menu

Wednesday 18 January 2012

တိုက်တန်းနစ်သင်္ဘောနစ်မြုပ်မှု နှင့်တင်စားခံခဲ့ရသော အီတလီအပျော်စီးသင်္ဘောနစ်မြုပ်မှု


တိုက်တန်းနစ်သင်္ဘောနစ်မြုပ်မှုနှင့် နှိုင်းယှဉ်တင်စားခံခဲ့ရသော လူ ၄၂၀၀ လိုက်ပါလာသည့် အီတလီ အပျော်စီးသင်္ဘော တိမ်းမှောက်မှုတွင် သေဆုံးသူအရေအတွက်မှာ ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် ခုနစ်ဦးအထိ ရှိလာခဲ့ပြီး ၂၈ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
သင်္ဘောကိုစွန့်ခွာခဲ့မှုနှင့် လူသေစေမှုအတွက် သင်္ဘောကပ္ပတိန်မှာ စွပ်စွဲခံထားရပြီး နိုင်ငံတစ်ဝန်း ၀ိုင်းဝန်းဝေဖန်ပြစ်တင်မှုများကိုပါ ကြုံတွေ့နေရကြောင်း သိရသည်။

တစ်စတစ်စ ပိုမိုနစ်မြုပ်လာနေသော သင်္ဘောတွင်းသို့ ကယ်ဆယ်ရေး အဖွဲ့ဝင်များက ၁၇ ရက်နေ့အထိ ၀င်ရောက်ရှာဖွေနေဆဲဖြစ်သော်လည်း အသက်ရှင်ကျန်ရစ်သူများကို တွေ့ရှိရန်မှာ မျှော်လင့်ချက် နည်းသည်ထက် နည်းလာခဲ့ပြီဖြစ်ကြောင်း အီတလီကမ်းခြေစောင့်တပ်ဖွဲ့ အကြီးအကဲ မာကိုဘရက်စ်ကိုက ပြောကြားခဲ့သည်။
ကမ်းခြေစောင့်တပ် ရေငုပ်ကယ်ဆယ်ရေးအဖွဲ့ခွဲ၏ ခေါင်းဆောင် ရိုဒိုဖိုရေတာရီက''အထဲမှာ အခြေအနေက ဆိုးပါတယ်။ စင်္ကြံတွေက ပိတ်ဆို့နေတော့ ရေငုပ်တဲ့သူတွေ ၀င်ဖို့ခက်နေပါတယ်'' ဟု ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် သင်္ဘောမှာ ထပ်စောင်းသွားသောကြောင့် ခေတ္တရပ်နားခဲ့ရသေးပြီး လုံးဝနစ်မြုပ်သွားဖွယ်ရှိနေကာ အနီးရှိ ဂစ်ဂလီယိုမြို့၏ အပန်းဖြေကမ်း ရိုးတန်း သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်လာမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။
သင်္ဘောပိုင်ဆိုင်သည့် ကော်စတာခရုစ်ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သင်္ဘောကျောက်ဆောင်နှင့် တိုက်မိမှုတွင် ကပ္ပတိန်၏အမှားမှာ လက်မခံနိုင်ဖွယ်ရာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အီတလီအစိုးရ ရှေ့နေများကလည်း ကပ္ပတိန်ဖရန်ဆက်စကိုရှာနက်တိုနှင့် ပထမအရာရှိ ဆီရိုအမ်ဘရိုဆီယိုတို့ကို လူသေစေမှု ၊ ခရီးသည်အားလုံးကို မကယ်ဆယ်ရသေးမီ သင်္ဘောစွန့်ခွာမှု၊ သင်္ဘောတိမ်းမှောက်စေမှုတို့ဖြင့် စွဲချက်တင်ထားသည်။ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်သည်ဟု သိရသည်။
အီတလီနှင့် ဥရောပတစ်လွှားတွင်လည်း ရှာနက်တိုမှာ သူရဲဘောကြောင်သော ကပ္ပတိန်အဖြစ် ဝေဖန်ခံနေရကာ လူမှုရေးဝက်ဘ်ဆိုက် ဖေ့စ်ဘွတ်ခ်မှနေပြီး ကန့်ကွက်ရေး လှုပ်ရှားမှုများနှင့်ပါ ကြုံတွေ့နေရသည်ဟု သိရသည်။
b42_13_1
ရှာနက်တိုနှင့် ဆိပ်ကမ်းအရာရှိတစ်ဦးအကြား ဆက်သွယ်ပြောဆိုမှု အသံဖိုင်မှာလည်း ထွက်ပေါ်လာရာ ကပ္ပတိန်သည် သင်္ဘောကိုပြန်သွားပြီး ကွပ်ကဲရန် ငြင်းဆန်ခဲ့ကြောင်း ထင်ရှားလာခဲ့သည်။
ကော်စတာကွန်ကော်ဒီးယား သင်္ဘောသည် ခရီးသည် ၃၀၀၀ ကျော်၊ ရေယာဉ်အမှုထမ်း ၁၀၀၀ ကျော်ဖြင့် ခုနစ်ရက်ကြာခရီးကို ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံ မာဆေးနှင့် စပိန်နိုင်ငံ ဘာစီလိုနာသို့ဝင်ရန် စီစဉ်ထားခြင်းဖြစ်သော်လည်း ပထမဆုံးနေ့ ညစာစားပွဲကျင်းပနေချိန်တွင် ရေအောက်ကျောက်တန်းကို တိုက်မိခြင်းဖြစ်သည်။
ထွက်ပေါ်လာသည့် သတင်းများအရ ကပ္ပတိန်သည် ဂစ်ဂလီယိုကျွန်းသား စားပွဲထိုးချုပ်ကို ဂုဏ်ပြုလိုသောကြောင့် ကျွန်းနားကပ် မောင်းပြခဲ့သည်ဟုဆိုသည်။ စားပွဲထိုးချုပ်က ကျွန်းနှင့် အရမ်းကပ်နေကြောင်း သတိပေးခဲ့သေးသည်ဟု ဆိုသည်။
ကျွန်းမှဒေသခံများ၏ ပြောကြားချက်အရလည်း သင်္ဘောသည် ကျွန်းနှင့်အလွန်နီးကပ်စွာ မောင်းနှင်လာပြီး ကျောင်းကျောက်ဆောင်ဟု ထင်ရှားသည့် ကျောက်တန်းများကို ၀င်တိုက်မိခြင်းဖြစ်သည်ဟု သိရသည်။ သင်္ဘောတွင် လောင်စာဆီ ၂၃၈၀ တန်မျှပါလာခဲ့ရာ ယင်းလောင်စာများ ယိုစိမ့်မည်စိုးသောကြောင့် ကာကွယ်မှုများလည်း ပြုလုပ်ထားရသည်ဟု သိရသည်။
ကော်စတာကွန်ကော်ဒီးယား
  • ၂၀၀၆ ခုနှစ်တွင် စတင်ရေချ
  • ကွန်ကော်ဒီးယားမှာ အင်္ဂလိပ်ဘာသာဖြင့် Concord ဟု အဓိပ္ပာယ်ရပြီး စည်းချက်ညီမှု၊ သဟဇာတ ဖြစ်မှုဆိုသော အနက်ရ
  • ဂျီနိုအာသင်္ဘောကျင်းတွင် တည်ဆောက်
  • ခရီးသည် ၃၇၀၀ နှင့် ရေယာဉ်အမှုထမ်း ၁၁၀၀ အထိ တင်ဆောင်နိုင်
  • အလေးချိန် ၁၁၄၅၀၀ တန်
  • အရှည် ၉၅၁ ပေ
  • အမြင့်ဆုံး အမြန်နှုန်းရေမိုင် ၂၃ မိုင်
  • အခန်း ၁၅၀၀
  • တည်ဆောက်ချိန်တွင် အီတလီ၏အကြီးဆုံး အပျော်စီးသင်္ဘောဖြစ်ခဲ့
  • မတော်တဆမှုမှာ အနောက်တိုင်းအယူအဆအရ ကံမကောင်းတတ်သောနေ့ဟုမှတ်ယူသော သောကြာ ၁၃ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့
  • စားသောက်ဆိုင် ၅ ခု၊ အရက်ခန်း ၁၃ ခု၊ ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံ၊ ကာစီနို၊ ဒစ္စကိုခန်းမ၊ စာကြည့်တိုက်၊ ရှော့ပင်းစင်တာ၊ ဖော်မြူလာဝမ်း အစမ်းမောင်းနှင်နိုင်သည့်လမ်းမ၊ အားကစားနှင့်ကြံ့ခိုင်ရေး ခန်းမများပါရှိ
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis