menu

Wednesday 19 February 2014

ယာဉ်ထိန်းရဲတစ်ဦးကို မိသားစုလိုက် ၀ိုင်းရိုက်သည်ဟုဆိုကာ အမှုဖွင့်ထား



ဇော်ဇော်ထွေး|ဖေဖော်ဝါရီ ၁၈ ရက်၊ အင်္ဂါနေ့၊ ၂၀၁၄ ခုနှစ်။

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မီးပွိုင့်တစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတစ်ဦးကို ယခင်ပြဿနာဖြစ်ပွားခဲ့သည့် ယာဉ်မောင်းက ဖေဖော်ဝါရီ ၁၀ ရက်တွင် မိသားစုနှင့်အတူ ရောက်ရှိလာပြီး ၀ိုင်းဝန်းရိုက်နှက်သဖြင့် တစ်ပတ်အကြာ ဖေဖော်ဝါရီ ၁၆ ရက်က အမှုဖွင့်တိုင်ကြားထားသည်ဟု ရန်ကုန် တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါအမှုကို မင်္ဂလာတောင်ညွန့်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၂၈)မှ ရဲတပ်ကြပ်ကြီး သောင်းဒန်က အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

၎င်းင်းသည် သိမ်ဖြူလမ်းနှင့် ကန်ပတ်လမ်းထောင့်ရှိ မီးပွိုင့်တွင် တာဝန်ထမ်းဆောင်စဉ် ဖေဖော်ဝါရီ ၉ ရက် တွင် ၉ဃ /----တိုယိုတာ Wave အနက်ရောင် အမျိုးအစားကားမှာ သိမ်ဖြူလမ်းဘက်သို့ ကွေ့ရမည့် ညာ ဘက်အစွန်ဆုံး ဖရီးလမ်းကြောမှ၍ ညာဘက်သို့မကွေ့ဘဲ ရှေ့တည့်တည့် သို့ မောင်းနှင်ခဲ့သည်ဟုလည်း တရားလိုက လူမှုကွန်ရက်မီဒီယာတစ်ခုတွင် ဖော်ပြ ထားသည်။


ထို့ကြောင့် အဆိုပါယာဉ်ကို လက်ဖြင့် တားရာ ၎င်းယာဉ်မှာ မီးပွိုင့်တည့်တည့်တွင် ကားရပ်ပြီး “မင်းဘာ ကောင်မို့လို့ ငါ့ကားကို ရပ်ခိုင်းတာလဲ”ဟု ပြောဆိုကာ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် အခြားယာဉ်ကြောများပါ ပိတ်ဆို့မှုဖြစ်ပွားသဖြင့် တောင်းပန်ပြီး ဆက်လက်မောင်းနှင်ရန် ပြောဆိုခဲ့သဖြင့် ကားပေါ်မှ အမျိုးသမီးတစ်ဦးဆင်းလာပြီး ယာဉ်မောင်းကို ကားထဲသို့ ဆွဲခေါ်ပြီး မောင်းနှင် သွားခဲ့သည်ဟု သတင်းဌာနတစ်ခုမှတစ်ဆင့် တင်ပြပြောဆိုထားသည်။

ထို့နောက် ဖေဖော်ဝါရီ ၁၀ ရက်ညနေ ၆ နာရီခွဲအချိန်တွင် အဆိုပါကားမှာ ပြန်လည်ရောက်ရှိလာပြီး ယာဉ်ပေါ်မှ အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦးတို့ ဆင်းလာကာ “မနေ့က ဘာဖြစ်တာလဲ”ဟု မေး မြန်းပြီး ၀ိုင်းဝန်းရိုက်နှက်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါယာဉ်မှာ မိသားစုဝင်များဟု ထင်ရသော လူခုနစ်ဦးဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး မိခင်ဖြစ်သူ ဟုယူဆရသည့် အမျိုးသမီးကြီးက စီးထားသည့် ဖိနပ်ဖြင့် လိုက်လံရိုက်ခဲ့သည်ဟု ဦးသောင်းဒန်က အွန် လိုင်းသတင်းဌာနတစ်ခုမှတစ်ဆင့် တင်ပြထားသည်။

ထို့ပြင် အမျိုးသားတစ်ဦးက ခဲဖြင့်လိုက်လံထုခဲ့သည့်အပြင် စည်ပင်အမျိုးသမီးကြီးတစ်ဦး၏ တံမြက်စည်း အား လုယူပြီး လိုက်လံရိုက်နှက်ခဲ့ကြောင်းနှင့် ၎င်း၏ဖခင်ဟု ယူဆရသူက ယာဉ်ထိန်းရဲ၏ စကားပြော စက်ကို လုယူသွားခဲ့သည်ဟု တပ်ကြပ်ကြီးက တင်ပြထားသည်။

အဆိုပါ ရိုက်နှက်မှုတွင် ယာလက်ဖူးရောင် ဒဏ်ရာရရှိပြီး တာဝန်ထမ်းဆောင်၍ မရအောင် ၀ိုင်းဝန်း ရိုက်နှက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ လေးဦးကို စုံစမ်းအရေးယူပေးရန် အမှုဖွင့်တိုင်တန်းလိုက်ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကလည်း ဆိုထားသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis