menu

Sunday 26 January 2014

တန်ဖိုးနည်းဖုန်း ပေါက်သူများထံမှ ကျပ် ၄၀၀၀ အုပ်ချုပ်ရေးမှူးတောင်း


တောင်ငူ၊ ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် အင်ဒိုင်းကျေးရွာအုပ်စု အင်ဒိုင်း၊ နှောပင်နှင့် စက်ရုံ နယ်မြေကျေးရွာတို့မှ ၁၅၀၀ ကျပ်တန် တန်ဖိုးနည်းတယ် လီဖုန်းမဲပေါက်သူများထံမှ ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမောင်ပုက လမ်းစရိတ်နှင့် စာရွက်စာတမ်းကြေးကို အကြောင်းပြ၍ တစ်ဦးလျှင် ကျပ် ၄၀၀၀ မှ ၅၀၀၀ အထိ လစဉ် ကောက်ခံခဲ့ကြောင်း အဆိုပါ ကျေးရွာအုပ်စု ဒေသခံအချို့က ပြောကြားသည်။

ယင်းသို့ ငွေကြေး ကောက်ခံမှုကို မေးမြန်းရာတွင် စာရွက်စာတမ်းကြေးနှင့် လမ်းစရိတ်အတွက် ကောက်ခံခြင်းဟု ပြောဆိုကာ တိုင်ချင်သည့် နေရာသို့ တိုင်နိုင်ကြောင်း ခြိမ်းခြောက်ခံရသည်ဟု အဆိုပါ အင်ဒိုင်း ကျေးရွာအုပ်စု စက်ရုံနယ်မြေ ကျေးရွာရှိ ရေတာရှည် သကြားစက်ရုံမှ ဒေါ်ညိုက ပြောကြားသည်။

ယင်းအပြင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ အထောက်အကူပြု ကော်မတီဝင် အချို့သည် ကျေးရွာတွင် နေထိုင်ခြင်း မပြုတော့သူများ၏ နာမည်နှင့် မှတ်ပုံတင် နံပါတ်ကို အလွဲသုံးစားပြု၍ ဖုန်းကတ် ထုတ်ယူမှုများ ရှိခဲ့ကြောင်း၊ လွန်ခဲ့သော တစ်လခန့်က ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်တွင် အလုပ်လုပ်ကိုင်နေသူ အင်ဒိုင်းကျေးရွာမှ ဒေါ်ကြည်ကြည်ဝင်း GSM ဆင်းမ်ကတ် မဲပေါက်ခဲ့သော်လည်း မိခင်အမည် မတူ၍ဟုဆိုကာ ထုတ်မပေးခဲ့ဟု ရေတာရှည် သကြားစက်ရုံ အရာထမ်းတစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်အေးအေးခိုင်က ပြောဆိုသည်။



“ဒီလိုမသမာမှုနဲ့ ပတ်သက်ပြီး ရေတာရှည် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ နေပြည်တော်က ပြည်ထဲရေးဝန်ကြီးအထိ တိုင်ကြားခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းမထူးပါဘူး။ ညီမလေးသာ အချိန်တွေကုန်၊ ငွေတွေကုန်ပြီး ပြန်သွားရပါတယ်” ဟု ၎င်းဆက်လက် ပြောဆိုသည်။

ယင်းကဲ့သို့ ငွေကြေး ကောက်ခံပါသည်ဟု ပြောဆိုနေသော်လည်း မိမိတို့ အုပ်ချုပ်ရေးမှူးများသည် ရပ်ရွာ အထောက်အကူပြု ကော်မတီနှင့် ပူးပေါင်းကာ တန်ဖိုးနည်း ဖုန်းကတ်များကို မဲနှိုက်ပြီး ချထားပေးရာတွင် ဖုန်းဆင်းမ်ကတ် တန်ဖိုး ကျပ် ၁၅၀၀ မှအပ မည်သည့် ငွေကြေးကိုမျှ ကောက်ခံခြင်း မရှိဟု အင်းဒိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမောင်ပုက ငြင်းဆိုခဲ့သည်။

ရေတာရှည်မြို့နယ် အင်ဒိုင်းကျေးရွာ အုပ်စုဖြစ်သော အင်ဒိုင်း၊ နှောပင်၊ စက်ရုံ နယ်မြေ ကျေးရွာများတွင် လွန်ခဲ့သော ရှစ်လခန့်မှစတင်ကာ တန်ဖိုးနည်း တယ်လီဖုန်း အရေအတွက် ၃၀၇ လုံးခန့် ချထားပေးခဲ့ရာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူနှင့် ကျေးရွာ အထောက်အကူပြု ကော်မတီ အဖွဲ့ဝင် မိသားစုများက အမည်အမျိုးမျိုး အသုံးပြုကာ ထုတ်ယူခဲ့ကြသည်ဟု အဆိုပါ အင်ဒိုင်းကျေးရွာ ဒေသခံအချို့ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis