menu

Wednesday 18 January 2012

BBC မြန်မာပိုင်းအစီအစဉ် အယ်ဒီတာ ဦးမင်းထက်ကိုနှင့်တွေ့ဆုံခြင်း



ဦးမင်းထက်ကို ရန်ကုန်မြို့၌ တွေ့ရစဉ်။

* ဘီဘီစီမြန်မာပိုင်း အစီအစဉ်အနေနဲ့ သတင်းယူတဲ့အခါမှာ အရင်တုန်းက ဘယ်လိုအနေအထားတွေ ရှိခဲ့ပါသလဲ။
အရင်အစိုးရလက်ထက်မှာ နိုင်ငံခြား မီဒီယာတွေကိုသံသယနဲ့ တောက်လျှောက် ဆက်ဆံတဲ့ သဘောရှိတယ်။ ဒီကိုလာ ခွင့်တောင်း ရင်လည်း မပေးကို မပေးတဲ့ အဆင့်ထိရှိတယ်။ တစ်ကြိမ် နှစ်ကြိမ် လောက်ပိုင်း ဘန်ကောက်မှာရှိတဲ့သူတွေကို ပြည်တွင်းက မူးယစ်ဆေး ဖျက်ဆီးတဲ့ ပွဲတွေ၊ တပ်မတော်နေ့တို့ကို ဖိတ်ဖူးတယ်။ ဖိတ်တယ် ဆိုရင်လည်း အဲဒီပွဲကို ပဲလာရတာ။ တခြားဘယ်သတင်းမှ လိုက်လို့ မရဘူး။

* အဝေးကနေ သတင်းယူရတဲ့အတွက် ဘယ်လိုအခက်အခဲတွေ ရှိခဲ့ပါ သလဲ။
အဝေးက သတင်းယူတဲ့အခါမှာ မှန်ကန်ဖို့ အရေးကြီးပါတယ်။ ဘီဘီစီမှာ တိတိကျကျသတ်မှတ်ချက်တွေ ရှိပါ တယ်။ ပြည်တွင်းမှာဖြစ်နေတဲ့ အခြေအနေမျိုးကို အဝေးကနေလုပ်ရတဲ့အခါကျတော့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး သက်ဆိုင်တဲ့ကာယကံရှင်ကို မေးရတယ်။ အစိုးရပိုင်းကို ဆက်သွယ်တဲ့အခါ ကျတော့လည်း သူတို့က မပြောချင်ကြဘူး။ ကျွန်တော်တို့ဘက်က အာမခံချက် ပေးပေမယ့်လည်း သူတို့ပြည်တွင်း မှာ နေရတဲ့အခါကျတော့ စိုးရိမ်မှုတွေကကြီးတယ်။ အခုလိုမျိုး လာခွင့်မရတဲ့အတွက်ကြောင့် တကယ်တမ်းဖြစ်နေတဲ့အခါကျရင် သတင်းက နောက်ကျနေတာမျိုး၊ ကာယကံရှင်အတိအကျနဲ့ မေးခွင့်မရတာမျိုးတွေ ရှိတာပေါ့။ အစိုးရနဲ့ တိုက်ရိုက်ဆက်သွယ်ခွင့် မရရင် အစိုးရနဲ့ နီးစပ်တဲ့သူတွေ၊ သူတို့က ပြောနေတဲ့ သူတွေကို မေးရတာပေါ့။ တစ်ခါတလေ ကျွန်တော်တို့ စည်းမျဉ်းအရ ထုတ်ဖော် မပြောပေမယ့် သတင်းတစ်ခုလုံးကို နားလည်ဖို့အတွက် အထောက် အကူဖြစ်ပါတယ်။
* အခုလက်ရှိ သတင်းရယူတဲ့အခါမှာရော အနေအထားက ဘယ်လိုရှိပါသလဲ။
အခုတော့ အဲဒါတွေကနည်းနည်း ပြောင်းလဲလာပြီ။ အခုကျွန်တော်ကိုယ်တိုင် ဒီကိုရောက်လာတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး လာတုန်းက တစ်ကြိမ်၊ ဗြိတိသျှဝန်ကြီးလာတော့လည်း သတင်းယူခွင့်ရတယ်။ အခုလမ်းမှာ လျှောက်သွားရင်လူတွေနဲ့ လွတ်လွတ် လပ်လပ်မေးလို့ရတယ်။ လူတွေကလည်း ကြောက်ရွံ့စိုးရိမ်နေတာ မရှိသလောက် ဖြစ်နေတယ်။ သတင်းယူတဲ့ ဧရိယာကို ကိုယ်တိုင် လာပြီးတော့ အဲဒီမှာရှိတဲ့သူတွေနဲ့ပြောခွင့်ဆိုခွင့် သတင်းယူခွင့်လိုတာပေါ့။ အဲလိုမှသတင်းဖြစ်တဲ့နေရာ သတင်းဖြစ်တဲ့သူတွေနဲ့၊ အစိုးရအရာရှိကြီးတွေ သူတို့နဲ့တွေ့ခွင့်ရဖို့၊ သူတို့ဆီက အမြင်တွေရဖို့၊ သာမန်သူတွေရဲ့ အမြင်သဘောထားတွေရဖို့ လိုတယ်။
* လက်ရှိ ပြည်တွင်းမီဒီယာလောကကို ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ပြည်တွင်းမီဒီယာအနေအထားက တော်တော်လေးတော့ တိုးတက်တယ်လို့ ပြောလို့ရတယ်။ လူငယ်တွေအများကြီး သတင်းလုပ်ငန်း ကို ၀င်လာတာကို တွေ့ရတယ်။ အရေအတွက်တော့ တော်တော်လေး များလာတယ်။ အရည်အချင်းပိုင်းလည်း နည်းနည်းလေးပိုပြီး တက်လာဖို့ လိုတယ်။ အတွေ့အကြုံရှိတဲ့ စီနီယာသမားတွေက အငယ်တွေကို မျှဝေဖို့၊ ဆွဲခေါ်ဖို့ လိုတယ်။ လူငယ်တွေအနေနဲ့ Role Model ကောင်းကောင်းလိုတယ်။ သိပ်များလာတဲ့အခါကျတော့ သတင်းကို ပြုံကြစုကြလိုက်ကြရင်းနဲ့ အရည်အချင်း ပိုင်းမှာနည်းနည်း လေးပိုပြီး လုပ်ကြရင် နည်းနည်းလေး ပိုပြီးကောင်းမှာပေါ့။ ကျွန်တော်ထင်ပါတယ်။ အရေအတွက်တွေ တဖြည်းဖြည်း များလာရာ ကနေ စုပြီးတော့မှ ပိုပြီးတိုးတက်တဲ့အပိုင်းကို ရောက်သွားမှာပဲ။
* မီဒီယာဥပဒေ ရေးဆွဲတော့မယ့် အပေါ်မှာ ဘယ်လိုအကြံပြုချင်ပါသလဲ။
မီဒီယာဥပဒေနဲ့ပတ်သက်ပြီး စီနီယာ အယ်ဒီတာကြီးတွေကို စကားပြောတဲ့အခါမှာ ဘာကြောင့် ဒီမီဒီယာဥပဒေကို လုပ်မှာလဲပေါ့။ တကယ်တမ်းရည်ရွယ်ချက်က မီဒီယာကိုဖွံ့ဖြိုးတိုးတက် ဖို့ဆိုရင် မီဒီယာဥပဒေမှာလည်း ဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူပြု မယ့်အပိုင်းတွေ ပါသင့်တာပေါ့။ တမင်သက်သက် ကန့်သတ်ဖို့တွေ၊ ထိန်းချုပ်ဖို့တွေနဲ့ ဆင်ဆာမရှိတော့ဘဲနဲ့ တခြားတစ်နည်းတွေနဲ့ ပိုပြီး တော့ ထိန်းချုပ်လာမှာကိုလည်း စိုးရိမ်တာရှိတယ်။ နှစ်ဘက်စလုံးက ပြောစကားတွေကို နားထောင်ပြီးတော့ မီဒီယာသမား တွေရဲ့ပြောချက်ကိုလည်း ပယ်ချဖို့မလိုသလို မီဒီယာသမားတွေကလည်း အခုလောလောဆယ်အနေအထားမှာ အထိန်းအကွပ် လိုအပ်တယ်လို့ ယူဆပြီး လက်ခံနိုင်ဖို့ လိုတယ်။
* နောင်မှာ ဘီဘီစီသတင်းဌာနအနေနဲ့ လွတ်လွတ်လပ်လပ် လာရောက်ပြီး သတင်းယူခွင့်ရမယ်လို့ မျှော်လင့်ပါသလား။
အခုလောလောဆယ်အချိန်မှာတော့ လူကြီးဧည့်သည်တွေလာတဲ့အချိန်ကျရင် လာခွင့်ပေးတယ်။ တချို့လည်းပဲ ပေးတာမျိုးတွေ ရှိပါတယ်။ ကျွန်တော်တို့ ဆီကသူတွေ နေပြည်တော်မှာ သတင်း လာယူဖို့ သွားတာတွေ ရှိခဲ့ဖူးပါတယ်။ ဒါနှစ်ဖက်ယုံကြည်မှုပါပဲ။ သူတို့ဘက်ကလည်း ကျွန်တော်တို့က ရိုးရိုးသားသား သတင်းယူချင်တယ်ဆိုတာ ဒီအချိန်မှာ မြင်သွားရင် တိုင်းပြည်အတွက်လည်း ကောင်းတယ်။ သူတို့အတွက်လည်း ကောင်းတယ်ဆိုတဲ့စိတ်မျိုးတွေ ရှိသွားရင် ပိုကောင်းနိုင်တယ်။ ကျွန်တော်တို့က တစ်ချိန်လုံး ကြိုးစားနေတာပဲ။ နောက်ဆုံးမျှော်လင့်ချက်က ဒီမှာ ကိုယ်တိုင်လာပြီး သတင်းထောက်ထားပြီး ရုံးဖွင့်မယ်ပေါ့။ ကျွန်တော်တို့က မြန်မာနိုင်ငံသတင်း ယူပြီး တင်ပြနေတာလေ။ သူတို့ အင်္ဂလိပ်တွေလည်း လာကြတယ်။ နိုင်ငံသားတွေလောက် မြန်မာနိုင်ငံအကြောင်း သိချင်မှလည်း သိမယ်။ ကျွန်တော်တို့သာ ဒီမှာလာပြီးသတင်းရယူနိုင်မယ်ဆိုရင် နိုင်ငံအတွက်လည်း ကောင်းမယ်၊ နောက်ပြီး ဘီဘီစီ အင်္ဂလိပ်ပိုင်း အစီအစဉ်တွေ အတွက်လည်း သတင်းတွေတင်ပြနိုင်မယ်။ ကျွန်တော်ကတော့ ဖြစ်လာပါစေလို့ မျှော်လင့်ပါတယ်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis