menu

Saturday 31 December 2011

ဧပြီ ၁ ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်

လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၁၀၂ခု နှစ်၊ ဧပြီလ ၁ရက်(တနင်္ဂနွေ)နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာချက် အမှတ်(၆၁/၂၀၁၁) ဖြင့် ဒီဇင်ဘာလ ၃၀ရက်နေ့တွင် သတင်းထုတ်ပြန် ကြေညာခဲ့ပါသည်။ 
အဆိုပါကြေညာချက်နှင့်အတူ လစ်လပ်မဲဆန္ဒနယ်များကိုလည်း စာရင်းဖော်ပြခဲ့ပြီး ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ် အရေအတွက် နေရာ ၄၀၊ အမျိုးသားလွှတ်တော် လစ်လပ်မဲဆန္ဒနယ် အရေအတွက် ခြောက်နေရာ နှင့် တိုင်းဒေသကြီး လွှတ်တော် လစ်လစ်မဲဆန္ဒနယ် နှစ်နေရာတို့ကို ဖော်ပြခဲ့ပါသည်။
ထို့အပြင် ကြေညာချက်အမှတ်  (၆၂/၂၀၁၁)ကိုလည်း ဆက်လက်ထုတ်ပြန်ခဲ့ပြီး လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်း၊ အတည်ပြု ကြေညာခြင်းများနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ဖော်ပြခဲ့ပါသည်။ ကြေညာချက်အရ ကြားဖြတ် ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁၆ရက်နေ့တွင် စတင် တင်သွင်းနိုင်ပြီး ဇန်န၀ါရီလ ၃၁ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ  ဖေဖော်ဝါရီလ ၃ရက်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို ဖေဖော်ဝါရီလ ၆ရက်မှ ၁၀ရက်နေ့အထိ စိစစ်သွားမည်ဟု သိရပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မည်သူ့သြဇာ လွှမ်းမိုးမှုမှုမခံပဲ လွတ်လွတ်လပ်လပ် လုပ်ဆောင်နေကြောင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲကို အကောင်းဆုံးပြုလုပ်နိုင်ရန် ကြိုးစားသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော  သတင်းမီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။
''ဘယ်သူ့သြဇာ လွှမ်းမိုးမှုမှမခံဘဲ လွတ်လွတ်လပ်လပ် လုပ်ဆောင်နေပါတယ်။ အဲဒါက ကျွန်တော့် ဂုဏ်သိက္ခာဖြစ်ပါတယ်။ ပြီးတော့ ကော်မရှင်ရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုတည်းကိုပဲ လိုက်နာပြီး လွတ်လွတ်လပ်လပ် ဆောင်ရွက်နေပါ တယ်'' ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ''ညစ်ပြီးနိုင်တာထက် မှန်မှန်ကန်ကန်လုပ်ပြီး ရှုံးသွားတာကိုပဲ ဂုဏ်ယူပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အားနည်းချက်တွေ ရှိကောင်း ရှိပါလိမ့်မယ်။ နောင်လာမယ့် ရွေးကောက်ပွဲတွေ မှာ အကောင်းဆုံးလုပ်နိုင်အောင် ကြိုးစားသွားပါ မယ်'' ဟုလည်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့ပါသည်။
လက်ရှိတွင် မှတ်ပုံတင်ပြီး ဆက်လက်ရပ်တည်နေသည့် နိုင်ငံရေးပါတီ ၃၇ ပါတီရှိပြီး ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြီးနောက် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့သည့် ပါတီ ၁၀ ခုရှိပြီး ၎င်းတို့မှာ ပြည်သူ့ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုက ရေစီပါတီသစ်၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်မဟာမိတ်ပါတီ၊ ၈၈ ပြည်သူ့အင်အားစုပါတီ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာအမျိုးသားကွန်ကရက်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ မြိုတိုင်းရင်းသားပါတီတို့ ဖြစ်ကြသည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis