menu

Wednesday 19 February 2014

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် သို့မဟုတ် ၅၉ (စ)

Written by  အောင်ထက်၊ ဟိန်းသွင်ထက်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်နှင့် တွေ့ဆုံခြင်း


Voice : ၅၉ (စ) ကို လွှတ်တော်မှာ ပြင်ဖြစ်မယ်လို့ ယူဆပါသလား။
UWM : ဒီမိုကရေစီကို ဘယ်လောက် လိုချင်လဲ။ ပြည်သူတွေ လိုချင်တဲ့ ကိစ္စကို တန်ဖိုးထားတယ် ဆိုရင် ပြင်ကိုပြင်ရမယ်။ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဆိုရင်၊ ပြည်သူတွေ ဘာလိုချင်လဲ ရှင်းနေတာပဲ။ အငြင်းပွားလို့ မရဘူး။ ၈၈ ခုနှစ်တုန်းက ရဟန်းရှင်လူ၊ ကျောင်းသား ကျောင်းသူ အသက် ပေးခဲ့ရတာက ဒီမိုကရေစီ လိုချင်လို့ပဲ။ ပြည်သူ့အသံကို တကယ်လိုလားတယ်ဆိုရင် ပြင်ရမှာပဲ။ မပြင်နိုင်ရင် ပြည်သူ့ဆန္ဒကို ကိုယ်စားလှယ်တွေက အလေးအနက် မထားဘူးလို့ ဆိုရမှာပဲ။
Voice : မျှော်လင့်ထားသလို လွှတ်တော်မှာ ပြင်လို့မရဘူးဆိုရင် ဘယ်လို ဆက်လုပ်ဖို့ အစီအစဉ် ရှိပါသလဲ။
UWM : ယခင်ကတည်းက အန်ကယ်တို့က တရားဥပဒေ စိုးမိုးပြီး တည်ငြိမ် အေးချမ်းစွာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်လို့ ကြွေးကြော်လာခဲ့တာပဲ။ အခုလည်း လွှတ်တော်ရဲ့ ဥပဒေဘောင်အတွင်း ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှတော့ အဲဒီပန်းတိုင် ရောက်အောင် ကြိုးစားမှာပဲ။ ကျန်တဲ့ ကိစ္စတွေကတော့ ဖြစ်လာတယ်၊ မလာဘူး အပေါ်မှာပဲ စဉ်းစားရမယ်။ ခုချိန်မှာ ဘာမှမသိရသေးဘဲနဲ့ ကြိုတင်ပြီး မပြောနိုင်သေးပါဘူး။
Voice : ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြင်ဆင်ခွင့်မရရင် ပြည်သူ့အင်အားကို သုံးမယ်ဆိုတဲ့ သဘောကို ဆိုထားပါတယ်။ ဘယ်လိုသုံးမယ် ဆိုတာကို အန်ကယ့်အနေနဲ့ ပြောပြနိုင်မလား။
UWM : အဲလိုပြောတာတော့ မကြားသေးဘူး။ ဥပဒေဘောင်ထဲကပဲ ဖြစ်သင့်တာကို ဖော်ဆောင်သွားမယ်။ လူထုဆန္ဒကို ဖော်ဆောင်တာနဲ့ ပြည်သူ့ဆန္ဒကို အားယူတာက မတူပါဘူး။ ပြည်သူကို ဗဟိုပြုဖို့ ပြောတာပါ။ ပြည်သူသာအမိ၊ ပြည်သူသာ အဖပဲ။ တကယ် ဆန္ဒပြင်းပြတယ်ဆိုရင် ဇွဲရှိမယ်၊ လုံ့လရှိမယ်၊ ဒါဆိုအောင်မြင်မှာပဲ။ တိုတိုနဲ့ လိုရင်း ပြောမယ်ဆိုရင် သံဃာ့အား ဘုရား မလွန်ဆန် ဆိုသလိုပဲ။ သံဃာတွေ စည်းလုံး ညီညွတ်ရင် ဘုရားလည်း လိုက်နာခဲ့တာပဲ။ နိပါတ်တော်မှာ ရှိပါတယ်။ ဒီလိုပဲ ပြည်သူတွေက ကောက်ရိုးမီးလို ခဏလေး မဟုတ်ဘဲ ဇွဲရှိမယ်ဆိုရင် အောင်မြင်မယ်လို့ မြင်ပါတယ်။

“မပြင်နိုင်ရင် ပြည်သူ့ဆန္ဒကို ကိုယ်စားလှယ်တွေက အလေးအနက် မထားဘူးလို့ ဆိုရမှာပဲ”
Voice : ကြံ့ခိုင်ရေးပါတီနဲ့ ဒီမိုကရေစီလမ်းကို ဖော်ဆောင်နေတဲ့ လွှတ်တော်တွင်း အမတ်အချို့ အပါအဝင် ပြည်သူတွေက မပြင်ချင်ပါဘူးဆိုတဲ့ တုံ့ပြန်မှုတွေကို အန်ကယ် ဘယ်လိုမြင်ပါသလဲ။
UWM : မချေပချင်ပါဘူး။ ဒီလို ယှဉ်ပြီးတော့လည်း တုံ့ပြန်ပြီး မပြောချင်ဘူး။ ကိုယ့်ယုံကြည်ချက်ကိုပဲ ပြောချင်တယ်။ သူတို့ ပြောနေတာတွေကို လိုက်ပြီး ဖြေရှင်းနေတာမျိုး မလုပ်ချင်ပါဘူး။ အတိုက်အခိုက် မလုပ်ချင်ပါဘူး။ ပြင်ချင်တဲ့သူရှိမယ်။ မပြင်ချင်တဲ့သူလည်း ရှိမယ်။ ကိုယ်ယုံကြည်ရာကို ပြောဆို ထင်မြင်ယူဆခွင့် ရှိနေတာပဲ။ သို့သော် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒီမိုကရေစီမူကို ကိုင်ပြောတာပါ။ လူတစ်ဦး တစ်ယောက်အတွက် ပြင်ဖို့ပြောနေတာ မဟုတ်ပါဘူး။ ယခင် အခြေခံဥပဒေတွေမှာ ပါခဲ့မယ်ဆိုရင် ဦးနေဝင်းနဲ့ ရတနာနတ်မယ်နဲ့ ယူလို့မရဘူး။ စဝ်ရွှေသိုက်လည်း သမ္မတ ဖြစ်လာစရာ အကြောင်းမရှိဘူး။ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ အခြေခံဥပဒေတွေ ကိုလေ့လာပါ။ ဒီလို ၅၉ (စ)လို ပုဒ်မ မပါဘူး။ ဒါက အစကတည်းက လူတစ်ဦး တစ်ယောက်အတွက် ကန့်သတ်ပြီး ရေးခဲ့တာ။ အခုက အန်ကယ်တို့ ခေါင်းဆောင် (ဒေါ်အောင်ဆန်းစုကြည်) အတွက် ရည်ရွယ်ပြီးပြင်ဖို့ ပြောနေတာ မဟုတ်ဘူး။
Voice : ဒီပုဒ်မ ပြင်မယ်ဆိုရင် ၇၅ ရာခိုင်နှုန်းအထက်က ထောက်ခံမှ ဖြစ်မယ်ဆိုတော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကလည်း မပြင်ချင်ဘူးလို့ လွှတ်တော်မှာ သဘောထား မှတ်ချက်ပေးရင် ဘယ်လိုလုပ်မလဲ။
UWM : အဖွဲ့အစည်းတွေ၊ ပါတီပိုင်းတွေကို ကွဲပြားတဲ့ အချက်တွေ ထည့်သွင်း မပြောချင်ပါဘူး။ အချုပ်အခြာ အာဏာကို ပြည်သူကပဲ ပိုင်တယ်။ လူ့အခွင့်အရေး ကြေညာ စာတမ်းမှာလည်း ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူက အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ကို ရွေးကောက် တင်မြှောက်ခွင့် ရှိတယ်ဆိုတာ ပါပြီးသားပဲ။ ပြည်သူ ဆန္ဒရှိတဲ့သူကို ကြိုးတုပ်ပြီး ပြည်သူ့ဆန္ဒ မရှိတဲ့သူကို ရွေးကောက် တင်မြှောက်မယ်ဆိုရင် အဲဒါ ဒီမိုကရေစီ မဟုတ်ဘူး။
Voice : ဒီ ၅၉ (စ) ပြင်ဆင်ရေးဟာ အောင်မြင်မယ်လို့ မျှော်လင့်ပါသလား။
UWM : အောင်မြင်တဲ့အထိ ကြိုးစားမယ်။ ဒီမိုကရေစီ တောင်းဆိုမှုကြောင့် သေသွားတဲ့ လူတွေရဲ့လမ်းမှာ အဲဒီပန်းတိုင် ရောက်အောင် ကြိုးစားမှာပဲ။
Voice : ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါင်းစည်း လုပ်ကိုင်မယ်ဆိုတဲ့ အသံတွေနောက်မှာ သူ့အနေနဲ့ ဒီပုဒ်မ ပြင်ဆင်ရေးအတွက် ကူညီမယ်လို့ ထင်ပါသလား။
UWM : ကြိုတင်ပြီးလည်း မပြောချင်ပါဘူး။ အကြောင်းအရာ အချက်အလက် ထွက်လာမှပဲ ပြောလို့ရမှာပါ။ လူတစ်ယောက် စိတ်ထဲရှိတာကိုတော့ အကြားအမြင် မရတော့ မပြောတတ်ပါဘူး။ ဘုရားဟော အတိုင်းပဲ လက်တွေ့ကျကျ ပစ္စုပ္ပန်ပဲ ကြည့်ပါမယ်။



ကန့်ကွက် ဟောပြောခဲ့သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်နှင့် တွေ့ဆုံခြင်း


Voice : ၅၉ (စ) ကို ဘာလို့ မပြင်စေချင်တာလဲ၊ မပြင်စေချင်တဲ့ အကြောင်းအရင်းကကော ဘာလဲခင်ဗျာ။
DKWK : ၅၉ (စ) မှာ တိုင်းရင်းသားနဲ့ ပတ်သက်တာ၊ နိုင်ငံသားနဲ့ ပတ်သက်တဲ့ အရောအနှောတွေ ပါနေတဲ့အတွက် မပြင်စေချင်တာပါ။
Voice : အရောအနှောဆိုတာ ဘာကို ဆိုလိုတာလဲခင်ဗျာ။
DKWK : အရောအနှော ဆိုတာက ရပ်ကွက် အုပ်ချုပ်ရေးမှူး ကန့်သတ်ချက်မှာတောင် တိုင်းရင်းသား မိဘနှစ်ပါးကနေ မွေးဖွားတာတွေ၊ ရပ်ကွက်ထဲမှာ ဆယ်နှစ် နေထိုင်ပြီးတဲ့သူ ဖြစ်ရမယ်၊ သူရဲ့မိသားစုသည် အကျင့်စာရိတ္တ ကောင်းမွန်ရမယ်လို့ ပါတယ်။ အခြေခံမှာတောင် အဲဒီလို ပါထားတာ သမ္မတနေရာ ဆက်ခံမယ့်သူက ဒီထက်ပိုပြီး အရေးကြီးတယ်။ သမ္မတဆိုတာ နိုင်ငံရဲ့ ဦးသျှောင်လေ၊ ဘယ်ဘက်မှ ဟာပေါက် ယိုပေါက် မရှိအောင် ပြဋ္ဌာန်းထားမှ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ အဓွန့်ရှည်မယ်လေ။
Voice : ၅၉ (စ) ကိုပြင်ရင် ဘယ်လို့ ထိခိုက်မှုတွေ ရှိနိုင်ပါသလဲ။
DKWK : ၅၉ (စ)ကို ပြင်လိုက်မယ် ဆိုရင် တက်လာတဲ့လူသည် ၅၉ (စ) ရဲ့ အပြင်ကလူပဲ ဖြစ်သွားမယ်။ ဒီလိုဆို ဝင်လာတဲ့ သမ္မတ အနေနဲ့ကလည်း နိုင်ငံတကာကို အရမ်းအထင်ကြီးပြီး မြန်မာကို အရမ်းအထင်သေးတဲ့ သမ္မတဖြစ်လာမယ်၊ ကမ္ဘာကြီး ရှိတာကို လက်ခံတယ်။ ကမ္ဘာကိုကြည့်ပြီး ပြောနေရင်လည်း မကောင်းတာတွေကို မကောင်းဘူးလို့ မြင်နိုင်ဖို့ လိုတယ်။ နိုင်ငံရဲ့ အတိတ် အခြေအနေ၊ ဖြစ်နေတဲ့ အခြေအနေနဲ့ နောက်ဖြစ်လာ လတ္တံ့ကို ကြည့်ပြီး ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ကြည့်ပြီးလုပ်ရမယ်၊ နိုင်ငံရဲ့ ရေမြေတောတောင် သဘာဝ အယူအဆအရ ဒီမိုကရေစီကို ပုံတူကူးမရဘူး။ ကိုယ့်နိုင်ငံနဲ့ သဟဇာတ ဖြစ်တဲ့ဟာ လုပ်ထားတဲ့ အဲဒီ ၅၉ (စ) ကို ဖယ်လိုက်ခြင်းအားဖြင့် ကိုယ့်နိုင်ငံနဲ့ သဟဇာတ မဖြစ်တဲ့ အခြေအနေ တစ်ခုလို့ပဲ ပြောလို့ရမယ်။ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို နှစ်ပေါင်း ၁၀၀ ကျော် ထိပါးခံခဲ့ရတော့ အာဇာနည် ပုဂ္ဂိုလ်ကြီးတွေက ၁၉၄၇ အခြေခံဥပဒေမှာ တခြားနိုင်ငံရဲ့ သြဇာအာဏာ ခံယူထားရင် သမ္မတမပြောနဲ့ အမတ်တောင် ဖြစ်ခွင့်မရှိဘူး။ အဲဒီကနေ စီးဆင်းလာပြီး ဖြေလျှော့လိုက်လို့ အခု ၅၉ (စ) ဖြစ်လာတာ၊ အမတ် လုပ်လို့ရလာတာ။ အခု ၅၉ (စ) က အဲဒီ ၁၉၄၇ နဲ့ ၁၉၇၄ အခြေခံဥပဒေတွေနဲ့ ပတ်သက်မှု မရှိဘူးဆိုပြီး ပြောနေတာက ရူးနေလို့ပြောတာ၊ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ သာသနာအတွက် ရေးဆွဲခဲ့တာကို မပတ်သက်ပါဘူးလို့ ပြောတာဟာ ဦးနှောက်မရှိလို့ ပြောတာပါ။
Voice : ၅၉ (စ) ကို ရေးဆွဲထားခြင်းက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်အောင် ပိတ်ပင်ထားချင်တာကြောင့် ဆိုတဲ့အပေါ်မှာ ဘယ်လိုယူဆပါသလဲ။
DKWK : အဲဒါက တိုက်ဆိုင်တာပါ။ အခြေခံဥပဒေဆိုတာ နိုင်ငံတစ်ခုရဲ့အသက်၊ အဲဒီတစ်ယောက် အတွက်နဲ့ ရေးဆွဲထားတယ်ဆိုရင် အဲဒီတစ်ယောက် ပြီးသွားရင် ဒါကို ဖျက်ပစ်လို့မှ မရတာ။ သူ့အတွက် လုပ်ထားတာ မဟုတ်ဘူး၊ အရှည်ကြီးတွေးပြီး ရေးဆွဲထားတာပါ။
“ကန့်ကွက်သွားမယ်၊ မပြင်ဖို့ တောင်းဆိုသွားမယ်”
Voice : လွှတ်တော်ထဲမှာ ၅၉ (စ) ကို ပြင်ဖို့ ဖြစ်လာရင်ကော ကန့်ကွက်မှာလားဗျ။
DKWK : ကန့်ကွက်သွားမယ်၊ မပြင်ဖို့ တောင်းဆိုသွားမယ်။
Voice : ၅၉ (စ) ကို မပြင်ဖြစ်ဘူးဆိုရင် အချို့သော လူထုလမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ဖြစ်လာနိုင်တယ်လို့ကော မထင်ဘူးလားဗျ။
DKWK : ခေါင်းဆောင်ဆိုတာ ကိုယ့်ပရိသတ်ကို ထိန်းချုပ်နိုင်ရမယ်။ လမ်းပေါ် မထွက်တာကို ထွက်ဖို့ ပြောလို့ရသလို ထွက်လာတာကို မထွက်အောင် ပြောလို့ရတယ်။ အဲဒီပရိသတ်ကို ခေါင်းဆောင်တဲ့ ပုဂ္ဂိုလ် အရည်အချင်းပေါ်မှာ မူတည်တယ်။ နိုင်ငံမှာ တစ်ခုခုဖြစ်ရင် အဓိက သက်ရောက်ပြီး ခံစားရတာတွေက အောက်ခြေ ပြည်သူတွေ၊ အခြေခံ လူတန်းစားတွေပဲ ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ဘယ်သူဒုက္ခရောက်လဲ၊ နိုင်ငံခြားကို ဘယ်သူတွေ အောက်လမ်းက ရောက်သွားလဲ။ ဘယ်သူတွေ ပြည့်တန်ဆာတွေ ဖြစ်ကုန်လဲ၊ အဖူးအညွှန့်တွေ၊ လူငယ်တွေ အားလုံးပျက်စီး ဒုက္ခရောက်သွားကြတယ်။ အဲဒါတွေကိုရော အခုတိုင်းပြည်အတွက် ပြည်သူ အတွက်လို့ ပြောတဲ့သူတွေ ဘာတွေ ထောက်ပြတာ ရှိလို့လဲ။ ပြည်သူကို ချစ်တယ်ဆို၊ ကိုယ့်အချင်းချင်း တိုက်ခိုက်တာ ကိစ္စမရှိဘူး ပြည်သူကို ထိတာတွေက အများကြီး၊ နိုင်ငံရေးဆိုတာ မြန်မာ့နိုင်ငံရေးကို ပြောတာ။ ကိုယ်က ကမ္ဘာ့ခေါင်းဆောင် လုပ်မှာမဟုတ်ဘူး။ မြန်မာ့ခေါင်းဆောင် လုပ်မယ့်သူက ကိုယ့်နိုင်ငံရေးကို စိတ်ဝင်စားရမယ်။
Voice : သူရဦးရွှေမန်း အနေနဲ့ ၅၉ (စ) ကို ပြင်ဆင်ဖို့ကို ထောက်ပံ့ ကူညီနိုင်မယ်လို့ ထင်လားဗျ။
DKWK : သူရဦးအောင်ကိုက ပြောထားတယ်လေ။ ပြင်ချင်တဲ့အထဲမှာ သူနဲ့ ဦးရွှေမန်းပဲ ပြင်ချင်တယ်လို့ ပြောထားတာပဲ။ သူပြောတာကို ကောက်ပြီးပြောရင် ဦးရွှေမန်းက ၅၉ (စ) ကို ပြင်ချင်တဲ့အထဲမှာ ပါတယ်ဆိုတော့ ကူညီမှာပေါ့။
Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

The Voice Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis