menu

Sunday 26 January 2014

ပြန်ကြားရေးနှင့် Sky Net တို့၏ အကျိုးအမြတ်စာချုပ် ဘာကြောင့်ပြည်သူကို အသိမပေးဝံ့ခဲ့သလဲ၊ စာချုပ်၌ နိုင်ငံတော်က အကျိုးအမြတ် လေးရာခိုင်နှုန်းသာ စတင်ရရှိပြီး Sky Net က ၉၆ ရာခိုင်နှုန်းအထိ ရရှိမည့်အပြင် အခွန်နှင့်အခအရပ်ရပ် သုံးနှစ်ကင်းလွတ်ခွင့်ပါ ရရှိ

Photo: ပြန်ကြားရေးနှင့် Sky Net တို့၏ အကျိုးအမြတ်စာချုပ် ဘာကြောင့်ပြည်သူကို အသိမပေးဝံ့ခဲ့သလဲ၊ စာချုပ်၌ နိုင်ငံတော်က အကျိုးအမြတ် လေးရာခိုင်နှုန်းသာ စတင်ရရှိပြီး Sky Net က ၉၆ ရာခိုင်နှုန်းအထိ ရရှိမည့်အပြင် အခွန်နှင့်အခအရပ်ရပ် သုံးနှစ်ကင်းလွတ်ခွင့်ပါ ရရှိ

သတင်းစာရှင်းလင်းပွဲ၌ပင် အများပြည်သူသိရှိစေရန် ချပြခြင်းမပြုဘဲ လျှို့ဝှက်ထားခဲ့သည့် ရွှေသံလွင်မီဒီယာ (Sky Net) နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့အကြား ချုပ်ဆိုထားသည့်စာချုပ်ပါ အကျိုးအမြတ်ခွဲဝေမှုမှာ ယခုအခါထွက်ပေါ်လာခဲ့ပြီဖြစ်သည်။
    
စာချုပ်အရ အကျိုးအမြတ်ခွဲဝေမှုအပိုင်းတွင်လည်း ရွှေသံလွင်(Sky Net) မီဒီယာအား ၉၆ရာခိုင်နှုန်းအထိပေးထားပြီး နိုင်ငံတော်မှ လေးရာခိုင်နှုန်းသာ စတင်ရရှိမည်ဖြစ်သည်။

သုံးနှစ်ကြာလျှို့ဝှက်ထားတဲ့  ပြန်ကြားရေးနဲ့ Sky Net တို့ရဲ့ ၃၃ နှစ် သက်တမ်းစာချုပ်
    
ဒီမိုကရေစီအစိုးရလက်ထက်ရောက်သည့်တိုင် ပြည်သူသို့ချမပြရဲခဲ့သည့် ရွှေသံလွင်(Sky Net) မီဒီယာနှင့် ပြန်ကြားရေးဝန်ကြီးဌာတို့ ချုပ်ဆိုထားသည့် စာချုပ်သည် ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၂၈ ရက်ကတည်းက စာချုပ်ချုပ်ဆိုခဲ့ကြခြင်းဖြစ်ပြီး ၃၃ နှစ်အထိ လုပ်ကိုင်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။
    
လုပ်ငန်းစတင်စဉ်က ၀င်ငွေနည်းပါးပြီး ကုန်ကျစရိတ်ကြီးမားသည့်အတွက်ဟုဆိုကာ ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အထိ သုံးနှစ်ကို နိုင်ငံတော်မှရရှိမည့် အကျိုးအမြတ်(အခ) နှင့် နိုင်ငံတော်သို့ပေးသွင်းရမည့် အခွန်အရပ်ရပ်တို့ကို ကင်းလွတ်ခွင့်ပေးထားခဲ့သည်။

ခြောက်ဆက်မြောက် သမ္မတသက်တမ်းရောက်မှ နိုင်ငံတော်က ၂၅ ရာခိုင်နှုန်းရမယ့် စာချုပ်
    
ကင်းလွတ်ခွင့်ဖြင့် သုံးနှစ်လုပ်ကိုင်ပြီးနောက်ပိုင်း အခွန်အခစတင်ပေးသွင်းရမည်ဖြစ်ပြီး အခွန်နှင့်အခစပေးရမည့် ပထမဆုံးငါးနှစ်တွင် နိုင်ငံတော်သို့ ပေးဆောင်ရမည့် အခွန်အခပေးပြီး ကျန်ရှိသည့် ငွေကြေး၏ လေးရာခိုင်နှုန်းသာ နိုင်ငံတော်ကရရှိမည်ဖြစ်ပြီး Sky Net မှ ၉၆ ရာခိုင်နှုန်းအထိ ရရှိမည်ဖြစ်သည်။
    
လေးရာခိုင်နှုန်းဖြင့် ငါးနှစ်ပြည့်မြောက်ပြီး နောက်ထပ် ဒုတိယငါးနှစ်တွင်လည်း နိုင်ငံတော်သို့ ရှစ်ရာခိုင်နှုန်းသာ ပေးသွင်းရမည်ဖြစ်ပြီး Sky Net က ၉၂ ရာခိုင်နှုန်း ရယူမည်ဖြစ်သည်။
    
နိုင်ငံတော်သို့ လေးရာခိုင်နှုန်း ငါးနှစ်နှင့် ရှစ်ရာခိုင်နှုန်းငါးနှစ် စုစုပေါင်း ၁၀ နှစ်ကျော်လွန်ပြီးနောက် တတိယငါးနှစ်၌လည်း နိုင်ငံတော်က ၁၂ ရာခိုင်နှုန်းသာရမည်ဖြစ်ပြီး Sky Net က ၈၈ ရာခိုင်နှုန်းအထိ ရရှိနေဦးမည်ဖြစ်သည်။
    
ယင်းနောက် စတုတ္ထငါးနှစ်တွင် နိုင်ငံတော်က ၁၆ ရာခိုင်နှုန်းသာရပြီး Sky Net မှ ၈၄ ရာခိုင်နှုန်း၊ ပဉ္စမငါးနှစ်တွင် နိုင်ငံတော်မှ ၂၀ ရာခိုင်နှုန်းနှင့် Sky Net က ၈၀ ရာခိုင်နှုန်း၊ ဆဋ္ဌမငါးနှစ်တွင် နိုင်ငံတော်မှ ၂၅ ရာခိုင်နှုန်းနှင့် Sky Net က ၇၅ ရာခိုင်နှုန်းဖြင့်သာ ပေးသွင်းရမည်ဖြစ်သည်။
    
အကျိုးအမြတ်အနှစ်ချုပ်လျှင် ငါးနှစ်တစ်ကြိမ် သမ္မတသက်တမ်းခြောက်ဆက်မြောက် ရောက်ရှိမှသာ နိုင်ငံတော်က ၂၅ ရာခိုင်နှုန်း ရရှိမည့်အခြေအနေလည်းဖြစ်သည်။

ဘာ့ကြောင့် ကွဲသလဲ ပြန်ကြားရေး
    
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကဖြင့် ရုပ်သံမီဒီယာနှင့်ပတ်သက်သော စာချုပ်များကို ရွှေသံလွင်မီဒီယာ(Sky Net)တစ်ခုတည်းနှင့် စာချုပ်ဖူးခြင်းမဟုတ်ဘဲ Forever Group နှင့် ၂၀၀၆ ခုနှစ် မတ်လ ၃ ရက်နေ့ကတည်းက လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ဖူးပြီး ဖြစ်သည်။
    
Forever Group နှင့် ၂၀၀၆ ခုနှစ်ကတည်းက စာချုပ်စဉ်က အခွန်ကင်းလွတ်ခွင့် လုံးဝပါဝင်ခြင်းမရှိဘဲ စတင်လုပ်ကိုင်သည်နှင့် ၀င်ငွေ၏ ၂၅ ရာခိုင်နှုန်းထက်မနည်း ရာခိုင်နှုန်း ၅၀ထက် မကျော်လွန်စေရဘဲ နိုင်ငံတော်သို့ ပေးဆောင်ရမည်ဆိုသော စည်းကမ်းချက်ဖြင့် စာချုပ်ခဲ့ဖူးပြီး ဖြစ်သည်။
    
ထို့အတွက် ၂၀၀၅-၂၀၀၆ ဘဏ္ဍာနှစ်မှ ယခုအစိုးရသစ်လက်ထက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ သြဂုတ်လရောက်သည်အထိ Forever Group မှ နိုင်ငံတော်သို့ လစဉ်ဝင်ငွေ၏ ရာခိုင်နှုန်း ၅၀ ကို နိုင်ငံတော်သို့ ပေးသွင်းခဲ့ပြီး သြဂုတ်လအထိ ကျပ်သန်းပေါင်း ၉၈၃၀ ကျော်အား ပေးသွင်းထားပြီးဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့သည်။
    
ထိုသို့စာချုပ်ဖူးသည့် အတွေ့အကြုံရှိသော်လည်း ၂၀၁၀ ပြည့်နှစ် ဇူလိုင်ရောက်ရှိမှ Sky Net ဖြင့် စာချုပ်ရာတွင်မူ စတင်သည်မှ သုံးနှစ်အခွန်အခ ကင်းလွတ်ခွင့်၊ အခွန်အရပ်ရပ် စတင်ပေးရမည့်အချိန်မှ ငါးနှစ်အတွင်း နိုင်ငံတော်က လေးရာခိုင်နှုန်းသာရပြီး သမ္မတသက်တမ်း ခြောက်ဆက်မြောက်ရောက်မှ ၂၅ ရာခိုင်နှုန်း နိုင်ငံတော်ကရမည့် စည်းကမ်းချက်များဖြင့် ချုပ်ဆိုခြင်းမှာမူ မည်သည့်အတွက်ကြောင့်လဲ၊ တစ်ကျောင်းတစ်ဂါထာများလားဟုပင် မေးစရာကောင်းလှပါသည်။

တစ်မိနစ်ကြော်ငြာခ ၁၁ သိန်းနဲ့ ရုပ်သံမီဒီယာတွေရဲ့ ၀င်ငွေ
    
Forever၊ ရွှေသံလွင်(Sky Net) ရုပ်သံမီဒီယာများ၏၀င်ငွေကို ပြန်လည်တွက်ချက်ကြည့်လျှင် ကြော်ငြာခတစ်မျိုးတည်းမှပင် တစ်မိနစ်လျှင် အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံးကျပ် ၁၁ သိန်းအထိ ရရှိနေကြသည်။
    
တစ်မိနစ် ကျပ် ၁၁ သိန်းဆိုသည်မှာ ၀င်ငွေနည်း ပြည်သူတစ်ဦးတစ်နှစ်မှ နှစ်နှစ်အထိ ရှာဖွေမှရရှိမည့် လုပ်ခလစာပမာဏ ဖြစ်သည်။
    
ကြော်ငြာခတစ်မျိုးတည်းမှ တစ်ရက်လျှင် ကျပ်သိန်း ၃၀၀ နီးပါးမှ ကျပ်သိန်း ၆၀၀ ၀န်းကျင်အထိ ရရှိနေကြသည်။
    
လစဉ်ကြေးဆိုလျှင်လည်း ရွှေသံလွင် (Sky Net) မီဒီယာတစ်ခုတည်းပင် တစ်နိုင်ငံလုံးတွင် အလုံးရေငါးသိန်းနှင့်အထက် (အတိအကျဖြေဆိုခြင်းမရှိ) အထိ တပ်ဆင်ထားပြီးဖြစ်ရာ တစ်နှစ်လျှင် ပျမ်းမျှအနည်းဆုံး ကျပ်သန်းပေါင်း ၇၀၀၀ ၀န်းကျင်အထိ ၀င်ငွေရရှိနိုင်သည့် လုပ်ငန်းများဖြစ်သည်။

ပြည်သူသိမှာ စိုးတာလား
    
Forever၊ ရွှေသံလွင် (Sky Net) ရုပ်သံမီဒီယာများ၏ အခွန်ဆောင်မှု၊ အဆိုပါရုပ်သံမီဒီယာများနှင့် ပြန်ကြားရေးဝန်ကြီးဌာန ဆက်စပ်ပတ်သက်မှုတို့နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၈ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်ခဲ့ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးဦးပိုက်ထွေး ဦးဆောင်သည့်အဖွဲ့တို့ တက်ရောက်ရှင်းလင်းခဲ့ကြသည်။
    
ထိုသို့ ရှင်းလင်းရာတွင် မီဒီယာများမှ ရွှေသံလွင် (Sky Net) နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ စာချုပ်ချုပ်ဆိုရာတွင် နိုင်ငံတော်မှ ရမည့်အကျိုးအမြတ်၊ Sky Net မှရမည့် အကျိုးအမြတ်ခွဲဝေမှုကို မီဒီယာများက အကြိမ်ကြိမ်မေးမြန်းသော်လည်း ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက လုံးဝပြန်လည်ဖြေကြားခြင်းမပြုဘဲ လျှို့ဝှက်ထားခဲ့ပြီး ရှင်းလင်းပွဲကိုပင် ရုပ်သိမ်းခဲ့ကြသည်။
    
ထို့အတွက် ပြည်သူကိုအသိမခံဝံ့၍ပင် ဖြေကြားမှုမရှိခြင်းဟု ယူဆရမည်ဖြစ်ပြီး ထို့ထက်ပို၍ဆိုရလျှင် ယခုကဲ့သို့ ပုဂ္ဂလိကသာ ကောင်းစားစေမည့် အကျိုးအမြတ်ခွဲဝေမှုကြောင့်လားဟု သုံးသပ်ရမည်ဖြစ်သည်။
    
Sky Net ရုပ်သံလိုင်းတည်ထောင်ထားသည့် ရွှေသံလွင်မီဒီယာမှာ ရွှေသံလွင်ကုမ္ပဏီ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး ရွှေသံလွင်ကုမ္ပဏီသည် ကုန်သွယ်မှု၊ တည်ဆောက်မှု၊ ကုန်ထုတ်လုပ်မှု၊ ရုပ်သံစသည်ဖြင့် လုပ်ငန်းစုံလုပ်ကိုင်လျှက်ရှိသည့် ကုမ္ပဏီဖြစ်သည်။
    
တစ်ဖက်တွင် မီဒီယာလုပ်ငန်း လုပ်ကိုင်သကဲ့သို့ တစ်ဖက်တွင်လည်း စီးကရက်၊ ဘီယာလုပ်ငန်းများကို ရွှေသံလွင်စက်မှုဇုန်၌ လုပ်ကိုင်ခွင့်ရရှိထားပြီး ၂၀၁၂ ခုနှစ် ဇူလိုင် ၁၁ ရက်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တည်ထောင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။
    
သင်္ကြန်ကာလအတွင်းက Sky Net မဏ္ဍပ်တွင် စီးကရက်များဝေသည်ကိုလည်း တိုက်ရိုက်ထုတ်လွှင့်ပြသခွင့် ရရှိခဲ့သည်အထိ အခွင့်အရေးရရှိခဲ့ပါသည်။
    
ရှမ်းပြည်နယ်တွင် တောင်သူများထံမှ လယ်ယာမြေအပါအ၀င် မြေဧရိယာ ၁၃၇၅ ဧကကို စိုက်ပျိုးရေးအတွက်ဟုဆိုကာ သိမ်းယူခဲ့ပြီး တောင်သူများအား လျော်ကြေးမပေးသည့်အတွက်လည်းကောင်း၊ မူလတောင်သူကို ပြန်လည်ပေးအပ်ခြင်းမပြုသည့် အပြင်အဆိုပါ လယ်ယာမြေများကို သီးစားခယူကာ ပြန်အငှားချခြင်း ပြုလုပ်နေသည့်အတွက် လွှတ်တော်၏ အစီရင်ခံစာတွင် ဖော်ပြခံခဲ့ရသည်။
    
အများပြည်သူလုပ်ကိုင်ခွင့်ရရှိရန် ခက်ခဲသည့် လုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်ခွင့်ရရှိထားသော်လည်း နိုင်ငံအတွက်အရေးပါသည့် အခွန်ပေးဆောင်ရမည့်အပိုင်းတွင်မူ ရွှေသံလွင်ကုမ္ပဏီမှာ ထိပ်တန်းအခွန်ထမ်း ၅၀၀ ဦးစာရင်း၌ပင် ပါဝင်လာခြင်း မရှိခဲ့ပေ။

ဒီလိုစာချုပ်တွေ ဘယ်လောက်များနေပြီလဲ
    
နိုင်ငံတော် ၄ ရာခိုင်နှုန်း၊ ရွှေသံလွင် (Sky Net)မှ ၉၆ ရာခိုင်နှုန်းရရှိသည့် စာချုပ်၊ နော်ချမ်းခမြစ်ဝှမ်းတစ်လျှောက် စီမံကိန်းများ တည်ဆောက်မှုအတွက် နိုင်ငံတော်မှ ၁၅ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီနှင့် ပြည်တွင်းရှိ IGE ကုမ္ပဏီမှ ၈၅ ရာခိုင်နှုန်းရရှိသည့် စာချုပ်၊ မြစ်ဆုံ၊ လက်ပံတောင်းအပါအ၀င် စီမံကိန်းပေါင်းများစွာအတွက် နိုင်ငံမှရသင့်ရထိုက်သည့် အကျိုးအမြတ်မရရှိပဲ လုပ်ငန်းရှင်သာ ပိုမိုကောင်းစားစေနိုင်သည့် စာချုပ်ပေါင်း နိုင်ငံတွင် မည်မျှရှိနေသည်ကို သုံးသပ်ကာ ပြည်သူ့မျက်နှာကြည့်၍ ပြန်လည်ပြင်ဆင်သင့်ပြီ ဖြစ်သည်။
    
ထိုသို့မဟုတ်လျှင် နှစ်ပေါင်း ၃၀ နှင့်အထက် စာချုပ်သက်တမ်းများ မကုန်မချင်း နိုင်ငံနှင့်ပြည်သူသာဆင်းရဲပြီး လူတစ်စုသာ ကောင်းစားပြီးရင်း ကောင်းစားမည်ဖြစ်သည်။ 

(ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် အောက်ပုဇွန်တောင်လမ်းရှိ Sky Net ရုံးအဆောက်အအုံတစ်ခုအား တွေ့ရစဉ်)

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis