menu

Saturday 31 December 2011

မိတ္ထီလာမြို့နယ်ကရှေးဟောင်းသမိုင်းဝင်အုတ်ကျောင်းကြီး(ကိုတင်လှိုင်-မိတ္ထီလာ)


   
 
မြန်မာနိုင်ငံတွင် တိမ်မြုပ်နေသည့် ရှေးဟောင်း သမိုင်းဝင်အဆောက်အအုံများ နေရာအနှံ့အပြားတွင် တည်ရှိနေသည်။ ထိုအဆောက်အအုံများထဲတွင် လူ သိနည်းနေသည့် မိတ္ထီလာမြို့နယ်က ရှေးဟောင်းအုတ် ကျောင်းကြီးလည်း အပါအ၀င်ဖြစ်သည်။ သမိုင်းဝင် ရှေးဟောင်းအုတ်ကျောင်းကြီးမှာ မိတ္ထီလာမြို့နယ်  မုန်တိုင်ကျေးရွာတွင် တည်ရှိ သည်။
မုန်တိုင်ရွာသည် မိတ္ထီလာမြို့ အနောက်ဘက် ၁၀မိုင်ကွာ

မိတ္ထီလာ- ကျောက်ပန်းတောင်းသွားကား လမ်းဘေးတွင် တည်ရှိသည်။ အိမ်ခြေ ၃၀၀ကျော်ရှိပြီး လူဦးရေ တစ်ထောင်ကျော်ရှိသော စံပြကျေးရွာကြီး ဖြစ်သည်။ မြန်မာသက္ကရာဇ် ၇၀၄ခုနှစ်က စစ်ကိုင်းတွင် မင်းပြုသော မင်းရဲမင်းကြီးက အင်းဝဘုရင်တစ်စီးရှင် ၏ သားတော် အနော်ရထာမင်းသားအား ကန်နီကို အပိုင်စားပေးသဖြင့် မိတ္ထီလာမြို့နယ် ကန်နီကိုစားရ သော ကန်နီအနော်ရထာမင်းသားဟု အမည်တွင် သည်။ သက္ကရာဇ် ၇၂၉တွင် အင်းဝဘုရင်မင်းကြီးစွာ စော်ကဲသည် မိတ္ထီလာကန်ကို ဆည်ဖို့ပြုပြင်ရန် <က ချီလာစဉ် အနော်ရထာမင်းသားက ၀င်ရောက်ခစား ရာ မုန်တိုင်ရွာကို အပိုင်စားပေးသနားခဲ့သည်။ ထိုအ ချိန်မှစ၍ မုန်တိုင်ရွာသည် မြန်မာမင်း၏ ချီးမြှောက်ခြင်း ခံရပြီး မြို့စားနယ်စားသမိုင်းဝင်ရွာတစ်ရွာဖြစ်လာသည်။
မုန်တိုင်အုတ်ကျောင်းတော်ကြီး
မုန်တိုင်ရွာသည် အင်းဝခေတ်မှ ကုန်းဘောင် ခေတ်အထိ တည်ရှိခဲ့သော ရွာကြီးတစ်ရွာဖြစ်သည်။ မုန်တိုင်ရွာတွင် ဘုရားစေတီပေါင်း ၇၅ဆူရှိသည်။ ထို ဘုရားစေတီများထဲတွင် အုတ်ကျောင်းတော်ကြီးမှာ ထင်ရှားသည့်အဓိကသမိုင်းဝင် သာသနိက အဆောက် အအုံကြီးဖြစ်သည်။ မုန်တိုင်အုတ်ကျောင်းတော်ကြီးမှာ ထုထည်အလွန်ကြီးမားပြီး အလျား ၁၁၆ပေ၊ အနံ ၈၃ ပေ၊ အမြင့် ပေ ၈၀ခန့်ရှိသည်။ အောက်ခြေပထမထပ် လေးဖက်လေးတန်တွင် မုခ် ၄၉မုခ်ရှိသည်။ ဒုတိယ အထပ်တွင် တစ်မျက်နှာမုခ်သုံးပေါက်နှင့် မုခ် ၁၂မုခ် ရှိသည်။ တတိယထပ်တွင် အပေါ်ထပ်သို့တက်သော အုတ်လှေကားတစ်ခုရှိပြီး အပေါ်ထပ်အရှေ့ဘက်ဆုံး ခန်းတွင် အလျား ပေ ၂၀၊ အနံ ၁၀ပေခန့်အကျယ် အခန်းကြီးတစ်ခုရှိသည်။ အုတ်ကျောင်းတော်ကြီးကို အေဒီ ၁၇၄၀ခုနှစ်ကဖြစ်သည်။ အလောင်းမင်းတရား ကြီး ကုန်းဘောင်ဆက်မပေါ်မီ နှစ်နှစ်ကပင် တည် ဆောက်ထားသော အုတ်ကျောင်းတော်ကြီးဖြစ်သည်။ ထိုအုတ်ကျောင်းတော်ကြီးမှာ အင်းဝရှိနန်းမတော်မယ်နု အုတ်ကျောင်းတော်နှင့် တစ်ပုံစံတည်းဖြစ်သည်။ မုန် တိုင်အုတ်ကျောင်းတော်မှာ အနည်းငယ်ငယ်သည်မှ အပ မယ်နုအုတ်ကျောင်းတော်နှင့် တစ်ပုံစံတည်းဖြစ် သည်။ မုန်တိုင်အုတ်ကျောင်းတော်ကြီးမှာ နန်းမတော် မယ်နု အုတ်ကျောင်းတော်ထက် နှစ် ၇၀ကျော်စော၍ တည်ဆောက်ခဲ့သော အုတ်ကျောင်းတော်ကြီးဖြစ် သည်။ အုတ်ကျောင်းတော်ကြီး၏ ဒါယကာမှာ မုန် တိုင်ရွာနေ သူ<ကယ်ကြီး ဦးပန်းရ+ ဒေါ်စိန်သာ တို့က သက္ကရာဇ် ၁၁၁၁ခုနှစ်က တည်ထားခဲ့သည်။ အုတ် ကျောင်းတော်ကြီး၏ သက္ကရာဇ်ကို ပိဋကတ်သင်္ချာနည်း ဖြင့် ၃သြအော်အင် အုတ်ကျောင်းသက္ကရာဇ်ဟု တင် စားခဲ့သည်။ အုတ်ကျောင်းတော်ကြီးမှာ လက်ရာမြောက် လှပြီး ထုထည်ကြီးမားကာ ခံ့ညားထယ်ဝါသည့် အုတ် ကျောင်းတော်ကြီးဖြစ်သည်။
ထိုအုတ်ကျောင်းတော်ကြီးတွင် သီတင်းသုံး ရန်အတွက် မင်းတုန်းမင်းတရားကြီးက မန္တလေးမြို့ တောင်ခွန်တိုက်အုပ်ဆရာတော် ဦးÓဏအား သာသနာ ပိုင်ဆရာတော်ကြီးထံမှ ခွင့်ပန်၍ပင့်ဆောင်ပြီး မုန်တိုင် အုတ်ကျောင်းတော်ကြီးတွင် သီတင်းသုံးစေသည်။ ဆရာတော် ဦးÓဏအား ဂိုဏ်းချုပ်ဆရာတော်အဖြစ် မင်းတုန်းမင်းတရားကြီးက စာချွန်လွှာပေးအပ်လှူဒါန်းခဲ့ သည်။
မုန်တိုင်အုတ်ဇရပ်
မုန်တိုင်ရွာတွင် သက္ကရာဇ် ၁၂၄၀ပြည့်နှစ် မင်းတုန်းမင်းလက်ထက်တွင် မုန်တိုင်ရွာကို ကိုးမြို့ဝန် ဦးဘုံအား ခန့်အပ်သည်။ ကိုးမြို့ဝန်ဦးဘုံသည် မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ ပင်းတလဲ၊ မလှိုင်၊ ၀ကီး၊ လှိုင်း တတ်၊ ရမည်းသင်း၊ ရနောင်မြို့များကို စားရသည်။ မင်းတုန်းမင်းတရားကြီးသည် နတ်ရွာစံပြီးနောက် သား တော်သီပေါမင်းလက်ထက်တွင် ထိုမြို့ဝန်ဦးဘုံသည် ကွယ်လွန်အနိစ္စရောက်သွားသည်။ ထိုမြို့ဝန်ဦးဘုံရာ ထူးကို သားဖြစ်သူ ၀န်မင်းဦးလူတုတ်က မုန်တိုင်ရွာကို ဆက်လက်အပိုင်စားရသည်။ ၀န်မင်းဦးလူတုတ်သည် ဒေါ်ကိုင်းဆိုသည့် အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင် ပြုခဲ့သည်။
ဝန်မင်းဦးလူတုတ်သည် ဘာသာရေး အထူး လေးစားသူဖြစ်သည်။ ၀န်မင်းဦးလူတုတ်သည် မိမိနေ ထိုင်ရာ မုန်တိုင်ရွာတွင် ရေတွင်း၊ ရေကန်၊ အုတ်ဇရပ် ကြီးတစ်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့သည်။ ၀န်မင်း ဦးလူတုတ်၏ အုတ်ဇရပ်မှာ မုန်တိုင်ရွာအရှေ့ဘက် တွင် တည်ရှိသည်။ အုတ်ဇရပ်မှာ အလျား ပေ၈၀၊ အနံ ပေ၃၀၊ အမြင့် ပေ၈၀ခန့်ရှိသည်။ အုတ်ဇရပ်ကို ပြာသာဒ်သုံးဆောင်နှင့် ဆောက်လုပ်ထားသည်။
အုတ်ဇရပ်တွင် ရှေးအခါက အလှူမင်္ဂလာ ပွဲများ ကျင်းပခဲ့သည်။ အုတ်ဇရပ်ရှိ အင်္ဂတေပန်းတမော့ လက်ရာများမှာ အလွန်ကောင်းမွန်လှသည့် အုတ်ဇရပ် သည် အနောက်ဘက်မုခ်လှည့်ထားသည်။ မုခ်ပေါက် နှစ်ပေါက်ရှိပါသည်။ မုခ်ပေါက်တွင် ထူးခြားရှားပါး သည့် ငါးကြင်းရုပ်များကို ထုလုပ်ထားသည်မှာ အလွန် ရှားပါးသော အနုပညာလက်ရာဖြစ်သည်။ ထို့အပြင် အုတ်ဇရပ်အတွင်းဘက်တွင် ရှေးဆေးရေးနံရံပန်းချီ များလည်းရှိသည်။ အုတ်ဇရပ်ပေါ်တွင် နတ်၊ သကြား၊ ဗြဟ္မာ၊ မနုသီဟ၊ ဆင်၊ မြင်းနှင့်နဂါးရုပ်တုများ ထုလုပ် ထားပြီး အလွန်လက်ရာကောင်းမွန်သော အင်္ဂတေ ပန်းတမော့အနုပညာလက်ရာဖြစ်သည်။ အုတ်ဇရပ်မှာ ကုန်းဘောင်ခေတ်ကတည်းက ဆောက်ခဲ့သော အနု ပညာလက်ရာဖြစ်သည်။ အုတ်ဇရပ်မှာ ထိန်းသိမ်းပြု ပြင်သူမရှိသဖြင့် ဆွေးမြည့်ပြီး မြောက်ဘက်အမိုးများမှာ လွန်ခဲ့သောနှစ်၃၀ခန့်က ပြိုကျပျက်စီးသွားသဖြင့် တန်ဖိုးဖြတ်မရသော အနုပညာလက်ရာ ဆုံးရှုံးမှုကြီး ဖြစ်သည်။ ၀န်မင်းဦးလူတုတ်၏ အုတ်ဇရပ်မှာ မြန်မာ ပြည်တွင် အလွန်ရှားပါးသော အနုပညာအင်္ဂတေ လက်ရာ အမွန်းအပြောက်များဖြင့် တည်ဆောက်ထား သဖြင့် အဖိုးမဖြတ်နိုင်သော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ဖြစ်သည်။
အုတ်ဇရပ်ဒါယကာ ၀န်မင်းဦးလူတုတ်သည် ၁၂၄၇ခုနှစ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ၀န် မင်းဦးတုတ်၏ အရိုးအိုးစေတီကို အုတ်ဇရပ်တောင် ဘက်တွင် ထားသည်။ ၀န်မင်းဦးလူတုတ်၏ အရိုးအိုး စေတီမှာ စောင်းတန်းလေးသွယ်ဖြင့် မကန်း၊ မနုသီဟ၊ ခြင်္သေ့၊ မုခ်ဦးတို့ဖြင့် အလွန်အနုပညာလက်ရာမြောက် သော အရိုးအိုးစေတီဖြစ်သည်။ ကုန်းဘောင်ခေတ်တွင် အလွန်ရှားပါးထူးခြားသော အရိုးအိုးစေတီဖြစ်သည်။
ဇာတ်ဘုရား(ခ)ရွှေဘုံသာဘုရား
မုန်တိုင်ကျေးရွာရှိ ဘုရားစေတီများထဲတွင် ရွှေဘုံသာဘုရားလည်း တစ်ဆူအပါအ၀င်ဖြစ်သည်။ ရွှေဘုံသာဘုရားအတွင်းတွင် ဆေးရေးနံရံပန်းချီများ ရှိသည်။ ဆေးရေးနံရံပန်းချီလက်ရာများမှာ ကုန်းဘောင် ခေတ်လက်ရာများဖြစ်သည်။ ရွှေဘုံသာဘုရားမှာ မုခ် လေးမုခ်ဖြင့် တည်ဆောက်ထားသောဘုရားဖြစ်သည်။ စေတီ၏ ဂူတွင်းအထက်ပိုင်းပန်းချီများမှာ မိုးရေစိမ့် ပြီး မှုန်ဝါးနေကာ အောက်ပိုင်းသာထင်ရှားသော်လည်း ထုံးသုတ်ခံရ၍အနည်းငယ် ထင်ထင်ရှားရှားသာ ကျန် နေသည်။
စေတီဂူအတွင်း၌ အလယ်ဗောဓိမဏ္ဍိုင်ရှိ သည်။ ဗောဓိမဏ္ဍိုင်တွင် ပန်းကွက်မျက်ဖြင့် ခြယ်သ ထားသည်။ မုခ်လေးမုခ်ကို မျက်နှာမူသော ကိုယ်စား တော်လေးဆူမှာလည်း ပျက်စီးနေပြီဖြစ်သည်။ ကိုယ် ပွားတော်နောက်ဘက်အမြင့်တွင် ဆင်စွယ်ဝန်းယှက် ညောင်ရွက်ကနုတ်ပန်းဆေးရေးများရှိသည်။
ပန်းချီကွက်များကို လိုဏ်ပတ်လည်ဝိုက်လျက် ရေးထားသည်။ အပေါ်ဆုံးတန်း၌ နှစ်ကျိပ်ရှစ်ဆူဘုရား ပုံများရေးထားသည်။ ထိုအောက်တွင် ဗုဒ္ဓ၀င်ကိုရေး သည်။ ထိုအောက်တွင် ဇာတ်ကြီးဆယ်ဘွဲ့ကိုရေး သည်။ မုခ်ပေါက်နေရာအချို့တွင် သူ့ခေတ်သူ့အခါ လူမှု ရေးဓလေ့များကို ရေးထားသည်။ အရှေ့ဘက်မုခ်နံရံ တွင် အထက်မှအောက်သို့ကြည့်လျှင် နှစ်ကျိပ်ရှစ်ဆူ ပုံများနှင့် ထိုအောက်ရှိ ဗုဒ္ဓ၀င်မှာ မမြင်ရလောက် အောင် ပျက်စီးနေသည်။ ဗုဒ္ဓ၀င်အောက်ရှိ နံရံတစ်ခု လုံးကို နေမိဇာတ်ရေးထားသည်။
မြောက်ဘက်မုခ်နံရံတွင် ဗုဒ္ဓ၀င်ထင်ရှား သည်။ နိမိတ်ကြီးလေးပါးမြင်ပုံ၊ ယသော်ဓယာ ကြာ ခြည်လှပ်ခန်းအောက်တွင် ဇနက္ကဇာတ်မှ ညီနောင်ဆင် ကိုစီး၍ စစ်တိုက်ကြပုံ၊ ဇနက္ကသင်္ဘောပျက်ပုံများ ရေး ထားသည်။ မြောက်ဘက်မုခ်နံရံကြာခြည်လှပ်ခန်းတွင် အမျိုးသမီးလေးဦးတို့ တီးမှုတ်နေကြပုံမှာ အလွန်ရှား ပါးသောလက်ရာဖြစ်သည်။ ပုံတွင်အမျိုးသမီးငါးဦးဆွဲ ထားသည်။ ကြည့်သူ၏ ၀ဲဘက်မှစလျှင် ယပ်ကိုင်သူ၊ ငြင်းမှုတ်သူ၊ ပတ်တာတီးသူ၊ လက်ဖြစ်တီး၍ စည်း လိုက်သူတို့ကို ရှားရှားပါးပါးတွေ့ရသည်။ မုန်တိုင်ရွှေဘုံ သာခေါ် ဇာတ်ဘုရားတွင် ဆေးရေးနံရံပန်းချီလက်ရာ များသည် မိန်းမဆံပင်ပုံစံ၊ အင်္ကျီပုံစံများမှာ ကုန်းဘောင် ခေတ်လယ် ဆေးရေးနံရံပန်းချီများဖြစ်သည်။
မြန်မာနိုင်ငံတွင် အုတ်ကျောင်းဆို၍ အင်းဝ နန်းမတော် မယ်နုအုတ်ကျောင်းကိုသာ အသိများသည်။ သမိုင်းပညာရှင်များ၊ သုတေသီများ၊ သမိုင်းလိုက်စား ကြသည့် ၀ါသနာရှင်များအတွက် မိတ္ထီလာမြို့နယ် မုန် တိုင်ကျေးရွာတွင် မယ်နုအုတ်ကျောင်းထက် နှစ် ၇၀ ကျော်စော၍ ဆောက်လုပ်ထားသည့် အုတ်ကျောင်း တော်ကြီးရှိကြောင်း ရေးသားတင်ပြလိုက်ပါသည်။
By Flower News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis