို/ ကေအိုင်အေတို့အကြား ငြိမ်းချမ်းရေးညှိနှိုင်းရာမှာပါဝင်တဲ့ ဦးယုပ် ဇော်ခေါင်က ပြောပါတယ်။
"ကချင်ပြည်နယ်သူ ပြည်နယ်သားအနေနဲ့ ရော၊ နိုင်ငံသူ နိုင်ငံသားအနေနဲ့ရော ထင်သာ မြင်သာရှိတဲ့ သဘောလို့ မြင်ပါတယ်။ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အားလုံး နိုင်ငံတော် အစိုးရနဲ့ရော၊ ပြည်သူနဲ့ရော အပြည်ပြည်ဆိုင်ရာ နဲ့ ပူးပေါင်းပြီး အများကြီးလုပ်နိုင် မယ်ထင် တယ်"လို့ သူက ဆိုပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် ဖေဖော်ဝါရီ လကုန်ပိုင်းမှာ ထပ်တွေ့ဖို့ ရှိပြီး မြန်မာနိုင်ငံ ပြည်တွင်းတစ်နေရာမှာ တွေ့ဆုံဖို့ ပြောထား တယ်လို့ သိရပါတယ်။
"နိုင်ငံအနေနဲ့ရော၊ အစိုးရအနေနဲ့ရော ပြည်သူလူထု ဒုက္ခဆင်းရဲမှုအဖုံဖုံအတွက် ဒါကို (ငြိမ်းချမ်းရေးတည် ဆောက်မှု) လုပ်ဆောင်ရ မယ့် တာဝန်ရှိတယ်။ အစိုးရမှာရော၊ လက်နက် ကိုင်အဖွဲ့မှာရော တာဝန်ရှိတယ်။
"သုံးပွင့်ဆိုင် ဆွေးနွေးမှုကို အန်တီစု ခဏ ခဏပြောတာပဲ။ ဒါကြောင့်မို့ တိုင်းရင်းသား အရေးဟာ မလုပ်မဖြစ် လုပ်ရမယ့်ကိစ္စလို့ပြော တာပဲ။ ပြည် ထောင်စုဆိုတဲ့ကဏ္ဍမှာ အားလုံးရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်တယ်ဆိုရင် မဖြစ်နိုင်စရာအကြောင်း မရှိပါဘူး" လို့ ဦးယွပ်ဇော်ခေါင်က ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြစ်ကြီးနားမြို့ နယ် မနောကွင်းမှာ ဖေဖော် ၀ါရီလ ၂၄ ရက်နေ့က တစ်နာရီကျော်ကြာ မိန့်ခွန်းပြောကြား ပြီးတဲ့ နောက် ဗန်းမော်မြို့ကို လေယာဉ်နဲ့ သွားရောက် ပြီး ညနေမှာ မြစ်ကြီးနားကို ပြန်လည်ရောက် ရှိပါတယ်။
အဲဒီညနေမှာပဲ ရန်ကုန်မြို့ကို မြန်မာ့ လေကြောင်းနဲ့ ပြန်ထွက်ခွာခဲ့ပါတယ်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis