menu

Sunday 26 January 2014

ကျူးမြို့တော်

မြစ်ကမ်းဘေး မြေနုကျွန်းများပေါ်ရှိ လမုပင်များ၊ ကျူပင်၊ ကိုင်းပင်များကြားက အောက်ခံမြေသား ပျော့ပျော့ပေါ်တွင် ဝါးတဲပေါင်း ထောင်ချီ တွေ့နိုင်သည်။ ယင်းတို့ အနက် ဘုန်းကြီးကျောင်း တစ်ကျောင်းပင် ပါလိုက်သေးသည်။ မြင်ကွင်းကြောင့် ယင်းနေရာသည် မြို့ပြနှင့် ဝေးရာကမ်းပါးဟု ထင်က မှားသွားလိမ့်မည်။
မြန်မာနိုင်ငံ၏ လူဦးရေဆယ်ပုံတစ်ပုံ နေထိုင်သော ရန်ကုန်မြို့တော် တစ်ဖက်ကမ်း လှိုင်သာယာမြို့နယ်နှင့် တွံတေးမြို့နယ် အစပ်၊ လှိုင်သာယာ-တွံတေးသွား ကားလမ်းမကြီး ပေါ်ရှိ ပန်းလှိုင် မြစ်ကူးတံတားအနီး တွင် ယင်းသို့သော မြင်ကွင်းမျိုးကို မြင်နိုင်သည်။
မြစ်ကူးတံတားပေါ်သို့ တက်လိုက်သည်နှင့် တံတား၏ အစွန်းထိပ်ဘက်တွင် “ဆင်းရဲဒုက္ခ ရောက်နေသောအိုးမဲ့၊ အိမ်မဲ့ ပြည်သူများ သောင်ထွန်းမြေနုကျွန်း ပေါ်တွင် ခေတ္တယာယီ တဲထိုးနေထိုင်ရာ ဒေသ” ဟူသော အပြာရောင် ဗင်နိုင်းဆိုင်းဘုတ်ကို တွေ့ရမည်ဖြစ်သည်။
ဝါးဖြင့် ဆောက်လုပ်ထားသည့် ၁၀ ပေပတ်လည် ဝန်းကျင်ရှိ ထောင်နှင့်ချီသော ဝါးတဲများ၏ အစက အဘယ်ကနည်း။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှ စတင်၍ ရာဂဏန်းဝန်းကျင် ရှိသော လူအုပ်စု တစ်စုသည် အဆိုပါဒေသသို့ ရောက်ရှိလာပြီး ဘိုးဘွားပိုင်မြေများ၊ မြေနုကျွန်းများ ပေါ် ရှိ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းကာ အဆောက်အအုံများ ဆောက်လုပ်နေခဲ့ပြီး တစ်လအကြာတွင် ၄င်းတို့ ဆောက်လုပ်ထားသည့် အဆောက်အအုံ(တဲ)များ သောင်းဂဏန်း နီးပါးခန့်ပင် ရှိသွားပြီ ဖြစ်ကြောင်း ဒေသခံ ရွာသားများက ပြောဆိုသည်။


ယင်းကဲ့သို့ အလုံးအရင်း ရောက်ရှိလာခြင်းနှင့်အတူ မြေပိုင်ရှင်၊ ခြံပိုင်ရှင်များ၊ ဒေသခံများနှင့် ပြဿနာများ မကြာခဏ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများအတွက် လုံခြုံရေး စိုးရိမ်နေရကြောင်း တွံတေးမြို့နယ် ပဒံရေကျော် ကျေးရွာမှ ရွာသူ၊ ရွာသားများက ပြောကြားသည်။
ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်းက ဦးကျော်ထက်နိုင် ခေါင်းဆောင်သော လူ ၂၀၀ ဝန်းကျင်ခန့် စတင်ရောက်ရှိလာပြီး ဘိုးဘွားပိုင်မြေ ဖြစ်သည့် ပန်းလှိုင်မြစ်ကမ်း ဘေးရှိ ဥယျာဉ်ခြံ ပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ခြံစည်းရိုးများ ကာရံခြင်း စသည်များ ပြုလုပ်နေသဖြင့် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပိုင်ရှင်ဖြစ်သူက သွားရောက် ဟန့်တားရာတွင် နှစ်ဖက် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း အဆိုပါခြံပိုင်ရှင် ဦးသာဆိုင်က ပြောကြားသည်။
"သူတို့တွေ အဆောက်အအုံတွေ ဆောက်နေတာကို ကျွန်တော့်သမီးနဲ့ ခြံစောင့်တို့က သွားတားတယ်၊ ဒါကို သူတို့က တုတ်တွေ၊ ဓားတွေနဲ့ သတ်မယ်၊ ဖြတ်မယ်တွေ လုပ်တော့ တံတားမှာရှိတဲ့ လုံခြုံရေး ရဲကင်းထဲကို ဝင်ပြေးရတယ်၊ ရဲတွေသာ မရှိရင် မလွယ်ဘူး" ဟု ၄င်းက ဆိုသည်။
အဆိုပါခြံမြေ ကျူးကျော်ဝင်ရောက်မှု အတွက် ခေါင်းဆောင်ဖြစ်သူ ဦးကျော်ထက်နိုင် အပါအဝင် ခြောက်ဦးကို တွံတေးမြို့နယ်၊ ခလောက်ချိုက် ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သော်လည်း ဖမ်ဆီးနိုင်ခြင်း မရှိသေးကြောင်း၊ မြေကွက်များ အတွင်း ကျူးကျော် ဝင်ရောက်မှုမှာ တစ်နေ့တခြား ပိုမိုများပြား၊ ဆိုးရွားလာခဲ့ကြောင်း သမီးဖြစ်သူက ပြောကြားသည်။
ယင်းအပြင် အဆိုပါ ခြံမြေများအတွင်း ကျူးကျော်ဝင်ရောက်မှုကို အကြောင်းပြု၍ အိုးမဲ့၊ အိမ်မဲ့များကို နိုင်ငံတော်အစိုးရမှ မြေကွက်များ အခမဲ့ချ ထားပေးမည်ဆိုသော သတင်းများ ယင်းဒေသတွင် ထွက်ပေါ်လာပြီး မြေကွက်ဦးယူမှုများ အပြိုင်အဆိုင် ပြုလုပ်လာကြရာ လှိုင်သာယာ၊ တွံတေးသွား ကားလမ်းမ ဘေးဝဲယာရှိ လမ်းမြေများ ပေါ်တွင်လည်း နေအိမ်၊ အဆောက်အအုံများ၊ ဈေးဆိုင်ခန်း များဖြင့် နေရာလပ် မရှိတော့ကြောင်း ဒေသခံများက ဆိုသည်။
"ပန်းလှိုင်တံတားကနေ တွံတေးတံတား အထိပဲ၊ အကုန်လုံး သူတို့တွေချည်းပဲ ဦးယူကြတာ၊ ဒေသခံတွေ ဦးထားတာလည်း လက်မခံဘူး၊ သူတို့အုပ်စုဝင် တွေကလွဲရင် ဘယ်သူမှ အဝင်မခံဘူး" ဟု ပဒံရေကျော် ကျေးရွာအုပ်စု၊ ထင်းစုရွာသား တစ်ဦးက ဆိုသည်။
မြေကွက်များ ဦးယူထားမှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့ ကလည်း ဒေသခံ ရွာသားများနှင့် နှစ်ဖက် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ကျူးကျော်သူများ၏ လေးခွဖြင့် ပစ်ခတ်မှုကြောင့် ထင်းစုကျေးရွာသား ဦးမျိုးညွန့်၏ မျက်ခုံးကို ထိမှန်ခဲ့ပြီး အဆိုပါ ကျူးကျော်သူများ၏ မော်တော်ဆိုင်ကယ် ခြောက်စီးကို သိမ်းဆည်း ရမိခဲ့ကြောင်း ရွာသားတစ်ဦးဖြစ်သူ ကိုဝိုင်းက ပြောကြားသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ခလောက်ချိုက် ရဲစခန်း ကပင် ဦးဘကျော်ပါ ၁၅ ဦးကို ခြံဖျက်ဆီးမှု၊ ပစ်ခတ်မှုများ အပါအဝင် (ပ)၈၃/၁၃၊ ပုဒ်မ၊ ၄၄၇၊ ၅၀၆၊ ၃၃၈ နှင့် ၁၁၄ များဖြင့် အရေးယူ ဆောင်ရွက်နေကြောင်း၊ တရားခံများ ကိုမူ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း အဆိုပါရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားသည်။
ယင်းကဲ့သို့ ဥပဒေမဲ့ ကျူးကျော် ဝင်ရောက်ခြင်းများ၊ နှစ်ဖက်အကြား ဖြစ်ပွားသည့် ပြဿနာများကို သက်ဆိုင်ရာဒေသ အာဏာပိုင်များ၏ ထိရောက်စွာ အရေးယူနိုင်မှု မရှိခြင်းက ကျူးကျော်သူ များကို ပိုမို အတင့်ရဲလာစေကြောင်း လှိုင်သာယာ မြို့နယ်၊ အမျိုးသားဒီမိုကရေစီ အင်စားစု (NDF) ပါတီ ဥက္ကဋ္ဌဦးမြင့်သိန်းက ပြောကြားသည်။
"စပြီး ကျူးကျော်ဝင်ရောက်လာ ကတည်းက နိုင်အောင်ထိန်းခဲ့ရမှာ၊ အခုက အလုံးအရင်းနဲ့ ဖြစ်လာပြီဆိုတော့ ပိုခက်သွားတာပေါ့" ဟု ၄င်းက ဆိုသည်။
အဆိုပါ ကျူးကျော်ဝင်ရောက် ဆောက်လုပ်နေထိုင်သူများသည် လှိုင်သာယာ မြို့နယ်တွင် နေထိုင်လျက်ရှိသူများ ဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်များက လက်ရှိ နေအိမ်များမှ ဖယ်ရှားပေးရန် ညွှန်ကြားထားခြင်းကြောင့် နေစရာမြေ မရှိသဖြင့် ယခုကဲ့သို့ ကျူးကျော် ဝင်ရောက်ခြင်း ဖြစ်ကြောင်း၊ ၄င်းတို့အနေနှင့် ပိုင်ရှင်ရှိ မြေကွက်များပေါ်တွင် ဆောက်လုပ်နေထိုင်မည် မဟုတ်ဘဲ မြေနုကျွန်းများ တွင်သာ ဝင်ရောက်ကျူးကျော်ခြင်း ဖြစ်ကြောင်း ခေါင်းဆောင်ဖြစ်သူ ဦးကျော်ထက်နိုင်က ခုခံ ပြောကြားသည်။
ယင်းအပြင် ကားလမ်းမဝဲ၊ ယာရှိ လမ်းမြေများ ပေါ်တွင် ဝင်ရောက် ကျူးကျော်သူများသည် ၄င်းတို့အုပ်စုနှင့် သက်ဆိုင်ခြင်း မရှိသဖြင့် အဆိုပါလမ်းမြေ ကျူးကျော်သူတို့ နှင့်ပတ်သက်သည့် ပြဿနာများကို တာဝန်ယူ မည်မဟုတ်ကြောင်း ၄င်းက ပြောဆိုသည်။
"အိုးမဲ့၊ အိမ်မဲ့ဖြစ်နေတဲ့ ဒီလူတွေအတွက် ဘာမှလုပ်မပေးနိုင်ဘူး၊ ဒါကြောင့် ကျွန်တော် တတ်နိုင်သလောက် လုပ်ပေးမယ် ဆိုပြီး ဒီနေရာကို ခေါ်လာတာ။ ဒီနေရာက မြေနုကျွန်းလို့ သိထားတာ။ သုံးနှစ်လောက် ရှိပြီ ပေါ်နေတာ။ နိုင်ငံတော်ကို အခွန်အခ ပေးရမယ် ဆိုရင်လည်း ပေးမယ်။ ဒီနေရာကနေတော့ ဖယ်ပေးဖို့ မဖြစ်နိုင်ဘူး။ မြေနုကျွန်းနဲ့ ပတ်သက်တဲ့ ပြဿနာ ကိုတော့ ကျွန်တော် တာဝန်ခံနိုင်တယ်။ ဥပဒေနဲ့ မညီဘူးဆိုရင်လည်း ကြိုက်သလို အရေးယူလို့ ရတယ်၊ ကျွန်တော်တို့အတွက် လောလောဆယ် နေစရာရှိဖို့က အဓိကပဲ" ဟု ၄င်းက ပြောဆိုသည်။
ယခုဆိုလျှင် ၄င်းတို့၏ ကျူးကျော် ဧရိယာတွင် ဆောက်လုပ်ပြီးသည့် နေအိမ် (တဲ)ပေါင်း လေးထောင်ကျော်၊ ငါးထောင်နီးပါး ရှိသွားပြီဖြစ်ပြီး၊ ယင်းတို့အထဲတွင် ဘုန်းတော်ကြီးကျောင်း ငါးကျောင်းလည်း ဆောက်လုပ်လျက် ရှိကြောင်း၊ လက်ရှိအလုပ်အကိုင်ပေါ် မူတည်၍ လတ်တလော ပြောင်းရွှေ့နေထိုင်ရန် အဆင်သင့် မဖြစ်သေးကြောင်း ဦးကျော်ထက်နိုင်က ရှင်းလင်း ပြောဆိုသည်။ "သံဃာတော်တွေက ကျွန်တော်တို့က ပင့်ဖိတ်ထားတာမဟုတ်ပါဘူး။ သူတို့ ကလည်း ဒီမှာကျောင်းဆောက်၊ သီတင်းသုံး နေထိုင်ချင်တယ် ဆိုတော့ တားလို့မဖြစ်ဘူးလေ" ဟု ၄င်းက ဆိုသည်။
သို့သော် နေစရာမရှိသဖြင့် ဝင်ရောက် ကျူးကျော်နေသည် ဆိုသော်လည်း နေအိမ် (တဲ)များ ဆောက်လုပ်ပြီးပါက တစ်ဆင့်ပြန်လည် ရောင်းချခြင်း၊ ငှားရမ်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောကြားသည်။
"တဲထိုးပြီးသား မြေတစ်ကွက်ကို လေးသိန်း၊ ငါးသိန်းနဲ့ ပြန်ရောင်းနေကြတယ်၊ နည်းနည်းကျဉ်းတဲ့ မြေကွက် ဆိုရင်တော့ သုံးသိန်းလောက်ပေါ့" ဟု ရပ်မိရပ်ဖတစ်ဦး က ပြောကြားသည်။
ဆောက်လုပ်ပြီး နေအိမ်များ တဆင့် ပြန်လည်ရောင်းချခြင်းနှင့် ပတ်သက်၍ ကျူးကျော်အဖွဲ့ များ၏ ခေါင်းဆောင် ဦးကျော်ထက်နိုင်က "ကျွန်တော့်လူတွေ ကတော့ အဲဒါမျိုးမရှိပါဘူး၊ ခွင့်လည်း မပြုပါဘူး၊ လမ်းမဘက်အခြမ်းက အိမ်တွေတော့ ကျွန်တော် မပြောတတ်ဘူး၊ ကျွန်တော့် လူတွေ မဟုတ်ဘူးလေ" ဟု ဆိုသည်။
ကျေးရွာနယ်နိမိတ် အတွင်းထိ ရောက်ရှိလာသည့် အဆိုပါ ကျူးကျော်များကို ဒေသဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့် အုပ်ထိန်းရန် မလွယ်ကူကြောင်း ဦးလှအောင်က ရှင်းလင်းပြောဆိုသည်။
"မြို့နယ်ကတောင် ဒီအတိုင်း ကြည့်နေရတာလေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးက သူတို့ကို အုပ်ချုပ်ဖို့ မပြောနဲ့ သူတို့လုပ်နေတာ ကိုတောင် ခိုးကြောင်ခိုးဝှက်နဲ့ သွားချောင်းကြည့်ပြီး အထက်ကို သတင်းပို့ နေရတယ်၊ ညဘက်ဆိုရင်လည်း ဓားတွေ၊ တုတ်တွေနဲ့၊ ခွေးတွေ တရုန်းရုန်းနဲ့ လမ်းပေါ်လျှောက်သွား နေကြတာ" ဟု ရပ်မိရပ်ဖ ဦးလှအောင်က ပြောဆိုသည်။
ကျူးကျော်သူ များသည် ကားလမ်းမဘေးရှိ ကျေးရွာ မူလတန်းလွန်ကျောင်း၏ မျက်နှာစာရှိ လမ်းမြေကိုပင် အလွတ်မပေးဘဲ အဆောက်အအုံများ ဆောက်လုပ်နေပြီး အညစ်အကြေးများ စွန့်ပစ်နေခြင်း များကြောင့် စာသင်ကျောင်းအတွက် အမြင် မသင့်တော်ကြောင်း၊ ယင်းအပြင် ကျေးရွာခံ များနှင့် ကျူးကျော်သူများ အကြား မကြေလည်မှုများ ရှိနေခြင်းကြောင့် ကလေးငယ် များကို စာသင်ကျောင်းသို့ လွှတ်ရန် စိတ်ပူနေရကြောင်း ကျောင်းသားမိဘများက ပြောဆိုကြသည်။
အစိုးရက အဆိုပါအိုးမဲ့၊ အိမ်မဲ့များ အတွက် မြေကွက်များ ချထားပေးမည် ဆိုသည့် သတင်းများသည် ကောလာဟလ များသာဖြစ်ပြီး ၄င်းတို့ကို သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ပြောကြားထားသည်။
"အရေးယူမှာပါ၊ ဒီကိစ္စက ပေါ့ပေါ့ဆဆ လုပ်လို့မရတာကြောင့် သေချာစီစဉ် နေတာကြောင့်ပါ" ဟု ၄င်းက ဆိုသည်။ သို့သော် မည်သည့်အချိန်တွင် အရေးယူမည်ကိုမူ အဆိုပါ ဒုတိယညွှန်ကြားရေးမှူးက ထည့်သွင်း ပြောကြားသွားခြင်း မရှိပေ။
အဆိုပါ ကျူးကျော် ဝင်ရောက်မှုသည် ဥပဒေမဲ့ လုပ်ရပ်သာဖြစ်ပြီး ယင်းပြဿနာကို အရေးယူရန်မှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပါအဝင် ပြည်ထဲရေးဌာနတွင် တာဝန်ရှိကြောင်း၊ ရန်ကုန်မြို့တွင် လုံးဝ နေစရာမရှိသည့် အိုးအိမ်မဲ့ ဆိုသည်မှာ အနည်းငယ်သာ ရှိပြီး သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် အဆိုပါ ပြဿနာကို သေချာစိစစ်ကာ နေစရာ လုံးဝမရှိသည့် သူများအတွက် သင့်တော်သည့် အစီအမံများ လုပ်ဆောင်သင့်ကြောင်း၊ လှိုင်သာယာမြို့နယ်မှ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းက ပြောကြားသည်။
"ဒီဘက်ခေတ်မှာ ဥပဒေတွေ ထွက်နေပြီပဲ။ ဥပဒေ ဖောက်ဖျက်ရင်တော့ သူ့ ဥပဒေအတိုင်းပဲ ခံရမှာပဲ။ တစ်ခုတော့ ရှိတာပေါ့။ ပြည်သူတွေက သူတို့ လိုချင်တာပဲ သိတယ်။ ဥပဒေကို နားမလည်ဘူး။ အရေးယူလိုက် ပြန်ရင်လည်း သူတို့ နစ်နာသွားမှာကိုများ ထောက်ရှုနေလို့လား တော့မသိဘူး" ဟု ၄င်းက ပြောဆိုသည်။
မည်သို့ဆိုစေ ယခုအချိန်ထိတော့ လှိုင်သာယာ၊ တွံတေးသွား ကားလမ်းမကြီး၏ ဘေးဝဲ၊ ယာနှင့် ပန်းလှိုင်မြစ်ကမ်း တစ်လျှောက်တွင် တဲဆောက်ပွဲကြီးမှာ တစစ အားကောင်းလာပြီး “ကျူးမြို့တော်ကြီး” ဖြစ်လာသည်။ ဝါး၊ ထရံ အရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ ဆိုင်ကယ်ကယ်ရီများဖြင့် စည်ကားလာသည်။ ဒေသခံများနှင့် ကျူးကျော်များ အကြား အခြေအနေမှာ တင်းမာနေဆဲ ဖြစ်ပြီး ယင်းအတွက် အဖြေတစ်စုံတစ်ရာ မတွေ့ရသေးပါ။
လမ်းပေါ်ထွက် ဈေးရောင်းမိသဖြင့် တရားစွဲ ခံရသော်လည်း ထိုသို့သော ကျူးကျော်များကို သက်ဆိုင်ရာ အာဏာပိုင်များက လက်ပိုက်ကြည့်နေခြင်း အပေါ် ဒေသခံ ရပ်မိရပ်ဖတစ်ဦး ဖြစ်သူ ဦးလှအောင်က မေးခွန်းထုတ်သည်။
"ဒီလူတွေကျတော့ ဘာလို့ ဒီအတိုင်း ကြည့်နေတာလဲ။ ပြီးတော့ ကျွန်တော်တို့ ရွာမှာလည်း အိမ်ထောင်စုစာရင်း ရှိပြီး သူများအိမ်မှာ ကပ်နေရတဲ့ သူတွေ ရှိနေကြတာပဲ။ အခုလိုသာ နေလို့ရမယ်ဆိုရင် နေခဲ့တာ ကြာပြီပေါ့" ဟု ဦးလှအောင်က ဆိုလေသည်။ 

Written by  အောင်မျိုးထက် 
The Voice Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis