menu

Tuesday 28 January 2014

ကျောက်ဖြူ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်ရာတွင် နိုင်ငံတကာစံနှုန်းများနှင့် မကိုက်ညီသဖြင့် ပိုက်များကွဲထွက်ခြင်း၊ မြေပြိုကျနိမ့်ဆင်းခြင်း၊ မြေကြီးကွဲအက်ခြင်းတို့ ဖြစ်ပေါ် နေကြောင်း လွှတ်တော်ကိုယ်စားလှယ် တင်ပြ


ကျောက်ဖြူ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်ရာတွင် နိုင်ငံတကာစံနှုန်းများနှင့် မကိုက်ညီသဖြင့် ပိုက်များကွဲထွက်ခြင်း၊ မြေပြိုကျနိမ့်ဆင်းခြင်း၊ မြေကြီးကွဲအက်ခြင်းတို့ ဖြစ်ပေါ်နေကြောင်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ဇန်န၀ါရီ ၂၇ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့သည်။

"သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများ၊ ခြံမြေ၊ လယ်မြေ၊ သစ်တောများနှင့် ပြည်သူများဘေး အန္တရာယ်ကင်းဝေးစေရေး လုံခြုံမှုအကာအကွယ်ပေးရန် အစီအစဉ် ရှိ မရှိ" မေးခွန်းကို မေးမြန်းရာတွင် ဦးထွန်းအောင်ကျော်က ထိုသို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဦးထွန်းအောင်ကျော်က ဆွေးနွေးရာတွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းဖောက်လုပ်ရာတွင် ပညာရှင်များ၏ သုံးသပ်ချက်အရ ပိုက်လိုင်းထည့်သွင်းမည့် မြေအနက်သည် ၁၅ ပေအနက်ရှိရမည်ဖြစ်ပြီး အသုံးပြုသဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ အထူမှာ သုံးလက်မ ရှိရမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ပြည်သူများ၏ ပြောကြားချက်အရ မြေအနက်မှာငါးပေမှ ခြောက်ပေခန့်သာ အနက်ရှိပြီး အထူမှာလည်း ၁ ဒသမ ၅ လက်မ အထူသာရှိသည်ဟု သိရကြောင်း၊

၂၀၁၃ ခုနှစ် မေလတွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၏ ခိုင်ခံ့မှုနှင့် ခံနိုင်ရည်အားကို ရေဖြင့်ဖိအားပေးစမ်းသပ်သည့်အခါ ပိုက်များ ကျိုးပဲ့အက်ကွဲထွက်ပြီး ကွဲအက်သည့်နေရာမှ ထွက်လာသည့် ရေလုံးအရှိန်ကြောင့် အတန်အသင့် သစ်ပင်ငယ်များ ကျိုးပဲ့လွင့်စဉ်ကြောင်း၊ အမ်းလမ်းရှိ ကြက်ရေစမ်းနှင့် ပဒါန်းလမ်းကြား လေးနေရာတွင် ကွဲအက်မှုအခြေအနေ အလွန်ဆိုးရွားကြောင်း၊ ပိုက်လိုင်းဖောက်လုပ်မှုတွင် ပိုက်လိုင်းထည့်သွင်းမြှုပ်နှံမှု၊ ချိတ်ဆက်မှု၊ မြေဖို့မှု၊ မြေသိပ်မှုများ၊ နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက်များနှင့် မကိုက်ညီသဖြင့် မိုးသည်းထန်စွာ ရွာသွန်းသည်နှင့် မြေများပြိုကျနိမ့်ဆင်းခြင်း၊ လမ်းများ ပိတ်ဆို့ခြင်း၊ မြေကြီးကွဲအက်မှု ဖြစ်ပေါ်ခြင်းတို့ကြောင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများ၊ ခြံမြေ၊ လယ်မြေ၊ သစ်တောများနှင့် ပြည်သူများ ဘေးအန္တရာယ် ကင်းဝေးစေရေး သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာစံနှုန်းများနှင့် စစ်ဆေး၍ လုံခြုံမှုအကာအကွယ်ပေးရန် အစီအစဉ် ရှိ မရှိ သိလိုကြောင်း တင်ပြခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်ရှိ သဘာဝဓာတ်ငွေ့တွင်းမှ ရရှိသော သဘာဝဓာတ်ငွေ့အား ကျောက်ဖြူမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အားဖြတ်၍ သွယ်တန်းဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတင်ပြချက်နှင့်ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပိုက်လိုင်းအတွင်း ရေဖြည့်၍ ဖိအားစမ်းသပ်ပြီးနောက် ပိုက်လိုင်းအတွင်းမှ ရေများကို Valves များဖွင့်၍ ဟာထုတ်စဉ် ကျန်ရှိနေသည့် ဖိအားအရှိန်ကြောင့် မြက်ပင်နှင့် အချို့အပင်ငယ်များ ယိမ်းယိုင်သွားမှုသာ ဖြစ်ပါကြောင်း တင်ပြခဲ့သည်။

ဆက်လက်၍ ကျောက်ဖြူ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဓာတ်ငွေ့ယိုစိမ့်မှုကို စောင့်ကြည့်လျက်ရှိပြီး အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ဆိုသည်။

ဦးအောင်ထူးက ပြောကြားရာတွင် "တစ်စုံတစ်ရာသော သက်ရောက်မှုတစ်ခုခုကြောင့် ပိုက်လိုင်းကျိုးပေါက်ပြီး သဘာဝဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပါက အမြန်ဆုံးပြုပြင်နိုင်ရန် ခေတ်မီစောင့်ကြည့်ထိန်းချုပ်ခြင်း နည်းပညာ (SCADA) စနစ်ဖြင့် စောင့်ကြည့်ထိန်းချုပ်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ အရေးပေါ်အခြေအနေတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုတို့အတွက် လိုအပ်သော ပစ္စည်းကိရိယာ အထောက်အပံ့များပေးရန် စီမံထားရှိခြင်း၊ အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီး သင်တန်းပေးခြင်း၊ အရေးပေါ် ရန်ပုံငွေတစ်ရပ် ထူထောင်ထားရှိခြင်း၊ ဒေသန္တရဆေးရုံများနှင့် ချိတ်ဆက်၍ အရေးပေါ်ဆေးဝါးကုသမှုများ စီစဉ်ထားရှိကြောင်း ပြောကြားခဲ့သည်

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis