menu

Saturday 31 December 2011

"အဲဒီ့အခန်းဖြတ်" ဇာတ်ကား လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတောှ်ဆန်ကာတင်စာရင်းဝင်


ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပသော လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် အတွက် ရွေးချယ်ခံရသော ဇကာတင် ဇာတ်ကားများတွင် ပြိုင်ပွဲစည်းကမ်းနှင့် မညီညွတ်မှုကြောင့် ထုတ်ပယ်ခြင်း ခံရသည်ဟု ကနဦး သတင်းများ ထွက်ပေါ်ခဲ့သော ဒါရိုက်တာ ဝိုင်း၏ " အဲဒီအခန်းဖြတ် " ဇာတ်ကားလည်း ပါဝင်လာခဲ့ကြောင်း အဆိုပါ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သော The Voice Weekly သတင်းထောက်က ပြောကြားသည်။

ရုပ်ရှင်ပွဲတော် မစတင်မီကပင် အင်တာနက် မှတဆင့် လူသိများခဲ့သော ဒါရိုက်တာ ဝိုင်း၏ "အဲဒီအခန်း ဖြတ်" ရုပ်ရှင်ဇာတ်ကားမှာ မြန်မာနိုင်ငံ ရုပ်ရှင်ဆင်ဆာအဖွဲ့၏ မူဝါဒနှင့် လုပ်ဆောင်ချက်များ အပေါ်တွင် ထိမိစွာ သရော် လှောင်ပြောင်ထားသော ဇာတ်ကားဖြစ်ပြီး လက်ရှိ ရုပ်ရှင်လောကသားများဖြင့် ရိုက်ကူးထားသော ဇာတ်ကားလည်း ဖြစ်သည်။

ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ တော်ဝင်စင်တာ ခုနှစ်လွှာတွင် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအား ယနေ့ ညနေ ၄ နာရီခန့်က ပြုလုပ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပြီး ဖွင့်ပွဲ အခမ်းအနား စတင်မီ ကိုရဲလွင်၊ ကိုနေဝင်း၊ ဆောင်းဦးလှိုင်၊ လင်းလင်း၊ ACID အဖွဲ့နှင့် ဂီတမိတ်အဖွဲ့သားများက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ ကြသည်။

ရုပ်ရှင်ပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်သော ဇာတ်ကားပေါင်း ၁၈၈ ကား အနက်မှ ၅၃ ကားအား ဇကာတင် ဇာတ်ကားများအဖြစ် ရွေးချယ်ခဲ့ပြီး ဆုရွေးချယ်ခြင်းကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ ဇကာတင် ၅၃ ကားမှ ၅ ကားကို ဆုပေးအပ်မည် ဖြစ်ကြောင်း အဆိုပါပြိုင်ပွဲကို ကြီးကြပ်ဒိုင် အဖြစ် ဆောင်ရွက်နေသူ ဦးသူရ (ခေါ်) ဇာဂနာက ပြောကြားသည်။

 The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis