menu

Tuesday 28 January 2014

စည်းကမ်းမဲ့ယာဉ် များကို ရပ်ကွက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ မှတ်သား ဖမ်းဆီးမည်

Photo: စည်းကမ်းမဲ့ယာဉ် များကို ရပ်ကွက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ မှတ်သား ဖမ်းဆီးမည်
 
ရန်ကုန်၊ ဇန်နဝါရီ ၂၇
 
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စည်းကမ်းမဲ့ မော်တော်ယာဉ်များကို မှတ်သား ဖမ်းဆီးရန် မြို့နယ်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို မှတ်သား ဖမ်းဆီးမှု ချလန်စာအုပ်များ ပေးအပ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။
 
ယခု အစီအစဉ်မှာ ယခင်ကတည်းက ရှိပြီး ဖြစ်သော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို လုပ်ပိုင်ခွင့် ပေး၍ အင်အား ထပ်မံဖြည့်တင်းခြင်းပင် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ဒုတိယ ညွန်ကြားရေးမှူး ဦးအောင်ကျော်စိုးက The Voice သို့ ပြောကြားသည်။
 
ယာဉ်မှတ်သား ဖမ်းဆီး စာအုပ်များကို ဇန်နဝါရီလ ၂၅ ရက်နေ့က ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး နှစ်ရက်အတွင်း ယာဉ်သုံးစီး ဖမ်းဆီးခဲ့ပြီး ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ်  (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်က ပြောဆိုသည်။
 
“ပညာပေးကာလ ဖြစ်တဲ့အတွက် တော်တော် လွန်လွန်ကျူးကျူး စည်းကမ်းဖောက်တဲ့ ကားတွေကိုပဲ ဖမ်းပါတယ်။ ဒီလို ဖမ်းဆီးနေတာ ယာဉ်မောင်းအားလုံး သိလောက်တဲ့ အချိန်ကျရင် စည်းကမ်းမဲ့ ကားတွေ အကုန်ဖမ်းမှာ။ လောလောဆယ်တော့ အသံအရမ်းကျယ်တဲ့ လေဟွန်းတီးတဲ့ လိုင်းကား သုံးစီးကို မှတ်သား ဖမ်းဆီးထားပါတယ်” ဟု ၎င်းက ဆိုသည်။
 
ယင်းကဲ့သို့ မှတ်သား ဖမ်းဆီးရာတွင် ဖမ်းဆီးသည့် နေ့ရက်၊ အချိန်၊ နေရာ၊ ယာဉ်အမှတ်၊ အမျိုးအစား၊ အရောင်၊ ပြစ်မှု ကျူးလွန်ပုံ၊ ဖမ်းဆီးသူ၏ ရာထူးနှင့် အမည်ကို ပူးတွဲဖော်ပြရန် လိုအပ်ပြီး ပြစ်မှု ကျူးလွန်နေသည့် ယာဉ်၏ ဓာတ်ပုံကိုပါ ပူးတွဲ တင်ပြရမည် ဖြစ်ကြောင်း ဒုတိယ ရဲမှူးကြီးလင်းထွဋ်က ရှင်းပြသည်။
 
“ပြစ်မှုအားလုံးရဲ့ ဒဏ်ငွေကတော့ (ကျပ်) ၁၅၀၀ ပါ။ လှုပ်ရှားနေတဲ့ ကားတွေက လွဲလို့ ကျန်တဲ့ မှတ်သား ဖမ်းဆီးယာဉ် အားလုံးကို အနည်းဆုံး ကားနံပါတ်ပါ မြင်နိုင်တဲ့ ဓာတ်ပုံတော့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။
 
ယခင်က ချမှတ်ထားသည့် ဒဏ်ငွေ ကျပ်သောင်းဂဏန်း စီမံချက်အမိန့်များက ဖျက်သိမ်းပြီးနောက်ပိုင်း ပြစ်ဒဏ်အားလုံးကို ဒဏ်ငွေ ကျပ် ၁၅၀၀ သာ ပေးဆောင်ရသည့်အတွက်  အချို့ယာဉ်များက ဥပဒေကို မထီမဲ့မြင် ပြုပြင်၍ ပြောင်ပြောင်တင်းတင်း စည်းကမ်း ချိုးဖောက်မှုများ ရှိလာသည့် အတွက် လိုအပ်ပါက ဒဏ်ငွေအပြင် ယာဉ်မောင်း လိုင်စင်ကိုပါ ကာလအပိုင်းအခြား တစ်ခုအထိ ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲမှူးရုံးက ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis