menu

Saturday 3 March 2012

အာရှမိုဘိုင်းကုမ္ပဏီကြီးများ လက်ရှိစမတ်ဖုန်းများထက် စွမ်းဆောင်ရည်နှစ်ဆမြင့်သော စမတ်ဖုန်းများ အပြိုင်ထုတ်လုပ်




Apple နှင့် Samsung တို့ အဓိကလွှမ်းမိုးထားသော ဘက်စုံသုံး စမတ်ဖုန်းဈေးကွက်တွင် ပြန်လည်လွှမ်းမိုးနိုင်ရန်အတွက် အာရှမိုဘိုင်းကုမ္ပဏီကြီးများသည် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကို အပြိုင်အဆိုင် ထုတ်ဖော် ပြသခဲ့ကြသည်။  စပိန်နိုင်ငံဘာစီလိုနာမြို့တွင် ပြုလုပ်သော Mobile World Congress တွင် တရုတ်မှ Huawei ၊ တောင်ကိုရီးယားမှ LG ၊ ထိုင်ဝမ်မှ HTC တို့သည် လက်ရှိ DualCore စမတ်ဖုန်းမျိုးဆက်ထက် စွမ်းဆောင်ရည် နှစ်ဆမြင့်သော QuadCore  စမတ်ဖုန်းများကို ထုတ်ဖော်ပြသခဲ့ကြသည်။
ဈေးကွက်အတွင်းရှိ အမြင့်ဆုံးစမတ်ဖုန်းများမှာ Processor နှစ်လုံးအပြိုင် လည်ပတ်နိုင်သော Dual Core စနစ်ကို သုံးထားပြီး ယခုဖုန်းများမှာ Processor လေးလုံးအပြိုင် လည်ပတ်နိုင်သည့် QuadCore စနစ်ကို သုံးထားခြင်း ဖြစ်သည်။

ဈေးပေါသော ဖုန်းများထုတ်လုပ်သူအဖြစ်သာ ထင်ရှားသည့်အခြေအနေမှ ရုန်းထွက်နိုင်ရန်အတွက် တရုတ် Huawei သည် ကမ္ဘာ့အမြန်ဆုံး စမတ်ဖုန်းဟု ကြော်ငြာထားသော Ascend D စမတ်ဖုန်းကို ပြသခဲ့သည်။ ယင်းအပြင် ကမ္ဘာ့ပထမဆုံး Quad Core သုံး ၁၀ လက်မ သင်ပုန်းကွန်ပျူတာကိုလည်း ပြသသွားခဲ့သည်။ Huawei ၏ ဈေးကွက်ရှာဖွေရေး အရာရှိချုပ်ရှောင်ယန်က ပုံမှန်မိုဘိုင်းဖုန်းဈေးကွက်သည် တိုးမပေါက် လောက်အောင် ပြည့်လျံ နေပြီဖြစ်ကြောင်း စမတ်ဖုန်းဈေးကွက်တွင်မူ ဈေးကွက်ဝေစု အခွင့်အလမ်းများစွာရှိသေးကြောင်း ပြောကြားခဲ့သည်။ စမတ်ဖုန်းဈေးကွက်သည် ၂၀၁၁ ခုနှစ်တွင် ၅၃ ဒသမ ၅ ရာ ခိုင်နှုန်း တိုးတက်လာခဲ့ပြီး မိုဘိုင်းဖုန်း ရောင်းချရမှုအားလုံး၏ ၃၄ ရာခိုင်နှုန်းမျှ ရှိလာခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း လူသန်း ၁၀၀၀ ကျော်ခန့် စမတ်ဖုန်း သုံးစွဲလာနိုင်ကြောင်း ဈေးကွက်လေ့လာရေးအဖွဲ့များက ခန့်မှန်ထားသည်။  တောင်ကိုရီးယား LG ကလည်း  ဖုန်းတစ်လုံးအနေဖြင့် အရွယ်အစား ကြီးလွန်းပြီး သင်ပုန်းကွန်ပျူတာ အရွယ်လည်းမရှိသော ဖန်သားပြင် ၅ လက်မ ဖုန်းအမျိုးအစားတစ်မျိုးကို ထုတ်ဖော်ပြသခဲ့သည်။ Optimus 4xHD သည်လည်း QuadCore သုံး ဖုန်းတစ်လုံးဖြစ်သည်။  ထိုင်ဝမ် HTC ကလည်း HTC One မျိုးဆက်ဖုန်းသုံးမျိုးကို ထုတ်ဖော်ပြသခဲ့သည်။ HTC One X ဖုန်းမှာ ဖန်သားပြင် ၄ ဒသမ ၇  လက်မရှိပြီး QuadCore သုံးထားသည်။ HTC One S မှာမူ အရွယ်အနည်းငယ်သေးသော်လည်း စွမ်းဆောင် ရည်တူသည်။
Ref:AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis