menu

Sunday 22 January 2012

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအ၀ှမ်းလှည့်လည် မဲဆွယ်မည်

ဓါတ်ပုံ (မြတ်လေးငုံ ဘလော့ဂ်)
မြန်မာနိုင်ငံ အတွင်းရှိ သက်တမ်းအရင့်ဆုံး ပါတီများအနက် တစ်ခုဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒနယ်များသို့ သွားရောက် မဲဆွယ်မည် ဖြစ်ကြောင်း အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက The Voice Weekly သို့ ပြောကြားသည်။

ကြားဖြတ် ရွေးကောက်ပွဲကို ကချင်၊ မွန်၊ ရှမ်းပြည်နယ်များနှင့် စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ တိုင်းဒေသကြီးတို့ရှိ လစ်လပ်နေရာ ၄၈ နေရာမှ မြို့နယ်ပေါင်း ၅ဝ ကျော်တွင် ကျင်းပမည် ဖြစ်သည်။

" အကုန်လုံး သွားနိုင်မယ် လို့တော့ မထင်ဘူး။ နေရာက ရွေးနေတုန်းပဲ။ အချိန်ကြောင့်ပါ။ အချိန်မီရင်တော့ အကုန်လုံး သွားမယ် " ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

မည်သည့် အချိန်တွင် အခြားဒေသများသို့ သွားရောက်မည်ကို မသိရှိ သေးသော်လည်း တနင်္သာရီတိုင်း ဒေသကြီး ထားဝယ် ခရိုင် လောင်းလုံးနှင့် မြိတ်ခရိုင် ကျွန်းစုမြို့နယ် တို့ကိုမူ ဇန်နဝါရီ လကုန်ပိုင်းခန့်တွင် လာရောက်ရန် အစီအစဉ် ရှိကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင် ဦးအောင်စိုးက The Voice Weekly သို့ ပြောကြားသည်။

ဦးအောင်စိုးမှာ လောင်းလုံးမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် နေရာတွင် ဝင်ရောက် အရွေးချယ်ခံမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ် ဇန်နဝါရီ လကုန်တွင် ထားဝယ်ဒေသသို့ နောက်ဆုံး လာရောက်ခဲ့ဖူးပြီး ယခုတစ်ကြိမ် လာရောက်ပါက နေ့ချင်းပြန် လာရောက်ရန် အလားအလာ ပိုမိုများပြားကြောင်း ဦးအောင်စိုးက ပြောကြားသည်။

" လာရင်တော့ မဲအပြတ်အသတ် နိုင်မှာပဲ " ဟု ထားဝယ်မြို့ခံ အသက် ၄ဝကျော် အရွယ်ရှိ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက မှတ်ချက် ပေးသည်။ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် မော်လမြိုင်မြို့သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ရန် သေချာသော်လည်း လာရောက်မည့် အချိန်ကို မသိရှိရသေးကြောင်း မော်လမြိုင် မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဇော်က ပြောကြားသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ NLD သည် နေရာအပြည့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ယင်းမဲဆန္ဒနယ်များတွင် ဝေးလံသီခေါင်သော ဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်၊ ရှမ်းပြည်နယ် လားရှိုး၊ ကလော၊ တနင်္သာရီတိုင်း ဒေသကြီး လောင်းလုံး၊ ကျွန်းစုမြို့နယ်တို့လည်း ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က လွတ်မြောက်ပြီး နောက်ပိုင်း ပထမဆုံးအဖြစ် ဇူလိုင်လ ပထမပတ်အတွင်း ပုဂံသို့ အပန်းဖြေခရီး သွားရောက်ခဲ့သည်။
The Voice Weekly

မြတ်လေးငုံ ဘလော့ဂ် မှ ဓါတ်ပုံများဖြစ်ပါသည်။








၁၈.၁.၂၀၁၂ ၁၀း၃၀နာရီအချိန်တွင်ကော့မှူးမြို့နယ်မဲဆန္ဒနယ်အတွက်ရွေးကောက်ပွဲဝင်ရန်တောင်ပိုင်းခရိုင်
အထွေထွေရွေးကောက်ပွဲကော်မရှင်ရုံးသံလျှင်မြို့သို့သွားရောက်ပြီးလွှတ်တော်ကိုယ်စားလှယ်အမည်စားရင်း
အဆိုပြုလွှာကိုကိုယ်တိုင်သွားရောက်တင်သွင်းစဉ်တခဲနက်ကြိုဆိုနှုတ်ဆက်သူများအားတွေရစဉ် မှတ်တမ်း ဓာတ်ပုံများဖြစ်ပါသည်.။
 သစ်ထူးလွင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis