menu

Saturday 28 January 2012

အိုင်စီတီကြောင့် ပြောင်းလဲလာသော ပညာရေးလမ်းကြောင်းများ (တင်ညွန့်)

၂၀၁၁ တစ်နှစ်ကုန်ခဲ့ပြန်ပြီ။ ပညာရေးစနစ်ကို အကောင်အထည်ဖော်ကြရာမှာ နိုင်ငံတိုင်းကိုကြည့်ရင် အောင်မြင်ခဲ့တာတွေ ရှိသလို၊ ဆုံးရှုံးခဲ့တာတွေလည်း အများကြီးဖြစ်နေဆဲပဲ။ အောင်မြင်မှုတွေဟာ အိုင်စီတီ ကြောင့်ဆိုတာ မငြင်းနိုင်သလို၊ ဆုံးရှုံးမှုတွေဟာလည်း အိုင်စီတီကို ကောင်းစွာ အသုံးမချနိုင်ခဲ့ကြလို့ဆိုတာ ထင်ရှားတယ်။ ပညာရေးလမ်းကြောင်းကို ပြောင်းလဲစေနိုင်တဲ့ အိုင်စီတီလောကအကြောင်းကို ကျွန်တော်တို့ ပြန်လည်သုံးသပ်ကြည့်ရင် ...

1.Hacking Education
အိုင်စီတီလောကမှာ Hack လုပ်တယ်ဆိုတာ ကောင်းတာတွေရှိသလို၊ မကောင်းတာတွေလည်း ရှိတယ်။ ၂၁ ရာစုမှာ နည်း ပညာလောကရဲ့ ထင်ရှားတဲ့လူချမ်းသာကြီးတွေဟာ Hack လုပ်ပြီး ချမ်းသာလာကြတာ လို့ပြောရင်ရတယ်။ ဒါကြောင့် Hacking ပညာရေးဆိုတာ လူတစ်ဦးချင်းစီအလိုက် လေ့လာလိုက်စားပြီး ဖွံ့ဖြိုးတိုးတက်တာမှန်ပေမယ့် စီးပွားရေးအရကြည့်ရင် လုပ်ငန်းကြီးတွေမှာပါ လိုအပ်ချက် တစ်ခုလိုဖြစ်လာတယ်။ ဒီလိုအပ်ချက်တွေအတွက် ကောင်းသော hacking လုပ်တပ်အောင် သင်ကြား ညွှန်ပြပေးဖို့ လိုအပ်လာပြီလို့ ယူဆလာကြတယ်။ ဒါကြောင့် “Hacking Education” ဆိုတာ လိုအပ်လာပြီလို့ ဆိုတယ်။
Hacking Education လို့ပြောပေမယ့် အကန့်အသတ်နဲ့တော့ ရှိနေလိမ့်ဦးမယ်။ ဒါပေမယ့် ပညာရေး လောကမှာရှိတဲ့ ဆရာတွေ၊ စွန့်ဦးတီထွင်သူတွေ၊ ဂျာနယ်လစ်တွေနဲ့ နည်းပညာရှင်တွေ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့ နဲ့တစ်ဖွဲ့ ပေါင်းစည်းဖို့လိုအပ်လာတယ်။
Hack လုပ်တယ်ဆိုတာ ဖျက်လိုဖျက်ဆီးလုပ်တယ်၊ နှောင့်ယှက်တယ်လို့ သိထားကြပေမယ့် သူတို့ဘာတွေ လုပ်နေသလဲဆိုတဲ့ ပြိုင်ဘက်တွေရဲ့ ခြေလှမ်း၊ ငါတို့ဘာတွေ ဆက်လုပ်ရမလဲဆိုတဲ့ စီးပွားရေးလောကရဲ့ လက်ဦးမှုအတွက် hacking လုပ်ခြင်းဟာ မဖြစ်မနေလိုအပ်လာတယ်လို့လည်း ပြောနိုင်တယ်။
ဒါကြောင့် လူငယ်တွေကို လုပ်ချင်ရာလုပ် လွှတ်ပေးမလား၊ ကိုယ်ကျင့် တရားနဲ့ယှဉ်တဲ့ hacking လုပ်နိုင်အောင် ထိန်းပေးမလားဆိုတာ စဉ်းစားလာကြတယ်။ လူငယ်တိုင်းမှာ စိတ်ကူးစိတ်သန်းတွေရှိပါတယ်။
အဲဒီစိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်ခွင့်ပေးဖို့လိုတယ်၊ အချိန်ပေးဖို့လိုသလို သူတို့ကို နေရာ ပေးဖို့လည်းလိုတယ်။ လမ်းမှားရောက်အောင် လွှတ်ပေးလိုက်မှာလား၊ လမ်းမှန်ရောက်အောင် ထိန်းပေး မလားဆုံးဖြတ်ရမယ့် အချိန်ရောက်လာပြီ။ ဒါကြောင့် Hacking Education ဆိုတာကို စဉ်းစားနေကြပြီ။
2. Open Source
Open ဆိုတာ ပေါ်ထွန်းလာတဲ့ နှစ်လည်း မနည်းတော့ဘူး။ အသစ်အဆန်းလုပ်ပြီး ပြောနေစရာ တောင် လိုမယ်မထင် တော့ပါဘူး။ ယမန်နှစ်ကစပြီး ပညာရေး လောကမှာ Open Source တွေကို တွင် ကျယ်စွာ အသုံးပြုလာကြလို့ တိုးတက်အောင်မြင်မှုတွေရလာတယ်ဆိုတဲ့ သတင်းတွေကြားရတယ်။
Moodlle, Sakai, LearnBoost နဲ့ Instructure ဆိုတာတွေက open source နဲ့ ပညာရေးအတွက် လိုအပ်တဲ့ နည်းပညာစနစ်တွေကို ထုတ်လုပ်တီထွင် ဖန်တီးပေးနေကြတဲ့ ကုမ္ပဏီတွေဖြစ်တယ်။ Creative Commons ကုမ္ပဏီဆိုရင် open sharing နဲ့ open publishing ဆိုတာတွေကို လိုင်စင်ယူပြီးတော့ကို လုပ်ဆောင်နေ တယ်။
Open source ဆိုတာ အခမဲ့၊ အလကားရနိုင်တဲ့နည်းပညာ ဆိုပေမယ့် အရာရာမှာ အလကားတော့ မဟုတ်ပါဘူး။ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်သုံးချင်ရင်၊ နည်းပညာအရ ပိုကောင်းအောင်သုံးချင်ရင် ပိုက်ဆံပေးရတာတွေရှိပါတယ်။ ဒါပေမယ့် အစပိုင်းမှာ အခမဲ့ယူပြီး ပညာရေးမှာ အကျိုးရှိအောင် သုံးနိုင်တာတွေ၊ လွတ်လပ စွာတီထွင်ဖန်တီးဖော်ထုတ်ခွင့်တွေရှိတာ ကြောင့် နာမည်ကြီးပါတယ်။
Open source သုံးမယ်ဆိုရင်
- Content တွေကို ဘာလိုင်စင်မှယူနေစရာ မလိုဘဲ ရယူသုံးစွဲနိုင်တယ်
- Source code တွေကို အခမဲ့ လွတ်လပ်စွာ ရယူပိုင်ခွင့်ရှိတာကြောင့် ထပ်ဆင့်တီထွင် နိုင်စွမ်းတွေအတွက် အခွင့်အလမ်းကောင်း တွေများတယ်။
- အခမဲ့ရနိုင်တာတွေကို အခမဲ့ပြန်ပြီး မျှဝေနိုင်တဲ့အတွက် နည်းပညာလောကနဲ့ လုပ်ငန်းတွေအတွက် အများကြီးအထောက်အကူ ဖြစ်နိုင်တယ်။
- ကိုယ်တီထွင်လိုက်တဲ့ application တွေဟာ open source မှာအခြေခံထားတာဖြစ်လို့ ပြဿနာ ပေါ်လာစရာလည်းမရှိနိုင်ဘူး။ ဒါကြောင့် open source ဆိုတာ အလကားရတယ်ဆိုတာထက် ပိုပြီး လေးနက်ကြောင်း သိထားဖို့လိုတယ်။
3. Free Version of Industry Software
လုပ်ငန်းတွေမှာအသုံးပြုဖို့ ဆော့ဖ်ဝဲ တွေကို free version တွေအနေနဲ့ ပေးသူတွေက ပေးနေကြပြီ ဖြစ်တယ်။ အထူးသဖြင့် ပညာရေးလောကမှာ Pearson နဲ့ Blackboard ဆိုတဲ့ ကုမ္ပဏီနှစ်ခုကို ရှောင်လွှဲလို့ မရနိုင်ဘူး။ ဒီကုမ္ပဏီနှစ်ခုဟာ အကျိုးအမြတ်မယူဘဲ ပညာရေးလောကမှာ ဆော့ဖ်ဝဲတွေကို အခမဲ့ထောက်ပံ့ပေးနေတာတွေရှိတယ်။ Blackboard ရဲ့ အခမဲ့ version တစ်ခုဖြစ်တဲ့ CourseSite (https://www.coursesites.com/webapps/Bb-sites-course-creation-BBLEARN/pages/index.html) နဲ့ Pearson ရဲ့ OpenClass site တွေဟာ တန်ဖိုးရှိလှတဲ့ ဆော့ဖ်ဝဲတွေကို ပညာရေးအတွက် အခမဲ့ ပေးနေတာကြောင့် ပြောင်းလဲချင်တာ တွေကို အများကြီး စမ်းသပ်နိုင်သလို၊ ပြောင်းလဲနေတာတွေကိုလည်း လေ့လာနိုင်ပါတယ်။
5. Data Portability
ဒေတာတွေ ကိုယ်သွားရာပါနိုင်ဖို့ဆို တာ ဆော့ဖ်ဝဲတွေကို အခမဲ့သုံးခွင့်နဲ့လည်း သက်ဆိုင်နေပါတယ်။ ခုဆိုရင် Cloud computing system တွေကို တီထွင်ပြီး ဒေတာတွေကို Cloud ထဲမှာလှောင်၊ Cloud ထဲက စိတ်ကြိုက်ထုတ်သုံးနိုင်တယ်လို့ အသံကောင်းတွေ ဟစ်နေကြပေမယ့် ထင်သ လောက်ခရီးမပေါက်သေးဘူး။ Cloud ဆိုတဲ့ စိတ်ကူးဟာ နည်းပညာလောကအတွက် စိန်ခေါ်ချက် တစ်ခုဖြစ်သလို၊ ပညာရေးလောက အတွက်လည်း သုတရတနာသိုက်၊ ပညာဘဏ်တိုက်ကြီး တစ်ခုလိုဖြစ်လာနိုင်ပါတယ်။
ခုထိတော့ Cloud ဆိုတဲ့သဘော တရားက “ပေးသလောက် ပြန်ရ” ဆိုတဲ့ မူအပေါ်မှာပဲ ရပ်တည်နေသေးတယ်။ Service ကိုလိုချင်ရင် ပိုက်ဆံပေး၊ ကိုယ်ပေးနိုင်သလောက် ကိုယ်ပြန်ရမယ်ဆိုတော့ ပညာရေးလောကလို ငွေကြေးချို့တဲ့စွာ သုံးစွဲနေရတာတွေနဲ့ သိပ်ပြီး သဟဇာတ မဖြစ်နိုင်သေးဘူး။ တကယ်လို့ Cloud ကို စေတနာတွေအပြည့်နဲ့ ပညာရေးအတွက် လှူမယ့်သူတွေ ရှိလာရင်တော့ မပြောတတ်ဘူး။
4. Flipping the Classroom
စာသင်ခန်း ခေတ်ပြောင်းတော်လှန်ရေးကို အကောင်အထည်ဖော်သူတွေက ဖော်နေကြပြီ။ ၂၀၁၁ အမေရိကန်နိုင်ငံ ဖီလာဒဲဖီးယားမြို့မှာ ကျင်းပသွားတဲ့ ISTE Conference ဟာ ပညာရေးအတွက် ပြုပြင် ပြောင်းလဲမှုတစ်ခုကို ဖော်ထုတ်ပြသွားနိုင်တဲ့ ညီလာခံလို့ဆိုရမယ်။ ခမ်းမကြီးတစ်ခုလုံး ပြည့်လျှံနေတဲ့ လူတွေရဲ့ ပါးစပ်ဖျားမှာ “flipped classroom” ဆိုတဲ့စကားက ခေတ်စားနေတယ်။ အစဉ်အလာ စာသင် ခန်းစနစ်ကို ဖျောက်ဖျက်ပစ်ဖို့ လူတိုင်းစိတ် ၀င်စားနေကြတယ်။
ပညာရေးစနစ်မှာ အရိုးစွဲနေတာတွေက ဆရာက စာသင်၊ အိမ်စာပေး၊ မရရင် ဆူဆဲရိုက်ဆိုတဲ့ နည်းလမ်းတွေဟာ ခေတ်မမီတော့ဘူးလို့ ပြောလာကြတယ်။ ကျောင်းမှာ ဆရာက အကြောင်းအရာ တစ်ခုအတွက် လိုအပ်တဲ့အချက်အလက်လောက်ကိုပဲပြောမယ်။ အဲဒါကို အိမ်စာလို့ ခေါင်းစဉ် မတပ်တော့ဘူး။
လုပ်ငန်း၊ ပရောဂျက်တစ်ခုခု ခေါင်းစဉ်တပ်လိုက်မယ်။ ဥပမာ ဖားတစ်ကောင် အဆင့်ဆင့် တိုးတက် ပြောင်းလဲလာပုံဆိုပါတော့ ဆရာက ပရောဂျက်မှာ ပါလာသင့်တဲ့ အကြောင်းအရာတွေကို gist လောက်ပဲပြောမယ်။ ကျောင်းသားတွေက အိမ်မှာ အဲဒီအချက် အလက်တွေနဲ့ ပတ်သက်ပြီးရှာဖွေ။ ပရော ဂျက်ကို တစ်ယောက်ချင်းဖြစ်စေ အုပ်စုလိုက်ဖြစ်စေ အကောင်အထည် ၀ိုင်းဖော်ကြဖို့ပါ။ ကျောင်းကို လာတယ်ဆိုတာ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်ဆက်သွယ်ဖို့ပဲ။ ဆရာဆိုတာ ကြားခံမီဒီယမ်တစ်ခုအနေနဲ့ အသုံးချစရာလို့ သဘောထားရမယ်။
ကလေးတွေက သူတို့ပရောဂျက်တွေကို အိမ်မှာ အွန်လိုင်းကတဆင့် လေ့လာမယ်။ ကျောင်းသို့မဟုတ် ဆရာဆီကို အွန်လိုင်းကပဲ သူတို့ လေ့လာတွေ့ရှိထားချက်တွေကို ပြန်ပို့ပြီးနေပြီ။ ကျောင်းလာချိန်မှာ ဆရာက အားသာချက်၊ အားနည်းချက်တွေကို ထောက်ပြ ဝေဖန် အပြန် အလှန်ဆွေးနွေးဖို့ အဆင့်လောက်ရောက်နေပြီ။
ဒါကြောင့် ခေတ်သစ်မှာ စာသင်ခန်းတွေကို အစဉ်အလာလမ်းကြောင်းက ခေါက်ထားလိုက်ရ တော့မယ်။ စာသင်ခန်းဆိုတာ ဆရာပြောတာနားထောင်ပြီး ငြိမ်နေရမယ့် နေရာတစ်နေရာမဟုတ်တော့ဘူး။ ကျောင်းသားနဲ့ ဆရာ မတူညီတဲ့ အတွေး အခေါ်အယူအဆတွေကို အပြန်အလှန် ငြင်းခုံဝေဖန်ဆွေးနွေးနိုင်တဲ့ နေရာတစ်နေရာပဲဖြစ်သင့်တယ်။ ဒီနှစ်အတွက် Khan Academy ဟာ အွန်လိုင်းပညာရေးကို အကောင်းဆုံး အကောင်အထည် ဖော်ပေး နိုင်တဲ့အတွက် နာမည်ကျော်နေပါတယ်။
6. Talent + Money + Innovation
အစွမ်းအစရယ် ငွေရယ် တီထွင်နိုင် စွမ်းရယ် ပေါင်းစပ်လိုက်ရင် ဘာဖြစ်လာနိုင် ပါသလဲ။ ၂၀၁၁ ဟာ ပညာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကို အများဆုံးလုပ်ဆောင် ခဲ့တဲ့နှစ်လို့ဆိုနိုင်တယ်။ ဥပမာပြရရင်
          2tor (http://2tor.com) က ဒေါ်လာ သန်း ၃၀ ကျော်၊ Inkling (http://www.inkling.com/) က ဒေါ်လာ ၁၇ သန်း၊ Inigral အတွက် ဘေဂိတ်စ်နဲ့ သူ့ဇနီး မလင်ဒါဂိတ်စ် ဖောင်ဒေးရှင်းကမတည်ပေး ငွေ ဒေါ်လာ ၂ သန်း အထိတိုးတက်လာတာ တွေ့ရတယ်။
ဒီလို ပညာရေးလောကထဲကို အကြီးအကျယ် ရင်းနှီးမြှုပ်နှံပြီး ကုမ္ပဏီတွေ ၀င်ရောက်လာကြတာ ပညာရေးရဲ့ အနာဂတ်ကို ယုံကြည်လို့ဆိုတာ ထင်ရှား တယ်။ အစွမ်းအစရှိတယ် ငွေမရှိဘူးဆိုရင် မတီထွင်နိုင်ဘူး။ ငွေရှိတယ် အစွမ်းအစရှိသူတွေ မရှိရင်လည်း မတီထွင်နိုင်ဘူး။ ပညာရေးဆိုတာ ရင်းနှီးမြှုပ်နှံရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ရေရှည် အကျိုးကို မျှော်ကိုး ရတာဖြစ်လို့ ရေတိုအကျိုးအမြတ် ရှိဖို့ မမျှော်မှန်းနိုင်ဘူး။
ဒီကြားထဲက Imaging K12 (http://www.imaginek12.com/) Startup Weekend EDU (http://startupweekend.org/), Education Hack Day (http://educationhackday.org/) ဆိုတဲ့ ပညာရေး site ကိုထူထောင်သူတွေကလည်း ပေါ်လာတယ်။ အားတက်စရာပေါ့။
ပညာရေးအတွက် ရန်ပုံငွေထူထောင်တဲ့ NewSchools Venture Fund ဆိုတာလည်းပေါ်လာတယ်။ အဲဒီအဖွဲ့ကြီးကလည်း Atlas Ventures နဲ့ Greylock Partners ကုမ္ပဏီတွေရဲ့ အထောက်အပံ့နဲ့ ပရောဂျက်အသစ်တွေကို ပညာရေးအတွက် အထောက်အကူဖြစ်အောင် ဆောင်ရွက်နေကြတယ်။
7. Google vs. Apple vs. Amazon
နည်းပညာလောကရဲ့ ကြီးသုံးကြီးလို့ ဆိုနိုင်တဲ့ ကုမ္ပဏီသုံးခုမှာလည်း အပြိုင်အဆိုင်တွေ အားကြီး တယ်။ ဆရာတစ်ယောက်နဲ့ ကျောင်းသားတစ်ယောက်သင်ကြားနှုန်း ၁း၁ ဆိုတာ လက်တွေ့လောကမှာ တော့ လုံးဝမဖြစ်နိုင်သေးဘူး။ ဒီသဘောတရားကို အကောင်းဆုံးဖော်ဆောင်နိုင်တာ အွန်လိုင်းမှာပဲရှိသေးတယ်။
၂၀၁၁ မှာ Google ရဲ့ Chromebook ဆိုတာကို ကြိုဆိုရမယ်။ အလားတူ Amazon ကလည်း Kindle Fire ဆိုတာကိုထုတ်၊ Apple ကထုတ် တဲ့ iPad တွေဟာ ပညာရေးအတွက် အများကြီးအထောက်အကူပြုတဲ့ သင်ထောက်ကူ ပစ္စည်းတွေလို့ဆိုနိုင်တယ်။ ကျောင်းတွေဟာ ဒစ်ဂျစ်တယ်လို့ခေါ်တဲ့ လမ်းကြောင်းကို ပြောင်းသင့်နေပါပြီ။
ဖတ်စာအုပ်တွေကို အထက်မှာပြောခဲ့တဲ့ ပစ္စည်းတွေထဲထည့်ပြီး ကျောင်းကိုလာတဲ့ မြင်ကွင်းတွေကို ပြုပြင်သင့်နေပါပြီ။ ဟာ့ဒ်ဝဲတွေနောက်မှာ ဆော့ဖ်ဝဲတွေက အလျှံပယ်လိုက်လာတတ် တာကြောင့် ရုပ်ဝတ္ထုပစ္စည်းကို ပထမဆုံး ထူထောင်ဖို့ကလည်း လိုအပ်လာတယ်။ နောက်ပိုင်း ပညာရေး အတွက် တက်ဘလက်ဆိုတာတွေကို ဖန်တီးလာတာတွေကို ကြိုဆိုရမယ်။
8. Personal Learning Networks
ကိုယ်တိုင်လေ့လာသင်ယူနိုင်တဲ့ ကွန်ရက်လမ်းကြောင်းတွေကလည်း ၂၀၁၁ မှာ ပွင့်လင်းသွားတယ်။ ဆိုရှယ်မီဒီယာတွေ မှာ ပညာရေးနဲ့ပတ်သက်တာတွေကို ထည့် သွင်းလာသလို၊ ဆိုရှယ်မီဒီယာကတစ်ဆင့် ပညာရေးလမ်းကြောင်းရွေးချယ်မှုတွေကို လုပ်လာနိုင်တာ ခေတ်စားလာတယ်။ PLN (personal learning network) လို့ခေါ်တဲ့ ကိုယ်တိုင်လေ့လာသင်ယူနိုင်မှုတွေဟာ အွန်လိုင်းမှာ tools တစ်ခုအနေနဲ့ ထည့်သွင်း လာကြတယ်။
ကျောင်းတွေမှာ သို့မဟုတ် ကျောင်းအသိုက်အ၀ိုင်းတွေက လူမှုရေးမီဒီ ယာတွေ PLN တွေကို ထူထောင်ဖို့ အားနည်းသလောက် အွန်လိုင်းရဲ့ လွှမ်းမိုးမှုက ကြောက်စရာကောင်းလောက်အောင် ဖွံ့ဖြိုး လာတယ်။ ကျောင်းမှာမရှင်းတာကို အွန်လိုင်းမှာရှိတဲ့ ကိုယ့်အသိုင်းအ၀ိုင်းကို ပြန်မေးပြီး လွတ်လပ်စွာ ပညာရှာဖွေမှုတွေ ခေတ်စားလာတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အမြင်တွေ ဖလှယ်လာတယ်။ အသိတွေ မျှဝေလာတယ်။ Google+ လိုဆိုရှယ်မီဒီယာကို စာသင်ခန်းထဲခေါ်လာဖို့ ဆရာတွေကပါ တိုက်တွန်းနေတာ တွေရှိလာတယ်။
အွန်လိုင်းအဖွဲ့အစည်းကြီးဆိုတာ ဆရာတွေတောင်မသိနိုင်အောင် ကျယ်ဝန်းပါတယ်။ အဲဒီအဖွဲ့ အစည်းကြီးထဲမှာ တပည့်တွေက လွတ်လပ်စွာရှာဖွေလေ့လာနေကြတာကို မသိတဲ့ဆရာတွေကလည်း လူတတ်ကြီးတွေလုပ်ပြီး သင်နေကြတာရှိသေးတယ်။ ကျောင်းသားတွေကိုယ်တိုင် သင်ယူမှုကို self-study စတိုင်ပြောင်းနေချိန်မှာ ဆရာတွေက သူတို့ကိုပဲ ဗဟိုပြု၊ သူတို့ကပဲသင်မယ်ဆိုတဲ့စနစ်တွေကို လက်ကိုင် ထားပြီး ကျင့်သုံးနေရင် ခေတ်ပြောင်းတာကိုမသိဘဲ ကျန်ခဲ့လိမ့်မယ်။
9. Gamification
ခေတ်က ဂိမ်းခေတ်ဖြစ်လာတာကို ရှောင်လွှဲလို့မရဘူး၊ တားဆီးလို့မရဘူး။ ပူးပေါင်းနိုင်အောင် အားထုတ်ဖို့ပဲလိုတယ်။ ဂိမ်းစက်တွေကို ပညာရေးလမ်းကြောင်းထဲ ဆွဲသွင်းလာနိုင်အောင် အားထုတ်သင့်တယ်။ စာသင်ခန်းတွေမှာ ကွန်ပျူတာဂိမ်းတွေကို ပညာသင်ကြားရေးအတွက် အသုံးပြုလာနိုင် အောင် developer တွေကလည်း အားထုတ်လာကြတယ်။ ဆရာတွေနဲ့ပူးပေါင်းပြီး သင်လို့ သင်နေမှန်းမသိတဲ့ ဂိမ်းတွေကို ဖန်တီးလာကြတယ်။ သင်ယူမှုဆိုတာကို ကြားလိုက်တဲ့ ကြောက်ကြတဲ့သူတွေအတွက် ဂိမ်းတွေက အထောက်အကူပေးနိုင်တယ်။
ကျောင်းသားတွေကို ဆွဲဆောင်နိုင်တဲ့ ဒစ်ဂျစ်တယ်ဂိမ်း၊ ပျော်ရွှင်မှုပေးနိုင်တဲ့ဂိမ်းတွေကို စာသင်ခန်းထဲပို့ဖို့ဆိုတာ စီမံချက်တွေ၊ ပညာရှင်တွေပူးပေါင်းဆောင်ရွက်ကြရမယ့် ကိစ္စဖြစ်ပါတယ်။
ပညာရေးမှာ သဘောတရားကို သိပြီး လက်တွေ့အကောင် အထည်ဖော်နိုင်မှုတွေ အားနည်းတတ်ပါတယ်။ ဒါကလည်း ငွေကြေးဆိုင်ရာ ထောက်ပံ့အားတွေနည်းလို့ဖြစ်တယ်။ ပညာရေးအတွက် ဂိမ်းဆိုတာကို ကျောင်း သားတိုင်း စိတ်ဝင်စားအောင်လုပ်နိုင်ရင် ဈေးကွက်ကြီးတစ်ခုဟာ ဖွံ့ဖြိုးလာမှာအမှန် ဖြစ်တယ်။
10. Schema.org
၂၀၁၁ ဇွန်လတုန်းက ပညာရေးဆိုင်ရာ စာအုပ်တွေကို ထုတ်ဝေသူတွေနဲ့ တီထွင်သူ တွေပူးပေါင်းပြီး အဖွဲ့အစည်းတစ်ခုထူ ထောင်လိုက်ကြတယ်။ အဲဒီအဖွဲ့ကိုလည်း The Association of Education Publishers and Creative Commons လို့အမည်ပေးထားတယ်။ အဲဒီအဖွဲ့ကြီးကနေ Schema.org ဆိုတဲ့ website တစ်ခုကိုဖွင့်ထားတယ်။ အွန်လိုင်းပေါ်မှာ အဓိကထားပြီး လူတွေ search လုပ်နေကြတဲ့လိုင်းတွေဖြစ်တဲ့ Google, Yahoo! နဲ့ Being လိုင်းတွေမှာ သင်ကြားရေးနဲ့ ပတ်သက်တဲ့ ပြဌာန်းစာအုပ်တွေရှာနိုင်အောင် သူတို့က အထောက်အကူ ပြုပေးမယ်။ သူတို့ အထောက်အကူပြုမယ် ဆိုတာက ဖတ်စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာ သင်ခန်းစာတွေကို မာလ်တီမီဒီယာနဲ့ ကျောင်းသားတွေ ရယူလေ့လာနိုင်အောင် လုပ်ပေးမှာကို ပြောတာ။
ဖတ်စာဆိုတာ ကိုယ်တိုင်ဖတ်နိုင်တယ်၊ ကွန်ပျူတာကိုလည်း ဖတ်ခိုင်းလို့ရတယ်၊ မသိတဲ့ စာလုံးကို ရှင်းပြပေးမယ်။ ရှင်းတာမှ အရုပ်၊ အသံတွေနဲ့ပါ ရှင်းပြလိမ့်မယ်။ အဘိဓာန်ဆိုတာ အဲဒီ စာမျက်နှာ ပေါ်မှာ သိလိုတဲ့စာလုံးပေါ်ကို ထောက်လိုက်တာနဲ့ ရှင်းပြီးသားဖြစ်သွားအောင် လုပ်ပေးလိမ့်မယ်။
ဒီလိုပညာရေးမှာ ပြုပြင်ပြောင်းလဲမှု တစ်ခုလုပ်ဖို့ဆိုတာ ဒေတာတွေကလည်း အများကြီးရမှဖြစ်မယ်။ ဒီလိုဖတ်စာတွေကို ဒစ်ဂျစ်တယ်ပြောင်းဖို့ဆိုတာ တစ်ယောက်အားနဲ့ ရနိုင်တဲ့ကိစ္စတော့ မဟုတ်ဘူး။ အားလုံး ပူးပေါင်းလုပ်ဆောင်မှသာ ဖြစ်နိုင်တယ်။
စာသင်ခန်းတွေကို အွန်လိုင်းပေါ် ရောက်အောင် Flipping လုပ်နိုင်ဖို့ဆိုတာ အဲဒီဒေတာတွေအားလုံး အွန်လိုင်းပေါ် ရောက်အောင် ဦးစွာကြိုးစားရပါလိမ့်မယ်။ အင်တာနက်ဆိုတာက သင်ကြားမှု သင်ယူမှုကို အထောက်အကူပြုပေးနိုင်တဲ့ နေရာတစ်ခုဖြစ်ပြီးတော့၊ သင်ယူမှုအတွက် အလွယ်ကူဆုံးဖြစ်အောင် tools တွေကို ဖော်ဆောင်တာက နိုင်ငံတော်၊ ပုဂ္ဂလိက အဖွဲ့အစည်း၊ ပညာရှင်တွေနဲ့လည်း သက်ဆိုင်နေပါတယ်။
ဆရာတွေက သင်ကြားရေးအတွက် အလွယ်ကူဆုံးနည်းတွေကို တီထွင်ကြံဆမယ်၊ ဆော့ဖ်ဝဲ developer တွေက နည်းပညာနဲ့ ဖန်တီးပေးမယ်၊ အဖွဲ့အစည်းနဲ့ နိုင်ငံတော်က လိုအပ်တဲ့ငွေကြေးနဲ့ ပေါ်လစီ တွေကိုအထောက်အကူပေးမယ်ဆိုရင် ပိုပြီးတော့ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။
မောက္ခ ပညာရေးမဂ္ဂဇင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis