menu

Tuesday 28 January 2014

Sky Net၊ Forever ရုပ်သံမီဒီယာများအပြင် FM ကုမ္ပဏီများနှင့် ပြန်ကြားရေးတို့ ချုပ်ဆိုထားသည့် တစ်ဖက်သတ်ဆန်သော စာချုပ်များအား ရပ်ဆိုင်းပြီး ပွင့်လင်းစွာချပြပြင်ဆင်ရန် အများပြည်သူလိုလား

Photo: Sky Net၊ Forever ရုပ်သံမီဒီယာများအပြင် FM ကုမ္ပဏီများနှင့် ပြန်ကြားရေးတို့ ချုပ်ဆိုထားသည့် တစ်ဖက်သတ်ဆန်သော စာချုပ်များအား ရပ်ဆိုင်းပြီး ပွင့်လင်းစွာချပြပြင်ဆင်ရန် အများပြည်သူလိုလား

သတင်းဆောင်းပါး

ပုဂ္ဂလိက ရုပ်သံမီဒီယာများဖြစ်သော Sky Net ၊ Forever ၊ ရေဒီယိုထုတ်လွှင့်ခွင့် ရရှိထားသော FM ကုမ္ပဏီများနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့အကြား ချုပ်ဆိုထားသည့် လုပ်ငန်းရှင် ကောင်းစားရေးကို ဦးတည်ထားသော တစ်ဖက်သတ်ဆန်သည့် စာချုပ်များကို ရပ်ဆိုင်းပြီး ပွင့်လင်းစွာချပြပြင်ဆင်ရန် ပြည်သူအများက လိုလားလျက်ရှိနေသည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကရုပ်သံလိုင်းနှစ်ခုဖြစ်သော Sky Net နှင့် Forever ၊ ပြန်ကြားရေးနှင့် FM လိုင်းရှစ်ခုဖြစ်သော မြို့တော် FM၊ မန္တလေး FM၊ ချယ် ရီ FM၊ ရွှေ FM၊ ပဉ္စ၀တီ FM၊ ပတ္တမြား FM၊ ပုဂံ FM၊ သဇင် FM တို့အကြား စာချုပ်များချုပ်ဆိုကာ ပုဂ္ဂလိကသို့ အကျိုးတူလုပ်ကိုင်ခွင့် ပြုထားခြင်းဖြစ်သည်။

ရပ်ဆိုင်းပြင်ဆင်ချုပ်ဆိုသင့်သည်ဆိုရာတွင် အထူးသဖြင့် Sky Net မှ အကျိုးအမြတ် ၉၆ ရာခိုင်နှုန်း၊ နိုင်ငံတော်မှ လေးရာခိုင်နှုန်းသာ စတင်ရရှိမည့် တစ်ဖက်သတ်ဆန်သည်ဟု ယူဆစရာရှိသော စာချုပ်မျိုးကို ပြန်လည်ပြင်ဆင်ချုပ်ဆိုရန် ဆန္ဒရှိနေကြခြင်းဖြစ်သည်။

လက်ရှိ ပြန်ကြားရေးနှင့် Sky Net တို့ချုပ်ဆိုထားသည့် စာချုပ်ပါ အကျိုးအမြတ်ခွဲဝေမှုအချိုး ထွက်ပေါ်လာသည်နှင့် Facebook လူမှုကွန်ရက်တွင်လည်းကောင်း၊ အများပြည်သူကြားတွင်လည်းကောင်း မျှတမှုမရှိ၊ တစ်ဖက်စောင်းနင်း ချုပ်ဆိုထားသည့် စာချုပ်အဖြစ် သုံးသပ်ကာ ပြင်ဆင်ရန် လိုလားနေကြခြင်းလည်းဖြစ်သည်။

အများပြည်သူသို့ တစ်စုံတစ်ရာ ချပြအသိပေးခြင်းမရှိဘဲ ချုပ်ဆိုချထားပေးခဲ့ခြင်းကြောင့် နိုင်ငံတော်မှ များစွာနစ်နာရသည့် စာချုပ်များရှိနေသည်ဆိုခြင်းကို ယခုရွှေသံလွင်မီဒီယာ (Sky Net) နှင့် ပြန်ကြားရေးတို့ ချုပ်ဆိုထားသည့် စာချုပ်ပါ အကျိုးအမြတ်ခွဲဝေမှုက သက်သေအဖြစ် ရှိနေသည်။

ထိုသို့ဆိုလျှင် FM ကုမ္ပဏီတို့ကိုလည်း ရွှေသံလွင်မီဒီယာ(Sky Net) ဖြင့်ချုပ်ဆိုသည့် စာချုပ်ကဲ့သို့ပင် အခွန်အခကင်းလွတ်ခွင့် အများအပြား၊ အကျိုးအမြတ်ခွဲဝေရာတွင်လည်း ကုမ္ပဏီများသာ ကောင်းစားစေသည့်အချိုးဖြင့် ချုပ်ဆိုမထားဟု ပြော၍မရနိုင်သည့် အနေအထားဖြစ်သည်ဟု သုံးသပ်ကြသည်။

FM တည်ထောင်ထားသည့် ကုမ္ပဏီအသိုင်းအ၀ိုင်း၏ ပြောကြားချက်အရ ၎င်းတို့သည်လည်း အခွန်ကင်းလွတ်ခွင့် သုံးနှစ်အထိရရှိထားပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ပေးသွင်းခိုင်းသည့် လစဉ်ကြေးကိုသာ ပေးသွင်းကြရသည်ဟု သိရသည်။

လစဉ်ကြေးဟုဆိုရာတွင်လည်း တစ်လလျှင် ကျပ်သိန်း ၃၀၊ ၄၀ ခန့်သာ ပေးသွင်းကြရခြင်း ဖြစ်ကြောင်း၊ ထုတ်လွှင့်ရလွယ်ကူပြီး နယ်ပယ်ကောင်းသည့် အ၀န်းအ၀ိုင်းတွင် ထုတ်လုပ်ခွင့်ရသည့် FM လိုင်းတစ်လိုင်း၏၀င်ငွေမှာ တစ်လလျှင် ကျပ်သိန်း ၁၂၀၀ မှ ကျပ်သိန်း ၂၀၀၀ ကျော်အထိ၊ တစ်နှစ်လျှင် ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော်မှ ၂၀၀၀၀ ကျော်အထိ ၀င်ငွေရရှိနေကြောင်း သိရသည်။

FM လိုင်းရှစ်ခုဖြင့် စာချုပ်သည်ဆိုသော်လည်း လိုင်းချပေးရာတွင်မူ တစ်ကျောင်းတစ်ဂါထာ လုပ်ခြင်းများရှိပြီး အဆင်ပြေသည့် ကုမ္ပဏီများကို ရေဒီယိုအပါအ၀င် မည်သည့်aနရာမှမဆို အလွယ်တကူ ဖမ်းယူနိုင်မည့်လိုင်းများ ဦးစားပေးချထားပေးပြီး အခြားကုမ္ပဏီများကိုမူ အလွယ်တကူ ဖမ်းယူနားဆင်ရန် ခက်ခဲသည့်လိုင်းများကို ချထားပေးjခင်းများလည်း ရှိသည်ဟု သိရသည်။

သို့သော် လစဉ်ကြေးပေးသွင်းရာတွင်မူ ခက်ခဲသည့် လိုင်းများရရှိထားသော ကုမ္ပဏီများကသာ အများဆုံးပေးသွင်းသည့် စာရင်းထိပ်ပိုင်းတွင် ပါဝင်နေပြီး ဈေးကွက်ကောင်းသည့် လိုင်းရထားသည့် ကုမ္ပဏီအချို့မှာမူ အနည်းငယ်သာ ပေးသွင်းခြင်းမျိုးရှိသည်ဟု FM အသိုင်းအ၀ိုင်းက ထောက်ပြကြသည်။

ထို့အတွက်လည်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရုပ်သံမီဒီယာများအကြား ချုပ်ဆိုထားသည့် စာချုပ်များအား ဥပဒေနှင့်ညီမညီ၊ နိုင်ငံတော်နှင့် ပုဂ္ဂလိကအကျိုးအမြတ်ခွဲဝေမှု မျှတမှု ရှိ မရှိ အများပြည်သူသို့ချပြပြီး တစ်ဖက်စောင်းနင်းဖြစ်နေသည့် စာချုပ်များကို ပြန်လည်ပြင်ဆင်ရန် လိုလားခြင်းဟု ဝေဖန်သုံးသပ်နေကြခြင်းဖြစ်သည်။

ဥပဒေနှင့်ညီမညီဆိုရာတွင် ဥပမာအားဖြင့် Sky Net သို့ အခွန်ကင်းလွတ်ခွင့် သုံးနှစ်ပေးထားခြင်းသည် ဘဏ္ဍာရေးဝန်ကြီးဌာနမှ လက်ရှိတည်ဆဲ အခွန်ဥပဒေနှင့်အညီ အခွန်ကင်းလွတ်ပေးကြောင်း အမိန့်ကြေညာစာ ထုတ်ပြန်ပြီးမှ ဥပဒေနှင့်အညီ ပေးခြင်း ဟုတ် မဟုတ်ကို ဆိုလိုခြင်းဖြစ်သည်။

ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ ၀င်ငွေခွန် ဥပဒေတို့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အခွန်ကင်းလွတ်ခွင့်ပေးသည့် အမိန့်ကြေညာစာထုတ်ပြန်ပြီး ကင်းလွတ်ခွင့်ပေးရန် ပြဋ္ဌာန်းထားသည်။

ထို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်အရ ချုပ်ဆိုထားသည့် စာချုပ်များဟုဆိုသော်လည်း အကယ်၍ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကင်းလွတ်ခွင့်ပေးသည့် အမိန့်ကြေညာစာများ ထုတ်ပြန်ပြီးမှ ပေးခြင်းမဟုတ်လျှင် စာချုပ်ချုပ်ဆိုမှုကို သဘောတူသည့် အစိုးရအဖွဲ့၊ စာချုပ်ချုပ်ဆိုရာတွင် ပါဝင်သည့် ၀န်ကြီးဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီတို့သည် တည်ဆဲဥပဒေကို ချိုးဖောက်ရာရောက်သည်ဟု အခွန်ဥပဒေ ကျွမ်းကျင်သူများက ဆိုသည်။

အကယ်၍ ချိုးဖောက်ကာ ပေးအပ်ထားသည်ဆိုပါက ကင်းလွတ်ခွင့်ပြုထားသည့် ကာလများအားလုံးကို ပြန်လည်အခွန်ကောက်ခံရမည်ဟုလည်း ဆက်လက်သုံးသပ်ခဲ့ကြသည်။

ပြန်ကြားရေးဝန်ကြီးဌာနတစ်ခုတည်း မဟုတ်ဘဲ ကျန်ရှိသောဝန်ကြီးဌာနများတွင်လည်း ထိုကဲ့သို့ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အကျိုးအမြတ်မရဘဲ ပုဂ္ဂလိကကောင်းစားရေး ဦးတည်ထားသည့် စာချုပ်များကို အများပြည်သူသို့ချပြကာ ပြန်လည်ပြင်ဆင်ခြင်း၊ ရပ်ဆိုင်းခြင်းပြုလုပ်ပေးရန် ပြည်သူများက ဆန္ဒရှိနေကြသည်။

(ရန်ကုန်မြို့၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းအတွင်းရှိ Sky Net ရုပ်သံအဆောက်အအုံတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်))

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis