menu

Saturday 31 December 2011

စာပေဟောပြောသူများ(ဒေါက်တာခင်မောင်ညို)

b39_17
ယနေ့ခေတ် စာပေဟောပြောပွဲတွေရဲ့ လမ်းကြောင်းတွေ ဘယ်ကိုဦးတည်နေလဲ။ ဖျော်ဖြေရေး၊ အသိပညာပေး၊ စာပေရေးတွေကနေ နိုင်ငံရေး စင်မြင့်ဖြစ်လာလေသလား။
ယနေ့ စာပေဟောပြောပွဲများ ခေတ်စားသည်။ စာပေဟောပြောမှုကို မြန်မာနိုင်ငံတစ်ခုတည်းမှာရှိသည် သို့မဟုတ် မြန်မာလူမျိုးအကြားတွင်သာရှိသည်ဟူသော စကားသည်လည်း မှန်ကန်သည်ဟု ယူဆမိသည်။  မြန်မာလူမျိုးများ စာပေနှင့် ပိုမိုနီးစပ်စေရန်အတွက်
စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ အစဉ်အလာ ဖြစ်လာသည်။ ထို့ကြောင့် စာဆိုတော်နေ့ဖြစ်သည့် နတ်တော်လဆန်းတစ်ရက်တွင် စာပေဟောပြောမှုကို နိုင်ငံအနှံ့ ပြုလုပ်ခဲ့ကြသည်။ ယနေ့တွင် စာပေဟောပြောပွဲ စီဒီများ ဗွီစီဒီများကြောင့် စာဖတ်သူများသည် စာပေဟောပြောသူများကို အရှင်လတ်လတ် မြင်တွေ့လိုသည့် ဆန္ဒတဖွားဖွားပေါ်လာကာ စာရေး ဆရာများကို ဖိတ်ကြားကာ ဟောပြောပွဲများ ပြုလုပ်လာကြသည်။ ထိုဟောပြောပွဲများသည် တစ်ခါတစ်ခါ စာရေးဆရာမထပ်စေဘဲ ၇ ရက် ၇ လီပြုလုပ်သည့် မော်လမြိုင်ပွဲမျိုးလည်း ရှိသည်။ ချင်းတွင်းမြစ်ကြောင်းတစ်လျောက် မြို့ရွာ ၃၀ ကို စာရေးဆရာ ၆၀ ခန့်ဖြင့် နှစ်ပတ်တာမျှ နေ့စဉ်သွားဟောပြောသော စာပေဟောပြောပွဲသည်လည်း ရှိသည်။ ပုံမှန်တစ်နေရာတစ် ရက်နှုန်းဖြင့် စာရေးဆရာ နှစ်ယောက် သုံးယောက်(အများဆုံးငါးယောက်) ဟောပြောမှုများသည် စာပေဟောပြောပွဲ အစဉ်အလာလိုဖြစ်သည်။
ယနေ့ ပွင့်လင်းလာသည့်အလျောက် စာရေးဆရာအချို့သည် ပြည်သူများခံစားရသော မကျေနပ်ချက်များ ပေါက်ကွဲမှုများနှင့် နိုင်ငံရေးစကား မျိုးချစ်စိတ်များကို ဖော်ထုတ်ပြောဟောသော စာရေးဆရာများကို ယနေ့တွင် စင်အတော်များများတွင် မြင်နိုင်သည်။
ကျွန်တော်သည်လည်း စာပေ ဟောပြောရာဝါသနာပါသည်။ မိမိဟောပြောသည်ကို နှစ်ခြိုက်သဘောကျသူများ တ၀ါးဝါး ပွဲကျသူများ မှတ်သားစရာစကားကို သဘောကျကြောင်း လာပြောဆိုမှုများကိုကြားပါက ပီတိဖြစ်မိလေ့ရှိသည်။ အကြောင်းကြောင်းကြောင့် စာပေဟောပြောပွဲကို မလာရောက်ဖြစ်သူ နားမထောင်ဖူးသူများသည် ယနေ့တွင် ဗွီစီဒီနှင့် နားထောင်ခွင့် ရလာကြသည်။  ထို့ကြောင့် စာပေဟောပြောပွဲနယ်ပယ်သည် အလွန်တရာမှ ကျယ်ပြန့်လာရာ စာရေးဆရာများတွင် တာဝန်အလွန်ကြီးလာပါသည်။ ''ဇာတ်သမားလာရင် မှတ်သားစရာကျန်တယ်'' ဟု ပြောစမှတ် အစဉ်အလာ ကြားဖူးကြပေမည်။ ယနေ့စာရေးဆရာများ၏ စာပေဗဟုသုတ အသိဉာဏ်ဖြန့်ဖြူးမှုသည် ဇာတ်သမားများထက်တော့ ပိုသင့်ပါသည်။ သို့သော် အချို့ကတော့ စာရေးဆရာပြန်ရင် ပုလင်းခွံကျန်တယ်ဆိုသည့် နောက်ပြောင်စကားများသည် အတိုင်းအတာတစ်ခုထိတော့ မှန်နေတာတွေ့ရသည်။ စာ ပေဟောပြောပွဲ လိုက်ဟောသည့် စာရေးဆရာများတွင် အောက်ပါရည်ရွယ်ချက် (၅)ချက်အနက် အားလုံးကိုသော်လည်းကောင်း အချို့အ၀က်သော ရည်ရွယ်ချက်များကိုသော်လည်းကောင်း ထားရှိတတ်ပါသည်။
၁။အကျိုးကျေးဇူးတစ်စုံတစ်ရာရှိဖို့
၂။အသိပညာပေးဖို့
၃။ဖျော်ဖြေဖို့
၎။စာပေသြဇာလွှမ်းမိုးဖို့
၅။စည်းရုံးဖို့

ဟောပြောတတ်သူ စာရေးဆရာ သို့မဟုတ် အနုပညာသမားတစ်ယောက်ကို စာပေဟောပြောရန်ခေါ်ပါက အဆင်ပြေလျှင် လိုက်သွားကြပါသည်။
အကျိုးကျေးဇူးတစ်စုံတစ်ရာ ရရှိဖို့
စာရေးဆရာသည် ထိုသို့လိုက်သွားလျှင် ဒေသန္တရဗဟုသုတ ရသည်။ ပြည်သူနှင့် နွေးထွေးစွာ ထိတွေ့ခွင့်ရသည်။ တစ်ခါတစ်ခါတော့လည်း ငွေကြေးကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်သည်။ တစ်ခါတစ်ခါတော့လည်း ပုဆိုးတစ်ကွင်း သာရသည်။ တစ်ခါတစ်ခါ ဘာမှမရ ပါ။ သို့သော် ပြောချင်တာလေးတွေကို ပြောခွင့်ရသောကြောင့် စာရေးဆရာအများစုသည် ၀မ်းသာကြသည်။
အသိပညာပေးဖို့
အလိမ္မာစာမှာရှိဆိုသော စကားကို အားလုံးလက်ခံကြသည်။ ထို့ကြောင့် စာရေးဆရာများသည် စာဖတ်ကြဖို့ တိုက်တွန်းကြသည်။ ထို့ကြောင့်လည်း စာဖတ်၍ တိုးတက်လာသော မိမိအတွေ့အကြုံများကို ပြောပြတတ်သည်။ စာအုပ်စာပေသမိုင်းတွေကို ပြောသည်။ ပညာရသများကို ပြောသည်။ လူမှုရေးအသိကို ပေးသည်။ နိုင်ငံရေးအသိကို ပေးသည်။ မျိုးချစ်စိတ်ကို နှိုးဆွသည်။
ဖျော်ဖြေဖို့
စာရေးဆရာများ အပြောကောင်းသည့်အခါ ပရိသတ်များ နောက်ကလိုက်ပါလာပြီး ဟင်းကောင်းတစ်ခွက် စားရသကဲ့သို့ နှစ်သက်ကြသည်။ အချို့ကတော့ သူတို့ပြောတာတွေကို မှတ်မိစေဖို့ ဟာသနှော ကာ ပြောတတ်သည်။ ထိုဟာသများတွင် ညစ်ညမ်းသောဟာသများ ပါ လာတတ်သည့်အတွက် စာရေးဆရာများ ဆင်ခြင်ပြောတတ်ပါသည်။
စာပေဟောပြောပွဲကို အနုပညာရှင်များအား ဖိတ်၍ ဟောပြောခိုင်းသည်လည်း ရှိသည်။ သူတို့က တီးမှုတ်ဖြေဖျော်သည်လည်း ရှိသည်။ တစ်ခါတစ်ခါတွင် စာရေးဆရာက သီးချင်းဆိုကာ အဆိုတော်တွေက ဟောပြောသည်လည်း ရှိသည်။
အချို့ကတော့ စာဟောပြောပွဲကို သန့်သန့်လေးဖြစ်စေချင်သည်။ သို့သော် ပရိသတ်ကတော့ အမျိုးမျိုးသော အနုပညာရှင်များ ပါလာစေချင်ကြသည်။

ပွဲဆူပြီး မချင့်မရဲဖြစ်အောင် ဟောပြောလို့လည်း ရသည်။ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ ပညာပေးဟောပြောကာ အမှိုက်စနစ်တကျပစ်ဖို့ ကျွတ်ကျွတ်အိတ်တွေ သုံးတာလျော့ဖို့ သစ်ပင်တွေကို အလွန်အကျွံ မခုတ်ဖို့ စည်းရုံးဟောပြောသည် လည်းရှိသည် . . .
စာပေသြဇာလွှမ်းမိုးဖို့
စာပေအရှိန်အ၀ါကြီးမားသော စာရေးဆရာများ စာပေဟောပြောပွဲများကို ရောက်လာသည့်အခါ ပရိသတ်များ ၀မ်းသာကြည်နူးကြသည်။ အချို့သော စာရေးဆရာများသည် ဂျာနယ်တွင် အဓိကထားရေးသောကြောင့် သူတို့ကို နယ်ပရိသတ်များ မသိကြပါ။ အချို့လုံးချင်းရေး သော စာရေးဆရာများကို မြို့နေလူတန်းစားများ မသိကြပါ။
''ကျွန်တော် ဒီစာရေးဆရာကို မကြားဖူးပါဘူး''ဆိုသော စကားကို မကြာခဏ ကြားရဖူးသည်။ စာရေးဆရာသည် လူမသိသူမသိ ဖြစ်လေ့ရှိသည်။ ဆရာတက်တိုးက ပြောဖူးသည်။ ''ငါ့ကိုမင်းတို့ သိပေမယ့် မသိသူတွေ အများကြီးကွ၊ သူတို့က မင်းသားမင်းသမီးတွေကိုပဲ သိတာ''
''စာရေးဆရာသည် လူထဲက လူတွေပါ။ သူတို့တစ်တွေဟာ တို့ တစ်တွေနဲ့ အတူတူပါပဲလား''ဆိုသော အသိသည် ပြည်သူ့အကြား ရောက်စေချင်သည်။ စာပေဟာ တို့ကို လူတစ်လုံးသူတစ်လုံးဖြစ်စေနိုင်သည်ဟူသော အသိကို ရစေချင်သည်။
စာပေဟောပြောကာ သူတို့ သဘောပေါက်နားလည်မှု အတိုင်းအတာကိုတော့ ဂရုပြုရပါသည်။

စည်းရုံးဖို့
စာပေဟောပြောခြင်းဖြင့် ပရိသတ်ကို စာပေချစ်မြတ်နိုးလာစေရန် စည်းရုံးနိုင်သည်။ အတွေးတွေမြင့်မားဖို့ မေတ္တာတရားရှေ့ထားဖို့ စည်းရုံးနိုင်သည်။ စာပေမြင့်မှ လူမျိုးတင့်မည် စသော သတင်းစကားကို သူတို့ထံ ရောက်အောင် ပို့ပေးစည်းရုံးနိုင်သည်။ တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးစိတ်ကို နှိုးဆွပေးနိုင်သည်။ အမုန်းတရားတွေကို နှိုးဆွပေးကာ အုပ်ချုပ်သူအများ၏ အမှားတွေကို တူးဖော်ထုတ်ပြလို့လည်း ရသည်။ ပွဲဆူပြီး မချင့်မရဲဖြစ်အောင် ဟောပြောလို့လည်း ရသည်။ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ပညာပေးဟောပြောကာ အမှိုက်စနစ်တကျပစ်ဖို့ ကျွတ်ကျွတ်အိတ်တွေ သုံးတာလျော့ဖို့ သစ်ပင်တွေကို အလွန်အကျွံ မခုတ်ဖို့ စည်းရုံးဟောပြောသည်လည်း ရှိသည်။ ဓာတ်မြေသြဇာထက် သဘာဝမြေသြဇာသုံးဖို့ အော်ဂဲနစ် စိုက်ပျိုးရေးများကို ထည့်ပြောနိုင်သည်။ လောင်းကစား အကျိုးမများပုံတွေ အေအိုင်ဒီအက်စ်ရောဂါ ပညာပေးတွေ ပြောဆိုစည်းရုံးသည်လည်း ရှိသည်။
နိဂုံး
ဗုဒ္ဓကပြောသည်။ လောကတွင် လူတွေဟာ သတ္တလောကကို လွှမ်းမိုးရခြင်းမှာ စကားကြောင့်ဟု ဆိုသည်။ စကားကို သင်္ကေတဖြင့် မှတ်သားထားခြင်းသည် စာပေဖြစ်သည်။ စာပေသည် မှတ်တမ်းမှတ်ရာဖြစ်သည်။ အစဉ်အလာကို လက်ဆင့်ကမ်းနိုင်သည်။ ပညာကိုလက်ဆင့် ကမ်းနိုင်သည်။ အချို့သော စာရေးဆရာများက စာပေဟောပြောပွဲကို ပြစ်တင်ဝေဖန်သည်။ ဟောပြောသည့် ဆရာများအား ဝေဖန်သည်။ စာပေဟောပြောပွဲ သည် နိုင်ငံရေးစင်မြင့်မဟုတ်သည်ကို သတိထားမိကြပေလိမ့်မည်။ သူ့အကြောင်းနှင့်သူ ဖြစ်သည်။ မြန်မာပြည်တွင် အစဉ်အလာ ကောင်းတစ်ရပ်ဖြစ်သည့် စာပေဟောပြောပွဲ နှစ်တစ်ရာအကျိုးကျေးဇူး တစ်စုံတစ်ရာရရှိဖို့ ရာထောင်မက ကမ္ဘော ကမ္ဘာတိုင် တည်နေနိုင်ပါစေ။
 By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis