menu

Wednesday 18 January 2012

အိမ်ကလေး-၂ (နေ၀င်းမြင့်)

ရွာကိုလွန်ပြီးမှ ဆိုက်ကပ်သော ပြည် ကူးတို့သင်္ဘောက နေ့ခင်းတချက်၊ နှစ်ချက်လောက်မှ ဆိုက်တတ်သည်။ သဲပူပူကို ခြေမျက်စိမြုပ်အောင် ရုန်းတတ်ပြီးမှ ကမ်းပါးထိပ်ကို ရောက်ရသည်။ ကမ်းပါးထိပ်မှာ ဘာမှမရှိ။ အဝေးက သစ်စိမ်းညို့ညို့ရွာကို လှမ်းငေးရုံသာ။ ရွာဘက်ကို သင်္ဘောကြုံ စောင့်ပို့တတ်သော ပဲ့ထောင်ကလေးတွေ ရှိတတ်သော်လည်း သင်္ဘောဆင်း ရွာခရီးသည်တွေက မစီးတာ များပါသည်။

သူတို့က ဖြစ်နိုင်ခြေများသည်ကို ငွေကြေးဖြင့် လဲလှယ်ယူုကြသူ တွေမဟုတ်။ ပါလာသမျှ အထုပ်ခေါင်းပေါ် သုံးလေးဆင့် တင်မည်။ တချို့ကို ခါးထစ်ခွင်မည်။ တချို့ကို လက်မှာချိတ် မည်။ ပစ္စည်းနည်းသူက များသူကိုကူမည်။ ဤသို့အားဖြင့် ရွာဘက်ကို လျှောက်ကြမည်။ သင်္ဘောဆိပ်နှင့်ရွာက အမြင် နီးသော်လည်း ခရီးဝေးသည့်တောင် ဆိုသလို ဖြစ်နေသည်။ ရွာကို နောက်ထပ် သွားနိုင်သည့်ယာဉ်မှာ လှည်းကြမ်းဖြစ် ၏။ သင်္ဘောဆိပ်နားကရွာမှာ လှည်းကြမ်း ငှားနိုင်သည်။ သို့သော် လှည်းကြမ်းငှားရမည့်ရွာထဲ ဝင်ဖို့ကလည်း မနီးလှ၊ ဝေး၏။
“ဦးလေး လှည်းငှားမလား”
ကလေးတယောက်က လာမေးလိမ့်မည်။ ငှားမည်ဆိုလျှင် သူ့ကိုမုန့်ဖိုး ၅ဝ၊ ၁ဝဝ ပေးရမည်။ သူကလေးက ရွာဘက်ကို ပြေးမည်။ လှည်းအခွံတစီးဖြင့် သူပါ လိုက်လာမည်။ ထိုအခါ သူ့အတွက် ဝန်ဆောင်ခပေးရမည်။ လှည်းသမားကလည်း သုံးလေးရာမှ လူနှင့်ပစ္စည်းကို ကြည့်၍ ငါးရာ၊ ခြောက်ရာ တောင်းနိုင်သည်။ ကျနော်ကတော့ ငှားရသည်သာ။ သဲပူပူ သစ်ပင်မဲ့လမ်းကို တနာရီခွဲလောက် ကျနော် မလျှောက်နိုင်။ ကိုယ်တိုင် တောသားဖြစ်သည့် ကျနော့်မှာ မြို့ပြအပွေး တက်နေပြီ။ တမှတ်တိုင်စာလောက်ကို ဘတ်စ်ကားစောင့်စီးတတ်သော သိမ်ဖျင်း ဖျင်း ခြေထောက်တွေက အကျင့်ပါနေပြီ။ ဤသို့အားဖြင့် လှည်းသမား ကိုကျောင်းမာင်နှင့် ကျနော် လှည်းပေါ်မှာ မိတ်ဆွေဖြစ်ခွင့်ရပြီ။
“တခြား စီးပွားရေး ဘာလုပ်သေးလဲ”
“ဘာလုပ်လိမ့်မလဲ”
သူ့အဖြေကို ကျနော် သဘောကျသည်။ ဘာလုပ်လိမ့်မလဲ။ သည်စကားစုထဲမှာ အဓိပ္ပာယ်တွေ အများကြီးပါသည်။ လှည်းခက ထမင်းစားဖို့လောက်သည်ဆိုသည့် သဘောပါသည်။ တခြားစီးပွားရေး မလုပ်တတ်ပါဘူးဗျာဆိုသည့် သဘောလည်း ပါသည်။ ဒါ အလုပ်မဟုတ်ဘူးလားဗျ။ တခြား လုပ်စရာလိုလို့လားဆိုသည့် အငေါ်တူးသံကလေးလည်း ပါလောက်သည်။
“လှည်းက နေ့တိုင်း လိုက်ရသလား”
“ဘာလွတ်လိမ့်မတုံး”
နေ့တိုင်းလိုက်ရသည်ဟု ဆိုတာလား။ သူ့ဖြေပုံက တုံးတိတိနိုင်သော်ငြား မျက်နှာက ပြုံးနေသည်။ လှည်းက ကမှု က ကျင်းတွေကို ရုန်းနေသည်။ နေကတော့ ပူချစ်ချစ်။ အနိမ့်ပိုင်းမှာတော့ မြစ်ရေတိမ်တိမ်ကို မြင်နေရသည်။ ကြက်ဆူပင် တောကြားက လှည်းလမ်းက ကန့်သတ်မှုအကျဉ်းအကျပ်ထဲ ညပ်နေသည်။ ကိုကျောင်းမောင်းက ကျနော် သွားမည့် ရွာကအပြန် ထန်းလက် တိုက်ရမည်ဟု ပြောသည်။
ပဲမှော်တိုက်ဆိုသည်က နှစ်ထပ်အိမ်တမျိုး ဖြစ်သည်။ နွားစာတွေ အပေါ်ဆင့်မှထားကာ နွားလွတ်အောင် မြှင့်ဆောက် ထားတော့ အောက်မှာ နွားထားနိုင်သည်။ နွားစာရှားပါးသည့် အရပ်၊ ရေဝင်သည့်အရပ်ဆိုတော့ တနှစ်တာ ယာထဲ ကိုင်းထဲက ထွက်သည့် ပဲမှော်ရိုး၊ ပဲမှော်ခွံ၊ ပြောင်းရိုး စသဖြင့် စုထားရ သည်။ လူစာက ရှာလို့ရသော်ငြား ကျွဲစာ၊ နွားစာက မရနိုင်။ အိမ်အတွက်ရော ပဲမှော်တိုက်အတွက်ပါဆိုလျှင် သစ်၊ ဝါး၊ ထန်းလက်၊ လက်ခ မသက်သာမှာတွေ ပြောနေသည်။
“တော်တော်ကုန်မှာပဲဗျ”
“ရော်…ဆရာလေးနှယ် ဘာကလိမ့်မတုံး”
ကျနော့်စိတ်က တွက်ထားသည့် ငွေကြေးပမာဏကို သူမသိဘဲ ဘာကလိမ့်မတုံးဟု ဆိုနေသည်။ တနည်းအားဖြင့် လျှော့ တွက်ရန် ကောဆိုသည့်သဘော။ ကျနော်ပြုံးတော့ သူကလည်း ပြုံးလေ၏။ ခင်ဗျား သဘောပေါက်သားပဲဆို သည့်အ ပြုံး။ သည်လိုနှင့် ကြက်ဆူတောကြားက လှည်းလမ်းသည် မြင်ကွင်းကျယ်ထဲ ရောက်လာသည်။ ဗာဂျီးနီးယား ဆေးခင်း များ။ ပွယောင်းယောင်း ဆေးရွက်စိမ်းများပေါ်မှာ ဖုန်တွေတင်နေသည်။ ဆေးခင်းတွေကလည်း တမျှော်တခေါ်ပါပဲ။ လှည်းက မြစ်ဘက်ကို ဆင်းသည့် ချောင်းစောက်၊ မြောင်းစောက်တွေကို ကျော်သည်။ နိမ့်လိုက်၊ မြင့်လိုက်။ ရွာဝင်ခါနီး မှာ ဘယ်သူ့အိမ်သွားမှာလဲလို့ မေးသည်။
“ရွာမြောက်ဘက်က ကြီးတော်ငွေကြည်တို့ အိမ် သိသလား”
“ဘာလွဲလိမ့်မတုံး”
ဟန်တော့ကျသည်။ ကျနော် ရွာမရောက်တာ လေးငါးနှစ်တော့ ရှိလိမ့်မည်။ မနှစ်က ကြီးတော်တို့အိမ်ကလေး အပါအဝင် ရွာထဲ မြစ်ရေဝင်သည်ဟု ဆိုသည်။ ရေက နှစ်စဉ်ဝင်တာတော့ မဟုတ်။ မြစ်ရေတော်တော်ကလေးကြီးမှ ဝင်တတ် ခြင်းဖြစ်သည်။ ရွာက မြစ်ရေဝင်တော့ဒုက္ခ ရောက်ကြသော်လည်း မြစ်ရေကို မျှော်ကြရမြဲ။ မြစ်ရေဝင်မှ ယာတဲကိုင်းထဲ မြေနုသစ်ကျန်သည်။ သဘာဝတရားကပေးသည့် နုန်းတင်မြေနုက အဖိုးတန်သည်။ ဒုက္ခနှင့်ရင်းရသည့် သုခ။ လှည်းက ကြီးတော်တို့ဝိုင်း တိုက်ကလေးရှေ့မှာ ကျွိခနဲ ရပ်သည်။ ကျနော်တို့ လှည်းပေါ်ကဆင်းကာ ဝန်စည်စလယ်က လေး တွေချရင်း ကွင်းပြန့် ပဲတလင်းကို ဖြတ်သည်။ ပဲတလင်းထဲမှာ ပဲရိုးတွေ အပြန့်ကျယ်ကျယ် ဖြန့်ထားသည်။ ဘေးမှာတော့ မြေပဲတောင့် ပုံကလေး။ ကျနော်က ထန်းလက် တံစက်မြိတ်ကို ငုံ့လိုက်ပြီး အသံပေးတော့မှ ကြီးတော်က ငေါက်ခနဲ ထထိုင်သည်။
“ဟောတော်…. မပြောမဆိုတော်၊ ဘာနဲ့ လာတုံး၊ ပြည်ကူးတို့လား၊ မော်တော်ကြုံလား”
မော်တော်ကြုံဆိုတာက ဖောင်ဆွဲသစ်မော်တော် အကြုံကို ပြောခြင်းဖြစ်သည်။ ကြီးတော်၏ သမီးတွေကတော့ မရှိ။ ပုန်းမကြည်တင် အတင်သွားကြသည် ဆို၏။ အိမ်ကလေးထဲမှာ ဘယ်သူမှမရှိ။ ကြီးတော်နှင့် ကျနော်သာ ရှိသည်။ အိမ် ထရံတွေက ဟောင်းမြင်းလွန်းနေပြီ။ အရှေ့ဘက်ထရံက နွားတဝင်စာလောက်ကို ပွင့်လျက်။ ကျပ်ခိုးမှိုင်းတွေသည်း ထနေသည့် နောက်ဖေးဘက်က မီးခိုးငွေ့ကလေး တက်နေတာ မြင်ရသည်။ ရေညှိတက် သောက်ရေအိုးထဲက ရေကို ခပ်သောက်တော့ ကြီးတော်က အားနာဟန်တူ၏။ ကူနီနတ်ပွဲကျတော့မှ အိုးဝယ်ရမယ်လို့ စကားဖာသည်။ အောက်ထပ် ခါးပန်းမှာတော့ သောက်ရေသန့်ဘူးဟောင်းများ ချိတ်ထားတာ ပလုံစီနေ၏။ ပိုးသတ်ဆေးတွေ ဖြစ်လိမ့်မည်။
“သည်နှစ် ပဲရသားပဲ၊ ကြက်သွန်ကော”
“မဥလှဘူး ငါ့တူရဲ့၊ မျိုးဈေးကြီး မိထားပြီးရောင်းတော့ ဈေးထိုးကျလို့ သည်နှစ် မဟန်ဘူး၊ ခွက်ခွက်ကို လန်ရော”
ကျနော်က ပါလာသည့်မုန့်တွေ ချကျွေးသည်။ ကြီးတော်ကသည်တော့မှ လွမ်းလွန်းလို့ဆိုကာ ငိုလေသည်။ ကြီးတော်က ပါးပါးလျားလျားကလေး ဖြစ်သည်။ ဆံထုံးကလေးက တမာသီးလောက်ရှိကာ မျက်နှာကလေးက ဥသျှစ်သီး လေး လောက် ရှိသည်။ ကွပ်ပျစ်ကြီးပေါ်မှာ ငုတ်တုတ်ကလေးထိုင်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောတော့သည်။ အိမ်ခါး ပန်းပြားမှာ မြေဖြူရာတွေ ရှိသည်။ သမက်ဖြစ်သူ ရေးထားပုံရသည်။ ဘုရားပွဲရက်၊ ကြက်သွန်ပျိုးရက်၊ ထန်းလက်တိုက် သည့်ရက်၊ ဘက်ထရီအိုးဝယ်သည့် ရက်စွဲများဖြစ်သည်။ ကြီးတော်က အိမ်ဝ “ဧခုတင်” ကြီးပေါ် ပစ်လှဲလိုက်သံကြား တော့ အားနာသွားဟန်တူသည်။
“ဖုန်တွေမဟုတ်လား ငါ့တူရဲ့၊ နေပါဦး ခင်မာတို့ လာပါလိမ့်မယ်၊ သည်နှစ် အိမ်ပြင်မှာ ကြက်သွန်ဈေးကလေး “မာ” မ လား စောင့်နေတာ”
သည်နှစ် အိမ်ပြင်မှာဆိုသော်လည်း ကြက်သွန်ဈေးကောင်းပါမှလို့ စကားခံထားတော့ မပြင်ဖြစ်တော့မှာ သေချာနေ သည်။ ကျနော်က ဘာမှပြောမနေတော့ဘဲ ဧခုတင်ပေါ်က လူးလဲထကာ ဝိုင်းထဲလျှောက်လာခဲ့သည်။ ဝိုင်းကလေးက မကျယ်ပါ။ ဖို့ထားသည့် ကုန်းမြင့်ကလေးပေါ်မှာ ပဲမှော်တိုက် ရှိသည်။ နွားနှစ်ကောင်က စားကျင်းကို နှုတ်သီးနှင့် ပွတ်နေ သည်။ ပဲပြန့်တလင်းရှေ့က ကြည့်တော့မှ ကြီးတော်အိမ်ကလေးက ဟောင်းနွမ်းလွန်းနေတာ သတိထားမိသည်။ ထန်း လက် တံစက်မြိတ်ပေါ်က မြင်ရသော အိမ်အပေါ်ထပ်မှာ ဘဲဥပုံ စားပွဲဟောင်းတလုံး အစွန်းထွက်နေသည်။ ရှေးက ချမ်း သာခဲ့ဖူးကြောင့် ဂုဏ်ရည်ပြ စားပွဲကလေး။ အရောင်တင်ဆီ မရှိတော့ သစ်သားခြောက်ရောင်မှာ ဖုန်ချိုးတွေ တက်နေ သည်။ အခုတော့လည်း သည်စားပွဲလေးအတွက် မအပ်မစပ်နေရာတခုကို ရောက်နေရသလို။
“ကြီးတော်တို့က ခုံမင်းကြီးမျိုးတွေ၊ သိပ်ချမ်းသာတာ၊ အမေတို့ပြောတာတော့ မြို့ကို ခုံမင်းကြီးက မြင်းနဲ့ ရုံးတက်တာတဲ့၊ နှုတ်ခမ်းမွေးကြီးနဲ့ မျက်နှာထားတင်းတင်းကြီးနဲ့ဆိုတော့ သူ မြင်းကြီးစီးလာတာမြင်ရင် ပုန်းနေကြရသတဲ့”
ကြီးတော် မကြာခဏ ပြောပြတတ်သောစကား ဖြစ်သည်။ သည်စားပွဲကလေးက ခုံမင်းကြီး၏ ဘဝတစိတ်တဒေသနှင့် ပတ်သက်နေသည်လား။ လက်ရာက ဥရောပဆန်သည်။ ကနုတ်ကွေးတွေ ဓနုတ်ပေါက်တွေ မပါသည့် လက်ရာဖြစ် သည်။ ကျနော်တို့ ရွာကလေးထိပ်က ဘုန်းကြီးကျောင်းထဲမှာ ပိဋကတ်တိုက်ဟောင်း တတိုက်ရှိသည်။ အတွင်းမှာ ဟာ လာဟင်းလင်း။ တခြမ်းက မီးလောင်ထားသည်။ ဒါကလည်း ဗိသုကာဟန်က ဥရောပဟန် ဖြစ်သည်။ ကမ္ဘာလုံးပေါ် ခြူး နှစ်ကောင် မတ်တတ်ရပ်နေပုံတွေပါသည်။ “ခုံမင်းကြီး ဦးသာဖန်၊ ခုံမင်းကြီးကတော် ဒေါ်စိမ်းညက် ကောင်းမှု”။
ကျနော်က အိမ်ကို တပတ် ပတ်ကြည့်သည်။ ထန်းလက်မိုး မီးဖိုချောင်ကလေးက အိမ်နှင့်တွဲထားသည်။ မီးဖိုက ထွက် လျှင် ကြီးတော်အိပ်သည့် ခုတင်ကလေးနား ရောက်သည်။ သည်ကမှ အိမ်အပြင်ကိုထန်းလက်တံစက်မြိတ်က ငုံ့ထွက် နိုင်သည်။ ဘေးက သစ်သားခုံကလေးမှာ ကက်ဆက်ဟောင်းတလုံး ရှိ၏။ ကက်ဆက်ခွေ အိမ်အဖုံး ကွာနေသည်၊ ဘက် ထရီအိုးဟောင်း နှစ်လုံးရှိသည်။ ဆောင်းဘောက်ကလေး နှစ်လုံး။ ခေါင်းရင်း ထရံမှာတော့ မဟာမုနိပုံတော်ကို နှီးပြား ကြီးများသုံးကာ ညှပ်ထားသည်။
ပရိဘောဂ မရှိ။ စားပွဲကြီးကလည်း တာဝန်တော်တော်များများ ယူထားရသည်။ သည်ပေါ်မှာပဲ ထမင်းစားကြသည်။ သည်ပေါ်မှာပဲ ဟင်းသီးဟင်းရွက် လှီးကြ ချွတ်ကြသည်။ သည်ပေါ်မှာပဲ ဧည့်သည်ကို ဧည့်ခံသည်။ စားပွဲကြီးပေါ်မှာ ဓာတ်ဘူးဟောင်းတလုံး ရှိသည်။ ငါးသေတ္တာဘူးခွံ ဆေးလိပ်ခွက် ရှိသည်။ ဂက်စ်မီးခြစ်ဟောင်းတလုံးရှိသည်။ ညစ်ပေ ပေ လက်သုတ်ပဝါတထည် ရှိသည်။ ဆီခြောက်ခြောက် လက်ဖက်အစ်ကလေးတအစ်ရှိသည်။ ရေနွေးကြမ်းခွက်တွေကတော့ အချိုပန်းကန်ဟောင်း ကိုင်းကျိုးတွေ။ စားပွဲကြီးနှင့်တွဲလျက်က ခုံတန်းရှည်ကြီးတလုံး ဖြစ်၏။ ညာဘက် လက်တင်ပေါ်မှာ ပုဆိုးစုတ်တထည် ရှိနေတာက နေ့လယ်နေ့ခင်းအိပ်လျှင် ခေါင်းခုစရာ ဖြစ်သည်။
“ရွာထဲ မီးလန့်တော့ ကြီးတော်မှာ နေစရာမရှိဘူး၊ မီးတဲ့…မီးတဲ့ဆိုတော့ ဟဲ့…ဘယ်မှာတုန်းမေးတော့လည်း မရဘူး၊ ရွာ ထဲမှာလည်း ပဲသိမ်းချိန်ဆိုတော့ လူက ရွာထဲမှာ ဘယ်သူမှ မရှိသလောက်ပဲ၊ ဖြစ်ချင်တော့ သမီးတွေကလည်း ခရမ်း ချည်ဆွတ်သွားနေကြတာ၊ ကြီးတော်တယောက်တည်းရယ်”
ကြီးတော်က ဧခုတင်ကြီးပေါ် ဒူးကလေးနှစ်လုံးထောင်အိပ်ရင်းက ကျနော်ကြားအောင် ပြောနေခြင်းဖြစ်သည်။ ထိုနေ့ ကအကြောင်းကို ကြီးတော်က ရင်တုန်ပန်းတုန် ပြောပြနေသေးသည်။ နွားတွေပဲ သွားဖြုတ်ပေးရမှာလား၊ ရှိသမျှ ပစ္စည်း ကလေး ထုတ်ရသိမ်းရမှာလား။ ကိုယ်လွတ်ရုန်း ပြေးရမှာလား။ ရွာထဲမှာ လောင်စာတွေချည်း။ ရွာအိမ်ကလေးတွေက လည်း ကြွပ်ရွနေကြသည့် အိမ်ကလေးတွေ။ မြစ်နှင့်နီးသော်လည်း ရေရှားသည့်ရွာ။ မီးကို မမြင်ရသော်လည်း လူတွေ အော်ဟစ်ပြေးလွှားနေကြတာ ကြားနေရသည်။
“ကြီးတော် ဘယ်လိုလုပ်သလဲ”
“ကြီးတော်မှ ထင်းချောင်းလောက်ရှိတာ၊ ဘာသယ်နိုင်ပြုနိုင်မှာတုံး၊ သည်တော့ အိမ်ကလေးထဲ ပေနေလိုက်တာပဲ၊ လောင်ချင်လည်း လောင်ပစေတော့လို့”
ကျနော်က ကြီးတော်ခုတင်နား သွားထိုင်သည်။ ကြီးတော်၏လက်ကလေးတွေကို ဆုပ်ချေပေးနေမိသည်။ ကြီးတော်က အမွေးအတောင်နုတ်ထားသည့် ငုံးပိန်ကလေးတကောင်နှင့်ပင် တူနေ၏။ သည်အိမ် ဘာအရေးကြီးသလဲ။ ပြေးရောပေါ့၊ လွတ်ရာလွတ်ကြောင်းရှာရောပေါ့လို့ ကျနော် မပြောမိ။ သည်အိမ်ကလေးကိုပစ်ပြီး ဘယ်ကိုမှ သွားမှာမဟုတ်တာ ကျနော် သိပါသည်။ သည်အိမ်ကလေးထဲမှာ နှစ်ပေါင်းများစွာနေခဲ့သည်။ ကျနော်မှတ်မိ သလောက် သည်အိမ်ကလေး မှာပဲ ကြီးတော်ကြီးပြင်းခဲ့သည်။ ကျနော်တို့ငယ်ငယ်က သည်အိမ်မှာပဲ နေခဲ့ရသည်။ အမေတို့က အဝေး မြို့မှာ။ ကြီး တော်၏ နွားသုံးလေးကောင်ကို ကျနော် ကျောင်းခဲ့ရသည်။
ကျနော် နွားကျောင်းက ပြန်လာလျှင် ကြီးတော်က တောထမင်းတောဟင်းကလေးတွေ ကျွေးနေကျ။ ထန်းလက် တံ စက်မြိတ်ကလေးရှေ့မှာက စဥ့်အိုးကရေနှင့် မျက်နှာသစ်ရသည်။ ရေချိုးရသည်။ ပန်းကန်ခွက်ယောက် ဆေးရသည်။ ခေါင်းရင်းခုတင်ကြီးပေါ်မှာ ဂျိုးဂျိုးဂျွမ်းဂျွမ်းအိပ်ရသည်။ အိမ်ကလေးက ဘယ်နှစ်ပင် ဘယ်နှစ်ခန်းရယ်လို့ ပြောဖို့ခက် သည်။ လေးထောင့်လည်း ပါသည်။ အလုံးလည်း ပါသည်။
ကြီးတော်က အိမ်ကလေးကို သံယောဇဉ်ကြီးသည်။ ကျနော့်အဘိုး သည်အိမ်ကလေးမှာ ဆုံးသည်။ အဘွားလည်း သည် မှာပဲ ဆုံးသည်။ ကြီးတော၏ ခင်ပွန်း ဘိုးညွန့်လည်း သည်မှာပဲ ဆုံးသည်။ ကြီးတော်ကကော၊ သည်အိမ်ကလေး ကလွှဲ လျှင် တခြားနေရာ မဖြစ်နိုင်။
“ကြီးတော် ဘယ်ကိုမှ မသွားတော့ဘူးပေါ့၊ သည်အိမ်ကလေးထဲမှာပဲ နေတော့မှာပေါ့”
ကျနော်က မေးတော့ ကြီးတော် ဘာမှမဖြေပါ။ ငြိမ်သက်သွားသည်။ ဗြုတ်စဗျင်းတောင်း အိမ်ကလေးထဲ ဝရုန်းသုန်းကား ဧခုတင်တလုံးပေါ်မှာ ငုံးတကောင်လို ငြိမ်သက်နေဆဲ။ တော်တော်ကြီးကြာတော့မှ ကျနော့်လက်တွေကို စမ်းရင်း ပြော သည်။
“ကြီးတော် ဘယ်သွားလို့ရမှာလဲ၊ ကြီးတော် အသက်က ခုနစ်ဆယ်ကျော်ပြီ၊ အသက်နှစ်ဆယ်မှာ မင်းဘကြီးနဲ့ အိမ်ထောင်ကျတာ၊ နှစ်ဆယ်ကျော်မှာ သမီးကလေးနှစ်ယောက် မွေးတယ်၊ သည့်နောက်တော့သည်အိမ်ကလေးထဲမှာပဲ ကြီးတော် နေရတော့တယ်”
သည့်နောက်တော့ဆိုသည့် စကားကို ကျနော် သိပါသည်။ မျက်စိကွယ်ကတည်းကလို့ ဆိုချင်တာ ဖြစ်သည်။ မျက်စိ ကွယ်ကတည်းက သည်အိမ်ကလေးထဲမှာပဲ ကြီးတော် လိုအပ်စွာ နေရတော့သည်။ အိမ်ကိုတော့ သစ်တချောင်း ကျိုး တချောင်းလဲ၊ ဝါးတချောင်းကျိုး တချောင်းလဲတာကလွဲလို့ အပြင်မခံခဲ့။ တကယ်တော့ အိမ်ကလေးကို သူက မြင်ရသော် လည်း အိမ်ကလေးက သူ့ကို မမြင်ခြင်းဖြစ်သည်ဟု ထူးဆန်းသော စကားကို ဆိုတတ်သေးသည်။
လှည်းသမား ကိုကျောင်းမောင် အိမ်မိုးဖို့ ထန်းလက်တွေ ဝယ်နေရော့မည်။ ခုံမင်းကြီး၏ အမျိုးဆိုသူ ကြီးတော်၏ အိမ် ကလေးကတော့ ကြယ်မြင် လမြင်၊ ထန်းလက်တွေ ဆွေးလှပြီ။
နေဝင်းမြင့်
အိမ်ကလေး ၁၆ လုံးမှ …

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis