menu

Wednesday 19 February 2014

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံး ခြောက်လအလိုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီး ဖြစ်အောင်ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း မူဝါဒချမှတ်ပြောကြား

Photo: ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံး ခြောက်လအလိုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီး ဖြစ်အောင်ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း မူဝါဒချမှတ်ပြောကြား 

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံး ခြောက်လအလိုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီး ဖြစ်အောင်ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ မူဝါဒချမှတ် ပြောကြားသည်။

ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအတွက် အခြေခံမူများ ချမှတ်ရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခြေခံမူများကို ပြည်ထောင်စုလွှတ်တော်နာယက အနေဖြင့် သတ်မှတ်လမ်းညွှန်ပေးနိုင်ပါရန် ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဥက္ကဋ္ဌက စာရေးသားတောင်းဆိုလာသဖြင့် ယခုကဲ့သို့ မူဝါဒများ ချမှတ်ပေးခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ချမှတ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခြေခံမူများတွင် ၂၀၁၅ ရွေးကောက်ပွဲမကျင်းပမီ အနည်းဆုံး ခြောက်လအလိုတွင် ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီးဖြစ်အောင် လုပ်ငန်းအစီအစဉ်ပြဇယား သတ်မှတ်ဆောင်ရွက်ရန်ဟူ၍ ပါရှိသည်။

ထို့ပြင် “နိုင်ငံတော်၏ တည်တံ့ခိုင်မြဲမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ခေတ်စနစ်နှင့် လျော်ညီစွာ ပိုမိုတည်ဆောက်နိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာရေး” ဟူသည့် ဦးတည်ချက် အောင်မြင်ရေးအတွက် တပ်မတော်၏ လက်ရှိပါဝင်မှု အခန်းကဏ္ဍကို ဒီမိုကရေစီဘောင်အတွင်း ရောက်ရှိစေနိုင်မည့် နည်းလမ်းများကို လေ့လာသုံးသပ်ခြင်း ဆောင်ရွက်ရန် ပါဝင်သည်။

ထို့ပြင် “တိုင်းရင်းသားမျိုးနွယ်စုများအကြား ယုံကြည်မှုခိုင်မာသော အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ခြင်းဖြင့် ထာဝရငြိမ်းချိမ်းရေးကို ဖော်ဆောင်ရေး” ဟူသောဦးတည်ချက် အောင်မြင်စေရေးအတွက် ဗဟိုဦးစီးစနစ် များလွန်းနေသည့် ကိစ္စရပ်များကို လျှော့ချရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တန်းတူညီမျှ အခွင့်အရေး ရရှိရေးတို့နှင့် စပ်လျဉ်း၍ လိုအပ်ပါက ပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ခြင်းဆောင်ရွက်ရန် ပါဝင်သည်။

“နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး” ဟူသည့်ဦးတည်ချက် အောင်မြင်စေရေးအတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေသော ကိစ္စရပ်များနှင့် ဆက်စပ်လျက်ရှိသည့် သမ္မတအုပ်ချုပ်ရေးစနစ်နှင့် ပါလီမန်အုပ်ချုပ်ရေးစနစ် ပေါင်းစပ်ထားသော ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးလျက်ရှိခြင်း၊ နိုင်ငံတော်သမ္မတ ရွေးချယ်မှုပုံစံသည် ပါလီမန်အုပ်ချုပ်ရေးစနစ်၏ ၀န်ကြီးချုပ်ရွေးချယ်မှုပုံစံနှင့် တူညီစွာသတ်မှတ်ထားခြင်း၊ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စုဝန်ကြီးအဆင့် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုတွင် တာဝန်ပေးအပ်ခြင်းခံရပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိခြင်းနှင့် နိုင်ငံရေးပါတီ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့် မရှိခြင်းအပေါ် လိုအပ်ပါက ပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ခြင်းတို့ ဆောင်ရွက်ရမည်ဟု ပါရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ရာတွင် နိုင်ငံသားများ၏ မူလအခွင့်အရေးများ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည်ပေါင်းစည်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိမှုအတွက် အထောက်အကူပြုရေး၊ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စုဝန်ကြီးအဆင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအဖြစ် ခန့်အပ်တာဝန်ပေးရာ၌ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များကိုသာ ခန့်အပ်ခြင်းဖြင့် ဒီမိုကရေစီဖော်ဆောင်မှုနှင့် ညီညွတ်မှုရှိစေရေး အချက်များကို ထည့်သွင်းစဉ်းစား သုံးသပ်ရမည်ဟု ပါရှိသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုတာ အချိန်လိုတယ်။ လွှတ်တော်တစ်ခုတည်းဆိုတာထက် အခြားအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးရမယ်။ ဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြီးဖြစ်ရမယ့် အချိန်ကာလ သတ်မှတ်ချက်တစ်ခုကို တိတိကျကျ သိလိုက်ရတဲ့အတွက် ယေဘုယျအားဖြင့် ဒီအခြေခံမူတွေကို လက်ခံနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်” ဟု NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။ 

(ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအား ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တွေ့ရစဉ်)

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis