menu

Saturday 3 March 2012

(၉)လ ကြာခဲ့ပြီ


''အိမ်မပြန်ရတာ ကြာပြီ။ စိုက်ခဲ့တဲ့သီးပင်စားပင်တွေလည်း ဘယ်အခြေအနေ ရောက်နေမယ်မသိဘူး။ ဖြစ်နိုင်ရင် ကိုယ့်အိမ်လေးကို ပြန်ချင်ပြီ။ ဆွေတွေမျိုးတွေ ဘယ်လောက်ကောင်းတယ်ဆိုပေမယ့် ကိုယ့်အိမ် ကိုယ့်ယာလောက် မသာယာပါဘူး။ အိမ်ပြန်ဖို့ဆိုတာ ကိုယ့်ဆုံးဖြတ်ချက်အပေါ် မူတည်တာမဟုတ်တော့လည်း စောင့်ရဦးမှာပေါ့လေ''။
လူသားတိုင်း မည်သူမဆို ကိုယ်ရပ်ကိုယ့်ရွာကို ခင်မင်တွယ်တာ တတ်ကြတာ သဘာဝပင်ဖြစ်ပါသည်။ သို့ပေမယ့် ကမ္ဘာကြီးက ရွာဆန်လာတဲ့အချိန်မှာ ဇာတိဆိုတာ ပျောက်သွားတတ်တာ ဒီနေ့ခေတ်မှာ ထူးဆန်းသော ပုစ္ဆာတစ်ခုမဟုတ်တော့ပါပေ။ အရှေ့ကလည်း အနောက်ကို သွားနေကြသလို မြောက်ကလည်း တောင်ကိုသွားပြီး အခြေချတတ်ကြပါသည်။  သို့သော်လည်း အခုကျွန်တော် တွေ့နေရတာက ရေကြည်ရာမြက်နုရာကို ပြောင်းရွှေ့တတ်ကြတဲ့ လူသားတွေမဟုတ်ဘဲ စိုးရွံ့ထိတ်လန့်မှုတစ်ခုကြောင့် ဇာတိရပ်ရွာကို စွန့်ခွာလာရသူတွေ ဖြစ်သည်။ ကချင်ပြည်နယ်တွင်းက တိုင်းရင်းသားများ ဖြစ်ကြပါသည်။ လူမျိုးစုံ၊ အရွယ်စုံ၊ ကိုးကွယ် ယုံကြည်မှုအစုံ၊ နေရာဒေသအစုံ ဖြစ်နိုင်ပေမယ့် သေချာတာကတော့ သူတို့ဟာ အကြောင်းတစ်ရပ်ကြောင့် နေရပ်ကို စွန့်ခွာလာရသူတွေ ဖြစ်ပါသည်။ သူတို့အထဲက ကချင်တိုင်းရင်းသားတစ်ဦး ရင်ဖွင့်ပြောဆိုတာကို ကျွန်တော်တို့ ကြားခဲ့ရခြင်းဖြစ်ပါသည်။

ဒါမျိုးက ဟိုးငယ်ငယ်ကတည်းက ကြုံခဲ့ဖူးပြီးသားပါ။ နှစ်ဖက်စလုံး အချိန်တန်ရင် နောက်ဆုတ်သွားကြတာပဲ။ ဒါပေမယ့် ဒီတစ်ခါဖြစ်တာက တော်တော်ဆိုးတယ်။ အခုဆို ကိုးလနီးပါးကြာပြီ။
''ပြီးခဲ့တဲ့ဇွန်လက ပစ်ခတ်တိုက်ခိုက်သံတွေကြောင့် ရွာမှာဆက်မနေရဲလို့ အမျိုးတွေရှိတဲ့ ၀ိုင်းမော်ဘက် ခဏလာခိုတာ အခုထိ မပြန်နိုင်သေးဘူး။ လာတုန်းကတော့ ခဏနေရင် ပြီးသွားမှာလို့ ထင်ခဲ့တာပဲလေ။ ဒါမျိုးက ဟိုးငယ်ငယ်ကတည်းက ကြုံခဲ့ဖူးပြီးသားပါ။ နှစ်ဖက်စလုံး အချိန်တန်ရင် နောက်ဆုတ်သွားကြတာပဲ။ ဒါပေမယ့် ဒီတစ်ခါဖြစ်တာက တော်တော်ဆိုးတယ်။ အခုဆို ကိုးလနီးပါးကြာပြီ။ ကလေးတွေလည်း စာမသင်ရတော့ဘူး။ ၀ိုင်းမော်ကိုရောက်စက အမျိုးတွေအိမ်မှာ နေတယ်။ ကြာလာတော့ အိမ်ရှင်ရော ဧည့်သည်ပါ ရပ် တည်ဖို့ခက်လာလို့ ဒီစခန်းကိုပြောင်းလာခဲ့တာ။  ဆန်၊ ဆီ၊ ဆား အနည်းအကျဉ်း ထောက်ပံ့တာတော့ရတယ်။ နေ့စဉ်စရိတ် အတွက် အပြင်ထွက်ပြီး အလုပ်လုပ်ရတယ်။ ကိုယ်ကလည်း တောင်ယာပဲလုပ်တတ်တော့ အလုပ်ရှိတဲ့အခါ ရှိ၊ မရှိတဲ့အခါလည်း မရှိပေါ့။ ပြန်ချင်လှပြီ။ ခဏဆိုရင် မိုးကျလာတော့မယ်။ ဒီမှာဆက်နေလို့ မဖြစ်တော့ဘူး။ အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်''ဟု ၀ိုင်းမော် သာဂရဘုန်းကြီးကျောင်းထဲက ရှမ်းအမျိုးသားကြီးက ပြောပြတာကြောင့် ရင်ထဲမကောင်းလှ။ စစ်ဘေးဒုက္ခသည်ဆိုတာအရင်က ရုပ်ရှင်နှင့်စာအုပ်ထဲမှာသာ ရင်းနှီးဖူးသည်။ အခုတော့ မျှော်လင့်ချက်မဲ့သော မျက်လုံးများစွာကို ကိုယ်တိုင်မြင်ဖူးပါတော့သည်။ ဇွန်လကတည်းက နှစ်ဖက်တင်းမာမှုတွေကြောင့် ကချင်ပြည်နယ်အတွင်းက အပြစ်မဲ့တိုင်းရင်းသားတွေ နေရပ်ကိုစွန့်ပြီး ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်နေကြရသော သတင်းများကို  မကြာမကြာဆိုသလို ကြားခဲ့ရသည်။ ကြားထဲက မြေဇာပင်တွေကိုလည်း ထည့်တွက်စဉ်းစား ပေးကြစေလိုပါသည်။
''ဧည့်သည် သုံး၊ လေးရာ လာရင် လူ ၂၀၊ ၃၀ နဲ့ ဧည့်ခံရတာ ဘာမှမပင်ပန်းဘူး။ အခုဟာက လူ ၄၀၀ လောက်ရဲ့နေ့စဉ် စားဝတ်နေရေးကို ဒိုင်ခံ ဖြေရှင်းပေးနေရတာ။ ဟင်းသီးဟင်းရွက်ဝယ်ရတာကိုက တစ်ရက်ကို နှစ်သောင်း၊ သုံးသောင်း ကုန်တယ်။ ပြည်နယ်အစိုးရနဲ့  INGO  တွေကလည်း ကူတော့ ကူညီကြပါတယ်။ ဒီစခန်းနဲ့ နီးတဲ့နေရာမှာ နေတဲ့သူတွေကတော့ မနက်သွား ညနေပြန်လုပ်ပြီး သူတို့စိုက်ခင်းတွေ ပြန်လုပ်နေကြပေမယ့် အများစုကတော့ လုံးဝစိတ်ချရတဲ့ အခြေအနေရှိမှ ပြန်လို့ရကြမှာ။ ကျန်းမာရေးအခြေအနေကတော့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေမှာ အာဟာရချို့တဲ့လို့ ဖြစ်တဲ့ရောဂါ ဖြစ်ကြပါတယ်။ စခန်းမှာ လူက သုံး၊ လေးရာလောက်ဆိုတော့ အညစ်အကြေးစွန့်ဖို့ အိမ်သာ မလုံလောက်ဘူး။  INGO တွေက ကူညီကြပေမယ့် ရေနဲ့မိလ္လာစနစ်ကတော့ လိုအပ်နေတုန်းပါပဲ။ စခန်းအတွက် လိုအပ်တဲ့ ငွေကြေးကိုတော့ ပြည်နယ်အစိုးရနဲ့ အသင်းတော်က ထောက်ပံ့ပေးပါတယ်။ စခန်းဖွင့်တာ ကြာလာပြီဆိုတော့ ရှိတဲ့ငွေကိုချွေတာပြီး သုံးနေရတယ်။ မြန်မြန်ငြိမ်းချမ်းစေချင်ပါပြီ''ဟု ၀ိုင်းမော်ဘုရားကျောင်းအတွင်း ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းမှ တာဝန်ခံဖြစ်သူက ကယ်ဆယ်ရေးစခန်းအရေးပြောသံနှင့်အတူ တာလပတ်ကာ တဲတန်းထဲက အရွယ်စုံဒုက္ခသည်တွေကိုကြည့်ပြီး ငြိမ်းချမ်းရေးဆိုသော စကား၏အဓိပ္ပာယ်ကို နားလည်လိုက်မိသည်။
စခန်းအတွင်းက မလုံ့တလုံ မိုးကာတဲတွေကြားမှာ ရက်ပေါင်းများစွာ ဖြတ်သန်းနေသူတို၏ ဘ၀၊ အသားမပါ ဟင်းသီးဟင်းရွက်နှင့် နေ့စဉ်စားသောက်နေရသောဘ၀များကို ကိုယ်ချင်းစာမိပါသည်။
''စိတ်မကောင်းစရာတွေလည်း အမြဲလိုလို ကြားနေရတာပေါ့။ တစ်ရက်ကဆို ကိုယ့်ဘေးမှာပြောနေတာ ကြားရတော့ စိတ်လည်းမကောင်းဘူး။ အများနဲ့လုပ်ရတဲ့ အလုပ်ဆိုတော့ လုပ်ပေးချင်ရက်နဲ့ လုပ်မပေးလိုက်ရတာ လုံးဝစိတ်မကောင်းဘူး။ သားလုပ်တဲ့သူက အမေကိုပြောတာ 'အမေ . . . ဒီထမင်းကို ကျွန်တော် ဘယ်လိုလုပ်ပြီး ကုန်အောင်စားရမှာလဲတဲ့'။ ဒီမှာ အဖွဲ့အစည်း အသီးသီးက လှူဒါန်းကြတဲ့ ရိက္ခာပေါင်းစုံရှိတာပေါ့။ ကုလားပဲဆိုရင် စားရတာ အဆင်ပြေပေမယ့် တခြားပဲဆိုရင်တော့ မျိုကျဖို့ခက်မှာပေါ့လေ။ အ သားမပါ၊ ငါးမပါဆိုတော့ ကလေးတွေက ဘယ်စားနိုင်ပါ့မလဲ။ ဒီလိုပဲ ရှိတာနဲ့ ဖြေရှင်းရတဲ့အခါ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာ အာဟာရချို့တဲ့ကုန်ကြတယ်''။ ရှိသောကစားစရာနှင့်ပင် ဆော့ကစားနေသော ကလေးငယ်များဘေးက နေရောင်အောက်မှာထိုင်နေသည့် အသက် ၈၀ ၀န်းကျင် အဖွားအိုကိုမြင်ရတော့ ကိုယ်ချင်းစာစိတ်နှင့် သူတို့အတွက် စိတ်မကောင်းမိတာအမှန်ပင်။ ဂျပန်နိုင်ငံအလံပါ WFP တံဆိပ်နဲ့ ဆန်အိတ်လေး၊ ငါးဆယ် အိတ်ကိုတွေ့လိုက်ရတော့ ကိုယ့်နိုင်ငံအရေး ၀င်ရောက်ကူညီကြတဲ့နိုင်ငံတွေကို လေးစားစိတ်နှင့် ကျေးဇူးတင်မိပါသည်။
''community အားကောင်းတဲ့ အဖွဲ့အစည်းတွေကတော့ သိပ်မထောင်းသာလှပေမယ့် ကျွန်တော်တို့အတွက်တော့ တကယ်ကိုခက်ခဲပါတယ်။ NGO တွေ၊ INGO တွေနဲ့အတူ မီဒီယာတွေ ပါလာတယ်ကြားပေမယ့် ကျွန်တော်တို့စခန်းကိုရောက် လာတဲ့ မီဒီယာသမားတွေကတော့ ခင်ဗျားတို့ ပထမဆုံးပဲ။ နောက်ပြီး ကျွန်တော်တို့က သူစိမ်းကို သိပ်မှီခိုချင်တာမဟုတ်ဘူး။ အခုဟာက အိမ်ရှင်ရော ဧည့်သည်ပါ ဒုက္ခရောက်လာလို့သာ ဒီစခန်းဖွင့်ဖြစ်တာ။ ရှမ်းအ သိုင်းအ၀ိုင်းက တတ်နိုင်တဲ့သူတွေ ဆီအလှူခံပြီး ဒီတဲတန်းလေးဆောက် ထားတာ။ WFP ကတော့ ဆန်ရယ်၊ စားအုန်းဆီနဲ့ဆားတွေ ထောက်ပံ့ပါတယ်။ UNHCR ကလည်း တာလပတ်တွေပေးပါ တယ်။ပြည်နယ်ကြက် ခြေနီဆီကမိုးကာအလှူခံပြီး ဆောက် ပေးထားတာ။ ကိုယ့်အားကိုယ်ကိုး စိတ်လေးပျောက်သွားမှာစိုးလို့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ ချက်စားခိုင်းတယ်။ ဒီအနီးအနားက တိမ်းရှောင်လာတဲ့ ရှမ်းလူမျိုး အိမ်ထောင်စု ၇၃ စု ရှိတယ်လို့ စာရင်းကောက်ရပေမယ့် စခန်းမှာလာနေတာ အိမ်ထောင်စု ၂၇ စုလောက်ပဲ ရှိတယ်။ နောက်ထပ် လက်ခံစရာနေရာလည်း မရှိသေးဘူး။ ထပ်ဆောက်ဖို့ငွေလည်း မရှိတော့ပါဘူး။ ဒီတဲတန်းဆောက်ပြီး ပိုငွေဆိုလို့ ကျပ် ၄၅၀ ပဲရှိတော့တယ်'' ဟု သာဂရဘုန်းကြီးကျောင်းအတွင်း ကစခန်းတာဝန်ခံက ပြောပြပါသည်။
၂၀၁၁ ခုနှစ် ဇွန်လလယ်ကစခဲ့သော ပဋိပက္ခကြောင့် ကချင်ပြည်နယ်အတွင်း တိမ်းရှောင်ထွက်ပြေး လာရသူဦးရေ ခြောက်သောင်းဝန်းကျင်ရှိမည်ဟု ထုတ်ပြန်ကြေညာသည့် စာရင်းအချက်အလက်များအရ သိရသည်။ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်အစရှိသည့် ဘေးလွတ်ရာ ဒေသများတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း ၉၀ ၀န်းကျင်မှာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အစစအရာရာ အခက်အခဲ ကြုံနေရသူတို့ဘ၀မှာ  ရင်မောဖွယ်ပင် ဖြစ်သည်။
''တာလောကြီး အထက်တန်းကျောင်းခွဲကို မြစ်ကြီးနားမြို့ပေါ်က ၀န်းသိုကျောင်းတိုက်မှာ ဖွင့်ထားတယ်။ ဆရာတော်က စောင့်ရှောက်လို့က လေးတွေရဲ့ပညာရေးကတော့ စိတ်ချရပါတယ်။ ဒါပေမယ့်လည်း ဒီစခန်း တွေမှာနေတဲ့ ကလေးတွေရဲ့ ပညာရေးကတော့ အားရစရာ မရှိလှပါဘူး။ တချို့ကလည်း ပညာကို မရအရ သင်ဖို့ စိတ်အားထက်သန်ပေမယ့် ၀မ်းရေးတောင် မသေချာတဲ့အချိန်မှာ ကလေးတချို့ကတော့ ပညာသင်ဖို့ စိတ်မပါကြတော့ဘူး။ စိတ်မကောင်းရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ။ နှစ်ဖက်ခေါင်းဆောင်တွေကို မေတ္တာရပ်ခံချင်တာက ကလေးတွေရဲ့အရေးကိုလည်း ထည့်စဉ်းစားကြဖို့ပါ။ အောက်ကျနောက်ကျဖြစ်နေတဲ့ ဒီနိုင်ငံမှာ ကလေးတွေရဲ့အခန်းကဏ္ဍကို ထည့်မစဉ်းစားဘူးဆိုရင် နောက်ထပ်နှစ်ပေါင်းများစွာ ဒီလိုပဲဆက်ဖြစ်နေဦးမှာပဲ''ဟု ကယ်ဆယ်ရေးစခန်း တာဝန်ခံတစ်ဦးကလည်း ကလေးများအရေး အတွက် မေတ္တာရပ်ခံ စကားဆိုပါသည်။
အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ ဆိုသည့်စကားလိုပင် ပြည်တွင်းတစ်နေရာမှာ မငြိမ်သက်မှုက တိုင်းပြည်အတွက်လည်း များစွာနစ်နာနိုင်ပါသည်။

လိမ္မော်ခြံတွေမှာ အသီးတွေမှည့်ကုန်တာ ဘယ်သူမှ သွားမသိမ်းရဲကြဘူး။ နောက်ပြီး ဆင်းရဲသားအများစုရဲ့ အဓိကအားထားရာဖြစ်တဲ့ တောင်ယာလည်း မစိုက်လိုက်နိုင်ကြဘူး။ ရှိတဲ့မျိုးကလည်း စားလိုက်လို့ ကုန်ပြီ။ နောက်နှစ်အထိ အထောက်အပံ့တွေအပေါ်မှာ မှီခိုရတော့မယ်။ ပြောရမယ်ဆိုရင် စီးပွားရေးက တော်တော်ကျပ်တည်းသွားနိုင်တယ်။
''ဒီနှစ်ဆိုရင် ကချင်ပြည်နယ်ရဲ့ စီးပွားရေးက အများကြီး နစ်နာသွားတယ်။ လိမ္မော်ခြံတွေမှာ အသီးတွေ မှည့်ကုန်တာ ဘယ်သူမှ သွားမသိမ်းရဲကြဘူး။ နောက်ပြီး ဆင်းရဲသားအများစုရဲ့ အဓိကအားထားရာဖြစ်တဲ့ တောင်ယာလည်း မစိုက်လိုက်နိုင်ကြဘူး။ ရှိတဲ့မျိုးကလည်း စားလိုက်လို့ကုန်ပြီ။ နောက်နှစ်အထိ အထောက်အပံ့တွေအပေါ်မှာ မှီခိုရတော့မယ်။ ပြောရမယ်ဆိုရင် စီးပွားရေးက တော်တော်ကျပ်တည်းသွားနိုင်တယ်။ သုံးနှစ်လောက်ပြန်ပြီး နာလန်ထူနိုင်မယ်မထင်ဘူး။ဒီတော့အများစုရဲ့ဘ၀တွေကိုငဲ့ညှာပြီး ငြိမ်းချမ်းရေးအတွက် စဉ်းစားစေချင်ပါတယ်။ အပစ်အခတ် ရပ်စဲတယ်ဆိုတာ တကယ့်ငြိမ်းချမ်းရေးမှ မဟုတ်တာ။ အားလုံးအတွက်က တကယ့်ငြိမ်းချမ်းရေးရမှ ဖြစ်မှာပေါ့'' ဟု မြစ်ကြီးမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြည်နယ်တွင်းစီးပွားရေးနှင့်ပတ်သက်ပြီး ပူပန်မှုကို ရင်ဖွင့်သည်။ သဘာဝသယံဇာတများ ပေါကြွယ်သော၊ မြေကြီးက ရွှေသီးနေသော သည်နေရာမှာ မငြိမ်းချမ်းသရွေ့ ယခုလိုပဲ ပြေးလွှားနေကြရဦးမည်သာ။
''ဧပြီလဆို မိုးရွာတော့မယ်။ ဒီမလုံမခြုံတဲတန်းထဲမှာ ဆက်နေကြရင် အားလုံးအတွက် ကျန်းမာရေး ပြဿနာပေါ်လာနိုင်တယ်။ ကိုယ့်အိမ်ကိုယ့်ယာကို ပြန်နိုင်ဖို့လိုလာပြီ။ ကိုးလဆိုတာ လူသားတစ်ယောက် လူ့လောကကြီးထဲ ၀င်ရောက်လာနိုင်တဲ့ အချိန်ကာလပဲလေ။ ဘာလို့ ငြိမ်းချမ်းရေးက လူသားတစ်ယောက်ဖြစ်ဖို့ထက် အချိန်ပိုယူနေရတာလဲ။ ရောဂါတစ်ခုရှိနေမှန်း သိနေရပြီဆိုရင် ကုသရမယ့်ဆေးလည်း ရှိရမှာပေါ့။ အမြန်ဆုံးအဖြေကို ရှာကြပါတော့လို့ တိုက်တွန်းချင်ပါတယ်''ဟူသော ကချင်အမျိုးသမီးတစ်ဦး၏ ပြောစကားကို နားမှာ ပြန်ကြားရင်း ငြိမ်းချမ်းနိုင်ကြပါစေဟုသာ ဆုတောင်းလိုက်ရပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis