menu

Tuesday 28 January 2014

အမ်းတွင် တရုတ်-မြန်မာ ရုန်းရင်းဆန်ခတ် ဖြစ်၍ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ကြားစခန်း မီးရှို့ခံရ

ရန်ကုန်၊ ဇန်နဝါရီ ၂၇

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ ရခိုင်ပြည်နယ် အမ်းမြို့နယ် အတွင်းရှိ စီမံကိန်း ကြားစခန်း တစ်ခုတွင် ဇန်နဝါရီလ ၂၇ ရက်နေ့က တရုတ်လူမျိုး များနှင့် မြန်မာများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာမှ အဆိုပါ ကြားစခန်း မီးရှို့ခံခဲ့ရကြောင်း အဆိုပါမြို့နယ် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်သွယ်သွယ်စိုးက ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိရာ အမ်းမြို့နှင့် ၂၂ မိုင်ခန့် ဝေးကွာသည့် အမ်းတောင်ကျေးရွာ အုပ်စု အနီးတွင် ရှိသည့် ဓာတ်ငွေ့ပိုက်လိုင်း ကြားစခန်း ဝန်ထမ်းများ နားနေဆောင် အပေါ်ထပ်တွင် တရုတ် လုပ်သားများ နေထိုင်ပြီး အောက်ထပ်တွင် မြန်မာများ နေထိုင်ကြောင်း၊ တရုတ်များက အပေါ်ထပ်မှ နေ၍ မြန်မာလုပ်သားများကို ရေဖြင့် ပက်ရာမှ စတင်ကာ အချင်းများခဲ့ကြရာ မြန်မာများက တရုတ်များကို တောင်းပန် ခိုင်းခဲ့သော်လည်း တောင်းပန်ခြင်း မရှိ၍ မီးရှို့၊ ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။

“တရုတ်တွေက အနိုင်ကျင့်တာ များပြီလို့ ဆိုတယ်။ အရင်ကလည်း အပေါ်ကနေ အန်ချတာတွေ ရှိတယ်လို့ ပြောတယ်” ဟု လုပ်သားများ ပြောဆိုချက်ကို ကိုးကားကာ ဒေါ်သွယ်သွယ်စိုးက ပြန်လည် ပြောဆိုသည်။



ရေဖြင့် ပက်သူက ဝန်ခံ တောင်းပန်ပေးရန် မြန်မာလုပ်သား ၃၀ ခန့်က စကားပြန်မှ တစ်ဆင့် တရုတ်များကို တောင်းဆိုခဲ့သော်လည်း တရုတ်များက တောင်းပန်ခြင်း မရှိဘဲ ထွက်ပြေး သွားခဲ့ကြောင်း၊ မြန်မာလုပ်သား များက အဆိုပါ ကိစ္စကို မကျေနပ်၍ ဆီးဘူးများကို မီးရှို့ရာမှ လုပ်သားများ နားနေသည့် နှစ်ထပ်ဆောင်နှင့် ဆီးဘူးများ မီးလောင်သွားခဲ့ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်များကို စုံစမ်း စစ်ဆေးရန် ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူးလည်း အမ်းမြို့နယ်သို့ ရောက်ရှိနေပြီး မီးရှို့မှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သည်ဟုဆိုကာ မြန်မာလုပ်သား ၁၄ ဦးကို ဖမ်းဆီးထား ကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ပြောဆိုချက်ကို ကိုးကားကာ ဒေါ်သွယ်သွယ်စိုးက The Voice သို့ ပြန်လည် ပြောဆိုသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ အမ်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းတို့ကို တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ပြန်လည် ဖြေဆိုခြင်း မရှိခဲ့ပေ။

အလားတူ အဆိုပါ ပိုက်လိုင်း စီမံကိန်းကို အကောင်အထည်ဖော်နေသည့် SEAGP (South East Asia Gas Pipeline) နှင့် SEAOP (South East Asia Oil Pipeline) တို့ထံ ဆက်သွယ် မေးမြန်းခဲ့ရာ ဖုန်းပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပေ။

CNPC (China National Petroleum Corporation) က အကောင်အထည်ဖော်သည့် မြန်မာ - တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းသည် နိုင်ငံ လေးနိုင်ငံမှ ကုမ္ပဏီ ခြောက်ခုက ရင်းနှီး မြှုပ်နှံငွေဖြင့် SEAGP နှင့် SEAOP ဖက်စပ် ကုမ္ပဏီကို တည်ထောင်ကာ ဆောက်လုပ်သည့် စီမံကိန်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၂၅၀၀ အကုန်ကျခံ၍ ၂၀၀၉ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis