menu

Wednesday 19 February 2014

စာပေဟောပြောပွဲများ ဟန့်တား နှောင့်ယှက်ခံရမှု ဒေသအာဏာပိုင်များနှင့် ညှိနှိုင်းလုပ်ဆောင်ရန် ဦးရဲထွဋ် အကြံပြု

Photo: စာပေဟောပြောပွဲများ ဟန့်တား နှောင့်ယှက်ခံရမှု ဒေသအာဏာပိုင်များနှင့် ညှိနှိုင်းလုပ်ဆောင်ရန်   ဦးရဲထွဋ် အကြံပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

မန္တလေး၊ ရန်ကုန် ကဲ့သို့သော မြို့ကြီး အချို့တွင် စာပေဟောပြောပွဲများကို ဟန့်တား နှောင့်ယှက်ခံရမှုများ ကြုံတွေ့ လာရသောကြောင့် စာပေဟောပြောပွဲ မကျင်းပမီ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ ဖြစ်သည့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများနှင့် ကြိုတင် ညှိနှိုင်းလုပ်ဆောင်ရန် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အကြံပြု ပြောကြားသည်။ 

၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ ပျော်ဘွယ်နှင့် တပ်ကုန်းမြို့တို့တွင် စာပေဟောပြောပွဲ ကျင်းပခွင့် ပိတ်ပင်ခံရခြင်း၊ စာရေးဆရာများ ဟောပြောခွင့် ပိတ်ခံရခြင်းနှင့် ဟောပြောခွင့်ရ စာရေးဆရာ အချို့ကို လူပုဂ္ဂိုလ်နှင့် ရဟန်းသံဃာ အချို့က ဟန့်တား နှောင့်ယှက်ခဲ့မှုများနှင့် ပတ်သက်၍ The Voice ၏ မေးမြန်းမှုကို ၎င်းကအထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။
“ဒီလိုဟန့်တား ပိတ်ပင်တာတွေက အခြေခံ ဥပဒေနဲ့လည်း မညီပါဘူး။ အကောင်းဆုံးကတော့ တိုင်းဒေသကြီး အစိုးရတွေနဲ့ ညှိနှိုင်း ဆောင်ရွက်သင့်တယ်။ ဥပဒေကြောင်းအရ ဆောင်ရွက်လို့ ရပေမယ့် နောက်ဆုံးအဆင့်မှ အဲဒီလို စဉ်းစားတာ ကောင်းပါတယ်” ဟု ဦးရဲထွဋ်က အကြံပြုသည်။

ထိုသို့ စာပေဟောပြောပွဲများ ဟန့်တား နှောင့်ယှက် ခံရမှုများမှာ ဒီမိုကရေစီကို ဆန့်ကျင်သော လုပ်ရပ်များ ဖြစ်ပြီး အခြားသော ရည်ရွယ်ချက်များလည်း ပါရှိနေကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ထုတ်ပြန် ပြောဆိုသည်။

ယင်းအတွက် အာဏာရှင်စနစ်ချုပ် ငြိမ်းရေးနှင့် ဒီမိုကရေစီ ထွန်းကားရေး လိုလားသော နိုင်ငံသားများအနေနှင့် စာရေးဆရာများ၏ အခွင့်အရေးကို ဝိုင်းဝန်း ကာကွယ်ရမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ဟောပြောခွင့် ဟန့်တားခံရသူ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမြအေးကလည်း ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ၎င်း၏ စာပေဟောပြောခွင့်ကို လူပုဂ္ဂိုလ်နှင့် ရဟန်းသံဃာအချို့က လာရောက် ဟန့်တားသည့်အပေါ် ငြိမ်းချမ်းသော နည်းလမ်းဖြင့်သာ ဖြေရှင်းသွားမည် ဖြစ်ကြောင်း The Voice သို့ ပြောဆိုသည်။
“ဒါတွေက ဘာသာရေးနဲ့ မဆိုင်ပါဘူး။ နိုင်ငံရေး ကိစ္စတွေပါ” ဟု အစ္စလာမ် ဘာသာဝင် တစ်ဦးဖြစ်သူ ဦးမြအေးက ဆိုသည်။

မြန်မာနိုင်ငံရှိ နေရာဒေသ အချို့တွင် စာပေဟောပြောပွဲများကို ဒေသအာဏာပိုင်များက ပွဲမိန့် ကန့်သတ်နေမှုကိုလည်း ဖြေလျှော့ ပေးသင့်ကြောင်း၊ ပွဲစီစဉ်သူများကလည်း သတ်မှတ် စည်းမျဉ်း စည်းကမ်းများနှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်မှ အစိုးရအဖွဲ့ထိတိုင် ညှိနှိုင်း လုပ်ဆောင်ခွင့် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်က ပြောဆိုသည်။

မစိုးရိမ်တိုက်သစ် နာယက ဆရာတော် တစ်ပါးဖြစ်သူ အရှင်ဝီရသူကမူ “ဦးကိုနီကို အယုံအကြည် မရှိလို့ဖြစ်တာ။ ကိုမြအေးကတော့ သမီးရဲ့အရိပ် လွှမ်းခံရတာပေါ့။ သားသမီးမကောင်း မိဘခေါင်းလေ” ဟု စာပေဟောပြောပွဲခွင့် ဟန့်တားခံရမှုများနှင့် ပတ်သက်၍ မိန့်ကြားသည်။

ဇန်နဝါရီလမှ စတင်၍ ဦးမင်းကိုနိုင်၊ ဦးဂျင်မီ စသည့် နိုင်ငံရေး ခေါင်းဆောင် စာရေးဆရာနှစ်ဦး၏ တပ်ကုန်းမြို့စာပေ ဟောပြောပွဲကို ပိတ်ပင်ခြင်း၊ ပျော်ဘွယ် မြို့နယ်တွင် စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ဦးဘုန်း (ဓာတု) တို့ကို ဟောပြောခွင့် ပိတ်ပင်ခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အစ္စလာမ် ဘာသာဝင် စာရေးဆရာ ရှေ့နေဦးကိုနီနှင့် နိုင်ငံရေး ခေါင်းဆောင် စာရေးဆရာ ဦးမြအေးတို့၏ စာပေဟောပြောပွဲ ပိတ်ပင် ဟန့်တားခံရခြင်းများ ဖြစ်ပွားခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis