menu

Sunday 22 January 2012

အလုံ မြို့နယ်အတွင်းရှိ ရှစ်ထပ်တိုက် မြေသားနိမ့်ဆင်းပြီးကွဲအက်မှုဖြစ်ပွား


ygnDSC_0155
ကွဲအက်မှုဖြစ်ပွားသည့် အဆောက်အအုံအား သက်ဆိုင်ရာဌာနများမှ စောင့်ကြည့်မှုပြုလုပ်နေသည်ကို ဇန်န၀ါရီ ၁၉ ရက်နေ့ ည ၁၀ နာရီခွဲ ခန့်ကတွေ့ရစဉ်
ygnDSC_0087
ကွဲအက်မှုဖြစ်ပွားခဲ့သော တိုက်၏ အနောက်ဘက်အား တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်းရှိ ရှစ်ထပ်အဆောက်အအုံတစ်လုံး၏ မြေညီထပ်နောက်ဖက်ခြမ်းမှာ မြေသား အနည်းငယ်နိမ့်ဆင်းမှုနှင့်အတူ ကွဲအက်သည့် ဖြစ်စဉ်တစ်ခု ၂၀၁၂ ခုနှစ် ဇန်န၀ါ ရီလ ၁၉ ရက် ညက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါဖြစ်စဉ်အား ယင်းနေ့ည ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မြေညီထပ်တွင်နေထိုင်သူများမှ စတင် သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်ကို မျက်တွေ့ရှိသူတစ်ဦးက "ကျွန်မတို့အိမ်က အဲဒီတိုက် အနောက်ဘက်တည့်တည့်မှာ ဖြစ်ပါတယ်။ ကျွန်မနောက်ဖေးကို ထွက်တဲ့အချိန်မှာ အဲဒီတိုက်က မြေညီထပ်နှင့် ပထမထပ် အဆက်နားက အုတ်နီခဲကျသံတွေကြားလို့ ကြည့်မိတော့ မြေညီထပ်နှင့် ပထမထပ်အဆက်က ကွဲအက်ကြောင်းကြီးတွေ တွေ့ရတာနဲ့ဘဲ အဲဒီတိုက်ကို လှမ်းအော်ပြီး သတိပေးလိုက်ပါတယ်"ဟု ပြန်လည်ပြောပြခဲ့သည်။

မြေညီနိမ့်ဆင်းခဲ့မှုမှာ ၆ လက်မနီးပါးခန့်ရှိကြောင်း၊ မြေညီထပ်နှင့် ပထမထပ်အဆက် အက်ကွဲaကြာင်းမှာ စတင်စောင့်ကြည်သည့် ဇန်န၀ါရီလ ၁၉ ရက်နေ့ ည ၁၀ နာရီအချိန်တွင် လက်နှစ်လုံး ခန့်သာရှိခဲ့ပြီး ၂၀ ရက်aန့ နံနက် ၁၀ နာရီ အချိန်အထိ စစ်ဆေးချက်အရ လက်တစ်ထွာအထိ အကျယ်ရှိလာကြောင်း မီးသတ်ဦးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံ(အင်ဂျင်နီယာဌာန) တာဝန်ရှိသူတစ်ဦးက လည်း "အခုဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကတော့ အန္တရာယ်ကတော့ အရမ်းမရှိပါဘူး။ ကျွန်တော်တို့ဌာနနဲ့ တာဝန်ရှိအဖွဲ့တွေကတော့ အဲဒီ မြေညီထပ်နဲ့ ပထမထပ်အက်ကြောင်းကနေ အောက်ခြေအထိကို ဖြိုချမယ်။ ပြီးရင်ပြန်ပြီးတော့ အုတ်ပတ်ကားတပ်ပြီး ပြုပြင်သွားပါမယ်။ လူတွေကတော့ ပြန်လည်နေထိုင်လို့ရပါတယ်။ အဲဒီမြေညီထပ်က ကောဇောလိပ်တွေ အများအပြားသိုလှောင်ထားတာကို တွေ့ရှိ ခဲ့ရပါတယ်" ဟု သုံးသပ်ပြောကြား ခဲ့သည်။
ygnDSC_0104
ကွဲအက်မှုဖြစ်ပွားခဲ့သော တိုက်အား ပြန်လည်ပြုပြင်နေမှုကို ဇန်န၀ါရီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ခန့်ကတွေ့ရစဉ်

"ဒီဖြစ်စဉ်ကတော့ ဖောင်ဒေးရှင်း အားနည်းချက်ကြောင့် ဖြစ်နိုင်ပါတယ်။ အားနည်းတဲ့ အဲဒီအပိုင်းကလည်း တိုက်ကမြေသားထဲကို ၆ လက်မခန့်နိမ့် ဆင်းသွားတဲ့ဘက်ခြမ်းက အားနည်းချက်ကြောင့် ဖြစ်နိုင်တယ်။ မနေ့ကညပိုင်းကဆိုရင် နေအိမ် ၁၃ လုံးက မိသားစုတွေကို နေထိုင်ဖို့အတွက် ကယ်ဆယ်ရေး နေရာနှစ်ခု ဖွင့်လှစ်ပြီး ဆောင်ရွက်ခဲ့ပါတယ်" ဟု အလုံမြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှုးဖြစ်သူ ဦးသန်းနိုင်က အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြော ကြားခဲ့သည်။

အဆိုပါ တိုက်အက်ကွဲမှု ဖြစ်ပွားသော တိုက်တွင်နေထိုင်သူတစ်ဦးက "ဒီလောက်အထိ တိုက်ကဖြစ်နေတဲ့ အနေအထားမှာ အဲဒီ့အပိုင်းကို ဖြိုချပြီး ပြန်ပြုပြင်ပြီးတော့ ပြန်နေထိုင် ခွင့်ပြုမယ်ဆိုတာကို ကျွန်တော့အနေနဲ့ သေချာစဉ်းစားပြီးမှ နေသင့် မနေသင့်ကို ဆုံးဖြတ်မှာပါ။ ဘယ်အချိန် ဘာထပ်ဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိဘူး။ ရှင်းရှင်းပြောရရင် မနေရဲဘူး"ဟု ပြောကြားခဲ့သည်။

အဆိုပါ တိုက်ကွဲအက်မှုကြောင့် ယင်းတိုက်တွင် နေထိုင်သူများသာမက အနီးပတ်ဝန်းကျင် တိုက်များရှိ သူများကိုပါ သိသိချင်း ပြောင်းရွှေ့ခဲ့ရပြီး စာသင်ကျောင်းအချို့တွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကာထားရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်မှာ ၂၀၀၆ ခုနှစ်ဝန်းကျင်က CCG ဆောက်လုပ်ရေးမှတည်ဆောက်ခဲ့ပြီး ကန်ထရိုက်တာမှာ ဦးဇော်သိန်းဖြစ်ကြောင်း သိရှိရသည်။
By EMG

1 comment:

  1. အင်ဂျင်နီယာ အပြစ်ပြောလဲပြောစရာပဲ...ကြည့်ပါဦးဗျာ
    ရုပ်ပျက်ဆင်းပျက်...တော်ရုံတန်ရုံခို..တော်ရောပေါ့..အခုတော့...သူများ
    တွေကိုပါအထိတ်တလန့်ဖြစ်အောင်လုပ်တယ်...

    ReplyDelete

Related Posts Plugin for WordPress, Blogger...

ShareThis